သာသနာရေး ၀န်ကြီးဌာနပိုင် မြေနေရာ တရားမ၀င် ငှားရမ်း

E-mail Print
ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း သာသနာရေး ၀န်ကြီးဌာန သာသနာရေး ပုံနှိပ်ခန်း၏ အနောက်ဘက်ရှိ ဂိုဒေါင်နှင့် မြေနေရာကို ပုဂ္ဂလိက လုပ်ငန်းတခုအား ငှားရမ်းခွင့် ပြုလိုက်သည့် အပေါ် ၀န်ထမ်းများ စိတ်မသက်မသာ ဖြစ်ကြရသည်ဟု သိရသည်။

၎င်းဂိုဒေါင်သည် ၄၀x၆၀ ပေ အကျယ်အ၀န်းရှိပြီး Yangon Publishing & Printing Group(YPPG)သို့ တလ ကျပ် ၈ သိန်း ဖြင့် တနှစ် စာချုပ် အငှား ချထားလိုက်ခြင်းဖြစ်သည်။

ထို့အပြင် သာသနာရေး ပုံနှိပ်ခန်းမှ ကိုမိုရီ အမျိုးအစား 2 UNIT အော့ဖ်ဆက် ပုံနှိပ်စက် အသစ်တလုံး၊ ဓားစက် တလုံးကိုပါ ပုဂ္ဂလိ က သို့ ငှားရမ်းခွင့်ပြုလိုက်ခြင်းကြောင့် ၀န်ထမ်းများအကြား ယခုကဲ့သို့ မကျေနပ်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ် သာသနာရေး ၀န်ထမ်း များက ပြောသည်။

“၂၀၁၀ စက်တင်ဘာမှာ Yangon Media Group က ကိုကို(စက်မှု တက္ကသိုလ်)နဲ့ အဖွဲ့ဂိုဒေါင်ကိုလာကြည့်တယ်။ သူတို့ပိုင် ပုံနှိပ် စက်တွေထား ဖို့ ၀န်ကြီးနဲ့ ညှိတယ်။ နိုဝင်ဘာမှာ YPPG ဒါရိုက်တာ ဦးအောင်သန်းချစ်က လာရောက် စာချုပ်တာပဲ”ဟု သာသနာ တော် ထွန်းကားပြန့်ပွားရေး အရာထမ်း တဦးက ဆိုသည်။

ထို့ကြောင့် အလုပ်ခန်းနေရာ ဦးစွာ လာရောက်လေ့လာသူ Yangon Media Group နှင့် ငှားရမ်းသူ Yangon Publishing & Printing Group တနည်းနည်း ပတ်သက်ဆက်နွှယ်နေရမည်ဟု ၀န်ထမ်းများအကြား ပြောဆိုနေကြသည်။

“အခု ၂၀၁၁ ဇန်န၀ါရီ လဆန်းမှာ YPPG ရဲ့စက်နှစ်လုံး ရောက်လာပြီ။ သာသနာရေးက ငှားရမ်းထားတဲ့ စက်တလုံးနဲ့ ပေါင်း ၃ လုံး လည်ပတ်နိုင်ဖို့ စက်တွေ စတင်တပ်ဆင်နေပြီ။ ဌာနတွင်းဆိုတော့ မီးမှန်တယ်။ လုပ်ငန်း နေ့ ည လည်ပတ်လို့ ရတယ်”ဟု YPPG ၏ ပုံနှိပ်စက် ဆရာတဦးက ပြောဆိုသည်။

သာသနာရေး ၀န်ကြီးဌာနပိုင် ကိုမိုရီ အော့ဖ်ဆက်၊ ဓားစက်များကို ယခုကဲ့သို့ ငှားရမ်းခွင့်ပြုလိုက်ခြင်းကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များပင် မသိရှိလိုက်ကြဟုလည်း ဆိုသည်။

“စက္ကူအခက်အခဲကြောင့် အသုံးမပြုဘဲ ရပ်ထားတဲ့ 4 UNIT ကိုမိုရီကို ငှားလိုက်တယ်ပဲ ထင်နေကြတာ။ ဌာနမှာ လက်ရှိ လည်ပတ် နေတဲ့ ကိုမိုရီ ၅ လုံးအနက် အကောင်းဆုံးစက်ကို အခုလို ငှားလိုက်တာ။ အဲဒီစက်က ၂၀၀၉ ခုနှစ်တုန်းက ထိုင်ဝမ်ဘုန်းကြီး `ဆင်တောက်´ကနေ သာသနာရေးကို လှူဒါန်းထားတဲ့ စက်ပါ”ဟု သာသနာရေး ဦးစီးဌာန ၀န်ထမ်းများက ပြောသည်။

သာသနာရေး အရာထမ်း တဦးကလည်း“ဒီအပေါ် ၀န်ထမ်းသက်သာ ရန်ပုံငွေအဖြစ် သတ်မှတ်ငှားရမ်းခြင်းမျိုး မဟုတ်ဘူး။ သက်သာ ရန်ပုံ ငွေ နဲ့ ပတ်သက်တဲ့ ညှိနိုင်းမှု၊ ညွှန်ကြားမှု၊ စာရွက်စာတမ်း ဘာမှ မရှိဘူး”ဟု ပြောသည်။

