HIV/AIDS ဝေဒနာရှင်များ ပြောင်းရွှေ့ရန် အစိုးရသတင်းစာ ဖိအားပေး

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူ အဖွဲ့မှ မဖြူဖြူသင်းနှင့် လူငယ်များ ပြုစုစောင့်ရှောက်နေသည့် HIV/AIDS ဝေဒနာရှင်များကို စစ်အစိုးရ ဖွင့်လှစ်ထားသည့် သာကေတ အထူးကုဆေးရုံသို့ ပြောင်းရွှေ့ရမည်ဟု အစိုးရထုတ် သတင်းစာတွင် ဖော်ပြထားသည်။

DASSK-met-with-patientsယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် HIV/AIDS ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်လျှက်ရှိကြောင်း၊ ယခုကဲ့သို့ လူနာများ စုပေါင်းနေထိုင်ခြင်းသည် ကျန်းမာရေးကို ပိုမိုဆိုးရွားလာနိုင်ကြောင်း၊ အဆုတ်ရောဂါရှိသူ ၃၀ ခန့်ရှိနေ၍ ပတ်ဝန်းကျင်သို့လည်း ကူးစက်နိုင်သည့်အတွက် အစိုးရ အထူးကုဆေးရုံ (သာကေတ) သို့ ပြောင်းရွှေ့ပေးရန် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောဆိုထားကြောင်း ရေးသားထားသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဂေဟာသို့ သွားရောက်လည်ပတ်ကာ ဝေဒနာရှင်များကို တွေ့ဆုံအားပေးပြီး နောက်ပိုင်းတွင် အာဏာပိုင်များက ရွှေ့ပြောင်းရန် ဖိအားပေးခြင်း ဖြစ်သည်။

မဖြူဖြူသင်းက “သတင်းစာထဲမှာ ရပ်ကွက်ကပဲ မကျေနပ်တဲ့ အရေးအသားမျိုးရေး ထားတယ်” ဟု ဆိုသည်။

အစိုးရ သတင်းစာတွင် ဖော်ပြသကဲ့သို့ စောင့်ရှောက်ရေး ဂေဟာတွင် လူနာများအနေဖြင့် ရောဂါပိုမိုဆိုးလာခြင်း မရှိကြောင်း၊ ဂေဟာမှတဆင့် ကူးစက်မှုမျိုးလည်း မရှိကြောင်း၊ ရောဂါနှင့်ပတ်သက်သည့် အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများပါ စောင့်ရှောက်ရေး ဂေဟာတွင် ထားရှိကြောင်း မဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက HIV/AIDS ရောဂါ ကုသရေးလုပ်ငန်းများကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်တွင် ဝေဘာဂီ အထူးကု ဆေးရုံ၊ မင်္ဂလာဒုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် အထူးကုဆေးရုံတရုံစီ ဖွင့်လှစ်ထားသည့်အပြင် တခြားသော ဆေးရုံပေါင်း ၃၀ ဖွင့်လှစ်ထားကြောင်း၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO) ၁၁ ဖွဲ့၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (INGO) အဖွဲ့ ၂၁ ဖွဲ့တို့ကိုလည်း လူနာများအား ပြုစုစောင့်ရှောက်ခွင့် ပေးထားကြောင်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

NGO အဖွဲ့အစည်းဖြစ်ပါက ပြည်ထဲရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် အထူးကု ဆရာဝန်ကြီးများ လမ်းညွှန်ကုသမှုဖြင့် ကိုက်ညီရမည့်အပြင် လစဉ်အစီရင်ခံစာကိုလည်း တင်ပြရမည်ဟု ပါရှိသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် နိုင်ငံတကာ AIDS တိုက်ဖျက်ရေးအသင်း (International AIDS Society – IAS) က ဝေဒနာရှင်များအား စစ်အစိုးရ၏ အဓမ္မ ပြောင်းရွှေ့ခိုင်းမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ပြန်လည်သုံးသပ်ရန် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

IAS ဥက္ကဋ္ဌ မစ္စတာ အယ်လီ ကတ်တာဘီရာက “ဒီဆေးခန်းလေးဟာ အပစ်ပယ်ခံ လူနာတွေကို အလကားကုသပေးဖို့ တည်ထောင်ထားတယ်ဆိုတာ လူတိုင်းသိပါတယ်” ဟု ဆိုသည်။

လူနာများအနေဖြင့် မိမိတို့ နှစ်သက်ရာ၊ ဆန္ဒရှိရာ နေရာတွင် လွတ်လပ်စွာ ဆေးကုသမှု ခံယူသင့်ကြောင်း၊ အစိုးရအနေဖြင့် ဤဂေဟာကို ဆက်လက် ဖွင့်ခွင့်ပြုသင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

NLD လူမှုအထောက်အကူပြု အဖွဲ့သည် ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးလုပ်ငန်းကို ၂၀၀၃ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်း ဂေဟာ ၃ ခု ဖွင့်လှစ်ထားကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) စောင်ရှောက်ရေး ဂေဟာတွင် နေထိုင်သူ ၈၀ ကျော်ရှိပြီး ဝေဒနာရှင်များမှာ မြန်မာပြည်အရပ်ရပ်မှဖြစ်ပြီး ကျောက်ပန်းတောင်း၊ အောင်လံ၊ တောင်တွင်းကြီး စသည့် မြို့နယ်များမှ အများဆုံး ဖြစ်ကြကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်