ထိုင်း တရားရုံးချုပ်က ထိုင်းဝန်ကြီးချုပ်၏ ပါတီကို ဖျက်သိမ်း

E-mail Print
ထိုင်းနိုင်ငံ တရားရုံးချုပ်က လက်ရှိ ထိုင်းဝန်ကြီးချုပ်၏ ပြည်သူ့စွမ်းအား (ပီပီပီ) ပါတီ အပါအဝင် ပါတီသုံးခုကို ဖျက်သိမ်းလိုက်ပြီး ဝန်းကြီးချုပ် ဆုံချိုင်းဝမ်စဝတ်နှင့် ၎င်းပါတီ၏ ခေါင်းဆောင်များကို နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင်လိုက်ကြောင်း ယခု မွန်းလွဲပိုင်းတွင် စီရင်ချက်ချမှတ်လိုက်သည်။

ပီပီပီ ပါတီနှင့်အတူ အရေးယူခံရသော ပါတီ ၂ ခုမှာ မတ်ချီမတ်ထီပတ္တရားနှင့် ချာ့ထိုင်း ပါတီတို့ ဖြစ်ကြပြီး မတ်ချီမတ်ထီပတ္တရားပါတီ ခေါင်းဆောင် စီလာပါအာချာ နှင့် ချာ့ထိုင်း ခေါင်းဆောင် အနွန်ဝမ် သပ်ဆုထင် အပါအဝင် ၎င်းပါတီ ၂ ခုစလုံးမှ အမှုဆောင် အရာရှိများ ကိုလည်း နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

လက်ရှိထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူ့ ဒီမိုကရေစီမဟာမိတ်အဖွဲ့(ပီအေဒီ) ပါတီဝင်များက ဘန်ကောက်မြို့ရှိ ဒွန်မောင်း လေဆိပ်နှင့် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စီးနင်း ဆန္ဒပြ ခဲ့သည့်အတွက် ယင်းလေဆိပ်များ အတွင်း ဆင်းသက်ပြီးသော လေယာဉ်များတွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် သိန်းဂဏန်းနှင့် ချီ၍ ပိတ်မိကာ ဒုက္ခ ရောက်ခဲ့ရသည်။ ထိုကဲ့သို့ ပိတ်မိနေသူများထဲတွင် မြန်မာခရီးသည်များ အများအပြား ပါဝင်သည်ဟု သိရသည်။

တချို့လေယာဉ်များမှာ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဘန်ကောက်ကို ဆင်းသက်ရမည်ဖြစ်သော်လည်း ဆင်းသက်၍ မရနိုင်တော့သောကြောင့် ချင်းမိုင်လေဆိပ်တွင် ဆင်းသက်ခဲ့ကြရသည်။ ဘန်ကောက် လေဆိပ်အစား ချင်းမိုင်လေဆိပ်တွင် ဆင်းသက်ခဲ့ရသော လေယာဉ်တစီးတွင် မြန်မာပြည်မှ အိုင်စီ တေးဂီတဝိုင်း၏ ဒရမ်မာ ကိုခရမ်းလည်း တဦးပါဝင်သည်။

၎င်းသည် လန်ဒန်တွင်ဖျော်ဖြေပွဲအပြီး တီဂျီ လေယာဉ်နှင့် ပြန်လာခဲ့ရာ ဘန်ကောက်မှတဆင့် ရန်ကုန် လေဆိပ်သို့ ဆက်လက် ထွက်ခွာရမည်ဖြစ်သည်။

“အင်မီဂရေးရှင်းက ကျနော့်ပတ်စ်ပို့စ်ကို ယူထားလိုက်ပြီး ချင်းမိုင်မြို့ထဲက လိုးတပ်စ် ဟိုတယ်မှာ နေဖို့ လေကြောင်းလိုင်းက စီစဉ်ပေးထားတယ်” ဟု ၎င်းကပြောပြသည်။

ယာယီဖွင့်လှစ်ထားသော ဥတာပေါင်း လေဆိပ်မှ ထွက်ခွာရန်ဖြစ်နိုင်သော်လည်း ၎င်းနှင့် တခြားခရီးသည် တချို့တို့မှာ ထိုင်းဗီဇာမရှိသောကြောင့် ထိုလေဆိပ်သို့ ကားဖြင့်သွား၍ မရနိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။

ယခုအခါ ကိုခရမ်းအနေနှင့် ရန်ကုန်သို့ တိုက်ရိုက်ပြန်ရန် မဖြစ်နိုင်တော့ဘဲ ချင်းမိုင်မြို့တွင် ၇ ရက်ခန့် စောင့် ဆိုင်းကာ စင်ကာပူသို့ ၃ ရက်နေ့တွင် ဆစ်ခ်အဲ လေကြောင်းလိုင်းဖြင့် ထွက်ခွာရမည် ဖြစ်သည်။

