နိုင်ငံရေးပါတီများ ရေရှည်အတွက် စီးပွားရေးလုပ်ငန်း တည်ထောင်

E-mail Print
ရွေးကောက်ပွဲ၌ အနိုင်ရထားသော နိုင်ငံရေးပါတီတချို့သည် ပါတီ ရေရှည် ရပ်တည်နိုင်ရေးအတွက် စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများ တည်ထောင် လုပ်ကိုင်နေကြကြောင်း သိရသည်။

“ကျနော်တို့ ကုမ္ပဏီကနေ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်း အဓိကလုပ်ပါတယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။

ကုမ္ပဏီ၏ အမည်အား သီရိဝစ္စ ဟု သတ်မှတ်ထားပြီး ၂၀၁၁ ဇန်န၀ါရီလ ထဲတွင် အစုရှယ်ယာများ ရောင်းချရန် ရည်ရွယ်ထား ကြောင်း၊ အထက်ပါ လုပ်ငန်းများအပြင် စုစုပေါင်း စီးပွားရေးလုပ်ငန်း အမျိုးအစား ၆ ခုခန့် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရရှိတဲ့ အကျိုးအမြတ်တွေကို ပါတီအတွက်ပဲ မဟုတ်ဘဲ ပညာရေးကိစ္စတွေ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာပါ သုံးသွားမှာပါ” ဟုလည်း ဒေါက်တာအေးမောင်က ဆိုသည်။

RNDP ပါတီသည် ကိုယ်စားလှယ် ၄၄ ဦး ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ၃၅ ဦး အနိုင်ရရှိ ခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ ကလည်း ကျားဖြူ အမည်ဖြင့် ကုမ္ပဏီတခု တည်ထောင်၍ ပါတီ၏ ရပ်တည်မှုကို ဆောင်ရွက်သွားရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံ၌ ဆုံးဖြတ်ခဲ့ကြ
ကြောင်း အဆိုပါ ပါတီ၏ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

၎င်းတို့ပါတီသည် ဒေသထွက်ကုန်ပစ္စည်းများကို အဓိကထားကုန်သွယ်၍ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များအား မကြာခင် အကောင်အထည်ဖော်၍ အစုရှယ်ယာများ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

“ပါတီ ညီလာခံက နိုင်ငံရေးထက် စီးပွားရေးအကြောင်းကိုပဲ ဆွေးနွေးကြတာပါ။ နိုင်ငံရေး ကိစ္စကိုတော့ လွှတ်တော်ထဲရောက်
မှပဲ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု ပါတီ၏ ပြောခွင့်ရသူ တဦးက ဆိုသည်။

ပါတီညီလာခံအား တောင်ကြီးမြို့၌ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ လုပ်ဆောင်ခဲ့ပြီး နောက်ရက်များ၌ ဗဟိုကော်မတီ ဝင်များက ရှေ့လုပ်ငန်းစဉ်များကို ထပ်မံဆွေးနွေးခဲ့ကြကြောင်း၊ ပါတီညီလာခံသို့ တနိုင်ငံလုံးမှ ပါတီဝင်များ၊ ကိုယ်စားလှယ် များ၊ ရှမ်းတိုင်းရင်းသားများ စုစုပေါင်း ၃၀၀ ၀န်းကျင် တက်ရောက်ခဲ့ ကြကြောင်း ၎င်းက ဆက်ပြောသည်။

အစုရှယ်ယာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို ရောင်းချမည် ဖြစ်ပြီး တစုလျှင် ကျပ် ၁ သောင်းသတ်မှတ် ထားကြောင်း၊ အမြတ်ငွေများအား ပါတီ၏ ရပ်တည်ရေးအပြင် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟုလည်း ပါတီ ပြောခွင့်ရသူက ဆိုသည်။

SNDP ပါတီသည် ရွေးကောက်ပွဲ၌ပါဝင်ခဲ့သော အကြီးဆုံး တိုင်းရင်းသား နိုင်ငံရေးပါတီတခု ဖြစ်ပြီး ကိုယ်စားလှယ် ၁၅၆ ဦးဝင်ပြိုင် ခဲ့ရာ ၅၇ ဦး အနိုင်ရရှိခဲ့သည်။

