ရွှေနှင့် ဒေါ်လာ ဈေးနှုန်း ရက်ပိုင်းအတွင်း ထိုးတက်

E-mail Print
စစ်အစိုးရက မကြာမီ လွှတ်တော်ခေါ်ယူပြီး အစိုးရသစ် ဖွဲ့မည်ဖြစ်၍ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ရွှေနှင့် အမေရိကန် ဒေါ်လာ ၀ယ်ယူစုဆောင်းမှု များပြားပြီး ဈေးနှုန်းများ ထိုးတက် သွားကြောင်း သိရသည်။

စီးပွားရေး သမားများနှင့် ငွေကြေးတတ်နိုင်သူများက ငွေပိုငွေလျှံများကို ရွှေဝယ်ယူစုဆောင်းခြင်း၊ အမေရိကန် ဒေါ်လာများ နှင့် လဲလှယ် စုဆောင်းခြင်းများကြောင့် ဈေးနှုန်းများ တက်သွားရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးသမားများ က ပြောသည်။

“ဒီလ ၁၈ ရက်နေ့ကစပြီး ဈေးကွက်ထဲမှာ ရွှေဝယ်တဲ့သူ တော်တော်များလာတယ်။ နောက်ပြီး ဒေါ်လာဝယ်တဲ့သူလည်း အရမ်းများလာတယ်။ တရက်ထက် တရက်ကို ပိုပိုများလာတယ်”ဟု ဒေါ်လာနှင့် ရွှေ ၀ယ်ရောင်း လုပ်ကိုင်နေသူ စီးပွားရေးသမား တဦးက ပြောသည်။

ဒေါ်လာနှင့်ရွှေ ၀ယ်ယူကြသူများတွင် စစ်အစိုးရ၀န်ကြီးများ၏ မိသားစုဝင်များ၊ ရဲအရာရှိ၊ စစ်တပ် အရာရှိ မိသားစုများနှင့် ဌာန ဆိုင်ရာ အကြီးအကဲ မိသားစုများ ပါဝင်ကြောင်း သိရှိရသည်။

ယင်းသို့ ၀ယ်ယူစုဆောင်းသူ များပြားခြင်းကြောင့် ရွှေဈေးသည် တကျပ်သားလျှင် ကျပ် တသောင်းကျော်၊ ဒေါ်လာ ဈေးသည် တဒေါ်လာလျှင် ၃၀ ကျပ်ကျော် ထိုးတက်သွားသည်ဟု အရောင်းအ၀ယ် လုပ်သူများက ပြောသည်။

ဇန်န၀ါရီလ ၁၇ ရက်နေ့က အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ခြောက်သိန်း သုံးသောင်း ရှိရာမှ ၂၀ ရက်နေ့တွင် အခေါက်ရွှေတကျပ်သား ခြောက်သိန်း လေးသောင်း ကျော် အထိ ကျပ် တသောင်းကျော် ဈေးမြင့်တက်သွားသည်။

“ရွှေအ၀ယ်က မထင်မှတ်ဘဲကို တက်လာတယ်။ နယ်တွေကလည်း လှမ်းမှာတယ်။ ရန်ကုန် ဈေးကွက်ကလည်း ၀ယ်တယ်။ ၀ယ် လိုအား ရုတ်တရက် တက်တော့ ဈေးမြင့်သွားတာ”ဟု ရန်ကုန် ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အမေရိကန် ဒေါ်လာမှာလည်း ရက်ပိုင်းအတွင်း ၀ယ်လိုအား တက်လာသဖြင့် ဈေးမြင့် လာကြောင်း သိရှိရသည်။

“ဒေါ်လာ အရမ်းဝယ်တဲ့ ၀ယ်လက်တွေ ပေါ်လာတယ်။ ၀ယ်တဲ့ လက်ကြီးသမားတွေက တသိန်း၊ နှစ်သိန်း အဲဒီလို ၀ယ်တာမျိုးတွေ။ ဈေးက တရက်ထက် တရက်ပိုတက်တယ်”ဟု ဒေါ်လာ ၀ယ်ရောင်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

အမေရိကန် ဒေါ်လာသည် ဇန်န၀ါရီလ ၁၇ ရက်က တဒေါ်လာလျှင် ၈၃၀ ကျပ်မှ ဇန်န၀ါရီ ၂၀ ရက် ကြာသပတေးနေ့တွင် တဒေါ်လာ ၈၅၈ ကျပ် အထိ ဈေးတက် သွားသည်။

စစ်အစိုးရ ထုတ်သည့် FEC (Foreign Exchange Certificate) မှာမူ ၀ယ်သူ နည်းပါးပြီး FEC တယူနစ်လျှင် ၈၀၀ ကျပ် ၀န်းကျင် တွင်သာ ဈေးရှိကြောင်း သိရသည်။

ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်တွင် ၀ယ်ယူကြသူများနှင့် အလုပ်ဖြစ်နေသော်လည်း အခြားသော စီးပွားရေးဈေးကွက်အများစုမှာ ရပ်တန့်လု နီးပါးဖြစ်နေကြောင်း စီးပွားရေးသမားများက ပြောသည်။

“အစိုးရသစ်ဖွဲ့ပြီးရင် ဘာဖြစ်မလဲဆိုတာ လူတွေအကုန်လုံးက စိတ်ဝင်တစား ကြည့်နေတယ်။ လုပ်ငန်းလုပ်မယ့်သူတွေက အခြေ အနေကို ကြည့်နေတယ်။ ရွှေနဲ့ ဒေါ်လာကလွဲရင် အခြားဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံသူနည်းတယ်။ ဒီလကုန်ရင် ဘာဖြစ်မလဲ။ ဘယ်လိုစီးပွားရေး ပေါ်လစီတွေပေါ်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတယ်”ဟု ပြည်ထောင်စု မြန်မာနိုင်ငံ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှ စီးပွားရေး သမားကြီး တဦးက ပြောဆိုသည်။

မြန်မာစစ်အစိုးရ၏ တရားဝင် ငွေလဲလှယ်နှုန်း သတ်မှတ်ချက်မှာ အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များ တက်ရောက်မည့် ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေးကို လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်