အိုင်စီတေးဂီတဝိုင်းမှာ စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာ ၇ ရက်နေ့၌ ဖျော်ဖြေရန်ရှိသောကြောင့် ကိုခရမ်း အပါအဝင် လန်ဒန်တွင် ကျန်ခဲ့သော ၎င်းဝိုင်းတော်သားများအားလုံး စင်ကာပူသို့ ၃ ရက်နေ့တွင် ရောက်ရှိရန် ချိန်းဆိုထားပြီးဖြစ်သည်။

“လန်ဒန်မှာကျန်ခဲ့တဲ့ ကျနော်တို့ အဖွဲ့သားတွေလည်း ဘန်ကောက်ကနေတဆင့် စင်ကာပူကိုသွားရမှာ။ ခု သူတို့ခရီးစဉ်တွေအားလုံး ဖျက်ရတယ်။ နောက်ဆုံး ဘရူနိုင်းလေကြောင်းလိုင်းတခုပဲ ဝယ်လို့ရတော့လို့ ဘရူနိုင်းကနေ စင်ကာပူကို ပြန်ဝင်ရမယ်” ဟု ကိုခရမ်းက ပြောသည်။

ချင်းမိုင်လေဆိပ်ထဲတွင် ခရီးသည်များဖြင့် စုပုံနေပြီး ထိုင်းနိုင်ငံမှ အမြန်ဆုံးထွက်ခွာနိုင်ရေးအတွက် ကြိုးပမ်းနေ ကြသည်။ အများစုမှာ ချင်းမိုင်မှ စင်ကာပူသို့ ထွက်ခွာရန် ကြိုးစားနေကြပြီး ထိုမှတဆင့် မိမိ သွားလိုရာနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားကြရန် စီစဉ်နေကြသည်။

“ကျနော်တို့က ဘန်ကောက်ကတဆင့် ပါကစ္စတန်ကိုသွားမှာ။ ခု ချင်းမိုင်ကနေ စင်ကာပူကိုသွားရမယ်။ အဲဒီကနေ ပါကစ္စတန်ကိုသွားဖို့ လေယာဉ်မရှိတော့ဘူး။ အဲဒီတော့ လန်ဒန်ကိုပြန်သွားရပါမယ်” ဟု လန်ဒန် မှ ပြန်လာသည့် ပါကစ္စတန်နိုင်ငံသား တဦးကပြောသည်။

၎င်းမှာခွင့်ရက်စေ့နေပြီ ဖြစ်ပြီး ယခုကဲ့သို့ ခရီးစဉ်များ ဖျက်လိုက်ရသောကြောင့် ငွေများစွာ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ၎င်းနှင့်အတူ ဇနီးသည်၊ ညီတဦးနှင့် ကလေးငယ် ၂ ဦးတို့ပါသည်။

ယမန်နေ့ညက ပီအေဒီ ပါတီဝင်များ ဆန္ဒပြရာနေရာ၌ ဗုံးပေါက်ကွဲခဲ့ရာ တဦးသေဆုံးပြီး လူ ၂၄ ဦးထက် မနည်း ဒဏ်ရာရခဲ့ကြောင်း ကြားသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကြားသိရသည်။

ခရီးသွားလုပ်ငန်းဖြင့် စီးပွားဖြစ်ထွန်းသော ထိုင်းနိုင်ငံအနေနှင့် ယခုကဲ့သို့ လေဆိပ်များ ပိတ်ထားရသော ကြောင့် နေ့စဉ် ထိုင်းဘတ်ငွေ ၁. ၆ သန်းဆုံးရှုံးလျှက်ရှိသည်မှာ တပတ်ခန့် ရှိပြီဖြစ်၏။ ထိုင်းနိုင်ငံ တရား ရုံးချုပ်က အမိန့်ချမှတ်လိုက်သောကြောင့် ပီအေဒီပါတီဝင်များ ဖယ်ရှားပေးတော့မည် ဖြစ်သော်လည်း လေဆိပ်များ စတင်လည်ပတ်နိုင်ရန် အချိန်ယူရဦးမည်ဖြစ်သည်ဟု ကြားသိရသည်။

ထိုင်းနိုင်ငံတွင်း ပဋိပက္ခမှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ဆန့်ကျင်သည့် ပီအေဒီအဖွဲ့နှင့် သက်ဆင်ကို လိုလားသည့် ပီပီပီ အဖွဲ့တို့ကြား ဖြစ်ပွားနေခြင်းဖြစ်ပြီး လွန်ခဲ့သည့်မေလကုန်ပိုင်းမှ စတင်ခဲ့ရာ သြဂုတ်လ တွင် အရှိန်မြင့်လာခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းစမတ်ကို ပီအေဒီအဖွဲ့ကဖြုတ်ချနိုင်ခဲ့ပြီး ယခင်အပတ်က အင်္ကျီအဝါဝတ် ပီအေဒီ အဖွဲ့ဝင်များမှာ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ နှင့် ဒွန်မောင်း လေဆိပ်တို့ကို စီးနင်းထား၍ လက်ရှိဝန်ကြီး ချုပ် ဆုံချိုင်းဝမ်စဝတ် ထွက်ပေးမှသာ လေဆိပ်များမှ ပြန်လည်ထွက်ခွာမည်ဟု တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်