ထို့အပြင် သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသည် ၎င်း၏ ကိုယ်ကျိုးအတွက် ပြီးခဲ့သည့် ၂ နှစ်ခန့်မှ ယနေ့အထိ သာသနာရေးရုံးဝင်း အတွင်း KMD ကွန်ပျူတာ သင်တန်းအား နေရာပေးငှားရမ်းခဲ့ကြောင်း သိရသည်။

KMD သင်တန်းသားဝင်ကြေး၏ ၃၀ ရာခိုင်နှုန်းကို လစဉ်ပေးအပ်ရန် ညှိနှိုင်းမှုအရ ၀န်ကြီး၏ တလ၀င်ငွေသည် ကျပ် ၁၀ သိန်းနှင့် အထက် ရှိနိုင်သည်ဟု ၀န်ထမ်းများက ထင်ကြေးပေးနေကြသည်။

ထို့အပြင် ကမ္ဘာအေးဘုရား လမ်းမပေါ်ရှိ ၀ိသကြုံ သင်္ကန်း ပရိက္ခရာဆိုင်၊ မကြာမီက ဖွင့်လှစ်လိုက်သည့် ပန်းပျိုးပင် အရောင်းဆိုင် တို့၏ ငှားရမ်းခများကိုလည်း ဌာနတွင်း စာရင်းရှင်းလင်းခြင်း မရှိဘဲ ၀န်ကြီး၏ လစဉ်ဝင်ငွေအတွင်း ရောက်ရှိသွားကြသည်ဟု ၀န်ထမ်း များက ဆိုသည်။

“၀န်ကြီးဌာန သက်သာရန်ပုံငွေဆို ၀န်ထမ်းအားလုံး သိနေရမယ်။ အခုလို မြေငှား၊ စက်ငှား၊ ညွှန်ချုပ်၊ ညွှန်မှူးတွေနဲ့ ညှိနှိုင်းမှုတွေ ရှိရမယ်။ အခုတော့ နေပြည်တော်၊ ရန်ကုန်ရှိ သာသနာရေးဝန်ကြီးဌာန၊ ဌာနကြီး ၄ ခုက လူကြီးနဲ့ ညှိနှိုင်းမှု မရှိဘဲ ၀န်ကြီးက သူ့သဘောနဲ့သူ လုပ်တာ။ ဒါဟာ ဌာနတွင်း လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး”ဟု နေပြည်တော်ရှိ သာသနာရေး ဦးစီးဌာန အရာထမ်းတဦး က ပြောဆိုသည်။

ကမ္ဘာအေး ဘုရားလမ်း ပုံနှိပ်ဝန်ထမ်းများမှာမူ လက်ကျန် စက်အဟောင်း ၄ လုံးဖြင့် ဌာန၏ လုပ်ငန်းများ လည်ပတ်ရတော့မည်ဖြစ်ပြီး လုပ်ငန်းနှောင့်နှေးနိုင်မည်ဟု ခန့်မှန်းနေကြသည်။

ဝန်ထမ်းတချို့ကမူ“၂၀၁၀ ခုနှစ်ထဲမှာ ရဲစခန်း၊ မီးသတ်ရှေ့တွေက ၀န်ထမ်းသက်သာ ဆိုင်ခန်းတွေ ဖျက်သိမ်းခဲ့တယ်။၂၀၁၁ နှစ် ဦး မှာ ပါရမီ လမ်းမပေါ်က ၀န်ထမ်းသက်သာ ဆိုင်ခန်းတွေ ဖျက်ခဲ့တယ်။ အဲဒီလို ဖျက်သိမ်းနေတာကို သိလျက်နဲ့ ၀န်ကြီးက ရုံးပိုင် အဆောက်အအုံ မြေနေရာတွေ ငှားရမ်းနေခြင်းဟာ စဉ်းစားစရာဖြစ်နေတယ်”ဟု ပြောဆိုနေကြသည်။

စီးပွားရေး ပညာရှင်တဦးက“နိုင်ငံပိုင်လုပ်ငန်းတွေကို အပြီးအပိုင် ရောင်းချခြင်း၊ တ၀က်တပျက် ရောင်းချခြင်း၊ အချိန်ကာလ သတ် မှတ်၍ အငှားချထားခြင်း စတဲ့ပိုင်ဆိုင်မှုတွေ လွှဲပြောင်းပေးခြင်းဟာ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီအပေါ် တာဝန်ရှိ ပုဂ္ဂိုလ် ဟာ အောက်ခြေနဲ့ ညှိနှိုင်းရပါတယ်။ အထက်ကို တင်ပြရပါတယ်။ အားလုံးခွင့်ပြုမှ ပုဂ္ဂလိကပိုင် ပြုလုပ်လို့ ရပါတယ်။ ဌာနတွင်း အကြီး အကဲတွေတောင် မသိဘဲ အခုလိုလုပ်ခြင်းဟာ ၀န်ကြီးရဲ့ကိုယ်ကျိုးရှာမှုသက်သက် ဖြစ်နိုင်ပါတယ်”ဟု ဝေဖန်သည်။

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရ ဦးမြင့်မောင်သည် အသက် ၇၀ ကျော် ရှိနေပြီဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်