ရထားလမ်းဖောက်ရန် ရခိုင်ဒေသခံ လယ်မြေများကို သိမ်းယူနေ

E-mail Print
ရခိုင်ပြည်နယ် အတွင်း ဖောက်လုပ် နေသော မီးရထားလမ်း စီမံကိန်းကြောင့် ဒေသခံ လယ်မြေများ အသိမ်းခံရသည့် အပြင် စိုက်ခင်းတချို့လည်း ဖျက်ဆီးခံနေ ရကြောင်း သိရသည်။

“လယ်မြေတွေ သိမ်းတာ လျော်ကြေးမပေးတဲ့ အပြင် အသိလည်းမပေးပါဘူး။ ရထားလမ်းကြောင်းမှာ ပါတဲ့ ရော်ဘာခင်း တချို့လည်း ဖျက်ဆီးတာ ခံနေရတယ်” ဟု ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

၎င်းဒေသခံ၏ လယ်မြေ ၂ ဧက ဝန်းကျင်ကို ရထားလမ်းနှင့် မလွတ်သောကြောင့် သိမ်းယူကာ ရော်ဘာခင်း၏ တစိတ်တဒေသ ကိုလည်း ဖျက်ဆီးလိုက်ကြောင်း သိရသည်။

စစ်တွေ-အမ်း-မင်းဘူး မီးရထားလမ်း၏ အစိတ်အပိုင်းတခု ဖြစ်သော မြောက်ဦးနှင့် ကျောက်တော်ကြားရှိ မီးရထား လမ်းကြောင်းတွင် လယ်မြေဧက ထောင်ချီ၍ အသိမ်းခံလိုက်ရကြောင်း ဒေသခံများက ဆိုသည်။

စစ်အစိုးရ၏ အဆိုပါ မီးရထားလမ်း စီမံကိန်းကြောင့် မကြာခင်ကလည်း မြောက်ဦးမြို့နယ် အတွင်းရှိ ရှေးဟောင်းစေတီ ပုထိုးများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖျက်ဆီးခံခဲ့ရသည်။

“စစ်အစိုးရရဲ့ ရထားလမ်းက ဒေသဖွံ့ဖြိုးရေး ဆိုတာထက် ဒေသခံပြည်သူတွေကို စိတ်ဓာတ်ရေးရာ ထိုးစစ်ဆင်နေတယ်လို့ ခံစားရပါတယ်။ ဒေသခံတွေ တန်ဖိုးထားမြတ်နိုးတာတွေ တခုပြီးတခု ဖျက်ဆီးတယ်။ ပိုင်ဆိုင်မှုတွေကို အာဏာသုံးပြီး လုပ်ချင်တိုင်း လုပ်နေတယ်” ဟု မြောက်ဦး ဒေသခံ တဦးက ပြောသည်။

မြောက်ဦးမြို့နယ် အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ဖျက်ဆီး၍ မီးရထားလမ်း ဖောက်လုပ်မှုကို နိုဝင်ဘာလ  ၇ ရက်နေ့တွင် စတင်ခဲ့ရာ  ဒေသခံများက ကန့်ကွက်ခဲ့၍ လမ်းကြောင်း ပြောင်းခဲ့သော်လည်း ယခုတဖန် ဓည၀တီမြို့ဟောင်းကို ဖျက်ဆီး၍ ဖောက်လုပ်နေကြောင်း၊ လယ်မြေများကိုလည်း လျော်ကြေးမပေးဘဲ သိမ်းဆည်းခြင်းများ ဆက်တိုက် လုပ်ဆောင် နေကြောင်း သိရသည်။

ကျောက်တော်-မြောက်ဦး အကြား မီးရထားလမ်းဖောက်လုပ်မှုတွင် အသုံးပြုသည့် မြေတူးစက်ကြောင့် ဒေသခံ စစ်တပ်များကို ဆက်သွယ်ထားသော မြေအောက် ကေဘယ်ကြိုးများ ပျက်စီးသွားခြင်းကြောင့် မီးရထား ဌာနနှင့် စစ်တပ်အကြား ပြဿနာ တချို့ ဖြစ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

“သူတို့ပိုင်တာကို ထိတော့ တပ်ရင်းမှူးက ရထားလမ်းဖောက်နေတာ ချက်ချင်း ရပ်ခိုင်းထားတယ်” ဟု ဒေသခံ တဦးက ဆိုသည်။

ရထားလမ်း ဖောက်လုပ်မှုကို ဒေသခံ ခြေမြန်တပ်ရင်း ၃၇၇ ၏ တပ်ရင်းမှူးက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အမိန့်ပေး ရပ်နားခိုင်းထားသည်။ ထိုဒေသတွင် တပ်ရင်း ၃၇၇၊ ၃၇၈ နှင့် ၅၄၀ တို့ အခြေစိုက်ထားကြောင်း သိရသည်။

စစ်အစိုးရသည် ရခိုင်ပြည်နယ်အတွင်း မီးရထားလမ်းကို ၂၀၀၉ ခုနှစ်မှ စတင်ကာ အမြန်စနစ်ဖြင့် ဖောက်နေပြီး ပြီးစီး သွားသည့် မီးရထား လမ်းပိုင်းများမှာလည်း ခိုင်ခန့်မှု မရှိသဖြင့် မကြာခဏ ပြုပြင်နေရကြောင်း၊ အထူးသဖြင့် စစ်တွေ ဒေသမှရထားလမ်းမှာ ခိုင်ခံမှု မရှိကြောင်း စစ်တွေမြို့ခံများက ဆိုသည်။

ယခု စစ်အစိုးရ ဖောက်လုပ်နေသည့် ရထားလမ်းသည် စစ်တွေ-အမ်း-မင်းဘူး ဆက်သွယ်မည့် ရထားလမ်းပိုင်း တခုဖြစ်ပြီး တနိုင်ငံလုံးကို ချိတ်ဆက်မည့် အမျိုးသား ကွန်ယက် ရထားလမ်း၏ တစိတ်တပိုင်း ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်