ပါတီရေရှည် ရပ်တည်ရေးအတွက် တချို့ပါတီများတွင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရန် သတ်မှတ်ပြီးသော်လည်း တချို့မှာမူ ငွေကြေး မလုံလောက်သေး၍ ရင်းနှီးငွေ ရရေးကို အရင် လုပ်ဆောင်ရဦးမည်ဟု သိရသည်။

“ပါတီတခု ရပ်တည်ဖို့ ငွေရှိမှ ဖြစ်မှာပါ။ ငွေလှူမယ့် သူတွေ ရှိရင်တော့ စီးပွားရေး လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ကျနော်တို့ပါတီမှာ ဘာရန်ပုံငွေမှလည်း မရှိပါဘူး” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

ပါတီ ရပ်တည်ရေးအတွက် စီးပွားရေး လုပ်ရန် စဉ်းစားထားသော်လည်း မည်သည့် စီးပွားရေးလုပ်ငန်း လုပ်ရမည်ကို သေချာမသိသေးကြောင်း၊ အလှူခံရန်လည်း အစီအစဉ် မရှိသေးကြောင်း ၎င်းက ဆိုသည်။

NDF သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှခွဲထွက်၍ ရွေးကောက်ပွဲဝင်ခဲ့သော ပါတီတခု ဖြစ်ပြီး ပါတီတွင်း၌ ငွေကြေးသုံးစွဲမှု ကိစ္စနှင့် ပတ်သက်၍ ပြဿနာများ ဖြေရှင်းခဲ့ရသော ပါတီတခုဖြစ်သည်။

NDF ရွေးကောက်ပွဲ ၀င်နိုင်ရေး၊ ပါတီရပ်တည်ရေးအတွက် စစ်အစိုးရနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖံွ့ပါတီ) တို့က နောက်ကွယ်မှ ငွေကြေးထောက်ပံ့ပေးနေသည်ဟု သတင်း များထွက်ပေါ်နေခြင်းကို အဆိုပါ ပါတီ ခေါင်းဆောင်များက မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

၎င်းပါတီသည် ရွေးကောက်ပွဲ၌ တတိယ အင်အားအများဆုံးပါတီအဖြစ် ကိုယ်စားလှယ် ၁၆၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၅ ဦး အနိုင်ရရှိ ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကလည်း ပါတီရပ်တည်ရေး အတွက် စီးပွားရေး လုပ်ငန်း လုပ်ရန် စီးပွားရေးနားလည် တတ်ကျွမ်းသည့် ပညာရှင်များနှင့် ဆွေးနွေးနေကြောင်း ၎င်းပါတီ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီကို ပြောသည်။

“ဘယ်လိုစီးပွားရေး လုပ်မယ်ဆိုတာ မကြာခင်သိရမှာပါ။ စာစောင်ထုတ်တာနဲ့ တခြား လုပ်ငန်းတွေ ပါနိုင်ပါတယ်” ဟု ဦးသုဝေက ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဘဏ္ဍာငွေ ရရှိရေးကိုလည်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် ကိုယ်စားလှယ်များက လုပ်ဆောင်နေခြင်းများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများသည် ၎င်းတို့၏ပါတီ ရေရှည်ရပ်တည်နိုင်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရေးတို့အတွက် ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသော်လည်း စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ကြံ့ဖွံ့ပါတီကမူ မည်သည့်စီးပွားရေး လုပ်ငန်းမှ လုပ်ဆောင်ရန် မလိုကြောင်း၊ ၎င်းတို့ပါတီတွင် ငွေကြေး အပြည့်အ၀ ရှိကြောင်း ရွေးကောက်ပွဲ အနိုင်ရထားသည့် ကြံ့ဖွံ့ကိုယ်စားလှယ် တဦးက ဆိုသည်။

“ကျနော်တို့ပါတီ ကိုယ်စားလှယ်တွေက ငွေကြေးပြည့်စုံသူတွေများပါတယ်။ ပါတီရန်ပုံငွေလည်း အလုံအလောက်ရှိတယ်။ အလှူခံစရာ မလိုပါဘူး” ဟုလည်း ၎င်းက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ ပါဝင်ခဲ့သော ပါတီ ၃၇ ခုအနက် အင်အားအကြီးဆုံး ပါတီဖြစ်ပြီး လွှတ်တော်သုံးရပ်စလုံး၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရထားသည်ဟု ထုတ်ပြန်ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်