မိုင်းလားသို့ ကုန်စည်တင်ပို့မှု ပြန်လည်ခွင့်ပြု

Wednesday, 22 December 2010 15:18
Print
အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA)ထိန်းချုပ်နယ်မြေ ဖြစ်သော ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ကုန်ပစ္စည်းများ တင်ပို့ခြင်းကို စစ်အစိုးရက ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက် နောက်ပိုင်းတွင် မိုင်းလားဒေသသို့ ကုန်ပစ္စည်းများ တင်ပို့မှုကို ရှမ်းပြည်အရှေ့ပိုင်း ကျိုင်း တုံမြို့မှ မိုင်းလားသို့အသွား ကားလမ်းပေါ်ရှိ နမ့်လွေမြစ်ကူး စစ်ဆေးရေးဂိတ်မှတဆင့် စစ်အစိုးရက ပိတ်ပင်ထားခဲ့ခြင်းဖြစ် ပြီး ပိတ်ဆို့မှုကာလမှာ တလနီးပါးခန့် ကြာမြင့်ခဲ့သည်ဟု မိုင်းလားမြို့ခံတဦးက ပြောဆိုသည်။

၎င်းမိုင်းလားမြို့ခံက“ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက မိုင်းလားကို ကုန်တွေပြန်ပို့လို့ ရနေပြီ။ ဂိတ်ပိတ်လို့လည်း ဘာမှ သိပ်မထူးပါဘူး၊ ကျိုင်းတုံဘက်က ကုန်တွေမလာတော့ တရုတ်ကဝင်တဲ့ ပစ္စည်းတွေကိုပဲ ရောင်းကြ ဝယ်ကြတာပေါ့။ ဂိတ် ပိတ်လို့ ကြီးကြီးမားမား ထိခိုက်နစ်နာမှုတွေတော့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

မိုင်းလားဒေသသို့ ကုန်စည်တင်ပို့ခွင့် ပြန်လည်ခွင့်ပြုခဲ့သော်လည်း နိုင်ငံခြားသားများ လည်ပတ်ခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ် ကြောင်းလည်း သိရှိရသည်။

စစ်အစိုးရက မိုင်းလားမြို့သို့ ကုန်ပစ္စည်းများ တင်ပို့ခွင့်ပိတ်ပင်ခဲ့ခြင်းသည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်လျက် ရှိသည့် NDAA တပ်ဖွဲ့ဝင်များကို စစ်ရေးအရ ဖိအားပေးလိုခြင်းဖြစ်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ထားခဲ့ခြင်းမှာ ကုန်စည်များမှတဆင့် ရရှိနေ သည့် အခွန်များကို လျော့ကျသွားစေလိုသော  ကြောင့် လည်းကောင်း၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ တော် (DKBA)ကို မတိုက်ခိုက်မီ ပြုလုပ်သကဲ့ သို့ အင်အားနည်းသွားစေရန် ဦးဆုံးပြုလုပ်ခြင်း ဖြစ်သည်ဟုလည်းကောင်း အမည်မဖော်လိုသည့် NDAA အရာရှိတဦးက ဧရာဝတီသို့ ယမန်နေ့က ပြောဆိုသည်။

၎င်းအရာရှိက“DKBA ကိုမတိုက်ခင်တုန်းက နယ်စပ်ဂိတ်တွေကို စစ်တပ်က ပြန်ထိုင်တာမျိုး၊ ထိုင်းကနေ ကားတွေ သွင်း တာတွေကို ဖမ်းတာမျိုး ကျနော်တို့အပေါ် အစိုးရကလုပ်ချင်တာ။ ဒါပေမယ့် ကျနော်တို့က ရာဘာတွေ၊ ငှက်ပျော စိုက်ခင်း တွေကနေ ဝင်ငွေတွေရှိနေဆဲဆိုတော့ ဂိတ်ပိတ်ထားလည်း ဘာမှမထူးဘူးဆိုပြီးမှ ပြန်ဖွင့်ပေးလိုက်တယ် ထင်ပါတယ်”ဟု ပြောသည်။

စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့လည်း နိုဝင်ဘာလ အကုန်ပိုင်းက ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ထားခဲ့သေးသည်။

ရန်ကုန်မြို့ရှိ တရုတ်သံရုံးက စစ်အစိုးရကို ဖိအားပေးခြင်းမျိုးများ ရှိခဲ့သောကြောင့် ယခုလ ၁၃ ရက်နေ့တွင် လိုင်ဇာမြို့သို့ ကုန်ပစ္စည်းတင်ပို့မှု ပြန်လည်ခွင့်ပြုခဲ့ကြောင်းလည်း သိရှိရသည်။