NLD ကို တရားဝင် အသိအမှတ်ပြုရန် အမေရိကန် အဆင့်မြင့် သံတမန်တောင်းဆို

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် မပြုလျှင်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးလျှင် အမေရိကန် အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် စဉ်းစားမည် မဟုတ်ကြောင်း အမေရိကန် အဆင့်မြင့် သံတမန်တဦးက ပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းက အင်ဒိုနီးရှား အခြေစိုက် ဂျကာတာပို့စ် သတင်းစာကို အင်္ဂါနေ့က အထက်ပါအတိုင်းပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၁ အတွက် အာဆီယံ ဥက္ကဌ ဖြစ်သည်။

ဂျိုးဇက် ဝိုင် ယွန်းက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းရန် မစဉ်းစားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရန်၊ နိုင်ငံနှင့်အ၀န်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည့် အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် ပြောခဲ့သည်။

ဂျိုးဇက် ဝိုင် ယွန်း၏ ပြောကြားချက်သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးရေး ပြောဆိုပြီး တပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများတွေ့ဆုံရာ၌ “မနှစ်က မြန်မာပြည်မှာ ကျင်းပသွားတဲ့  ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ ကိစ္စတွေအပေါ်မှာ အပြုသဘောဆောင်ပြီး တုံ့ပြန် သွားသင့်တယ်”ဟု ပြောခဲ့ကြကြောင်း ဂျကာတာပို့စ် တွင် ပါရှိသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်း ပေးရန် ပြောကြားရာတွင် အမေရိကန် အစိုးရ၏ တောင်းဆိုချက်များကို ထုတ်ဖော်ပြောဆိုခဲ့သေးကြောင်းလည်း သိရသည်။

“အာဆီယံ ၀န်ကြီးတွေ တောင်းဆိုတာ သိပ်ကိုကောင်းတဲ့ တောင်းဆိုချက်ပါ။ ဒါကို မြန်မာအစိုးရက လေးလေးနက်နက် သဘောထားပြီး စစ်စစ်မှန်မှန် အကောင်အထည် ဖော်သင့်တယ်လို့ ထင်ပါတယ်”ဟု ဂျိုးဇက် ဝိုင် ယွန်းက ဂျကာတာပို့စ်ကို ပြောသည်။

ထို့အပြင် နိုင်ငံတကာ တောင်းဆိုချက်များအတိုင်း မြန်မာအစိုးရက လိုက်လျောမှသာလျှင် အမေရိကန် အစိုးရဘက်မှ ကောင်းမွန်သည့် တုံ့ပြန်မှုကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် သောကြာနေ့က အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပီ ဂျေ ခရော်လီအား သတင်းထောက်များက မြန်မာနိုင်ငံ စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် အမေရိကန် အစိုးရ အနေနှင့် ရုပ်သိမ်းရန် အစီအစဉ်မရှိသေးကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

၎င်းက ဆက်လက်၍ အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုများသည် မြန်မာအစိုးရနှင့် အပေါင်းအပါ စီးပွားရေး အုပ်စုများကိုသာ ပစ်မှတ်ထား၍ ချမှတ်ထားခြင်း ဖြစ်ပြီး မြန်မာပြည်သူလူထုအပေါ် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာပြည်သူလူထုရဲ့အရေးကို အမှန်တကယ်စိုးရိမ်ကြောင့်ကြ စိတ်တွေ ရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ စီးပွားရေး အခြေအနေက မြန်မာအစိုးရမှာပဲ လုံးဝ တာဝန်ရှိတယ်”ဟု ပီ ဂျေ ခရော်လီက ဆက်ပြောသည်။

မြန်မာပြည်တွင် ရှိသည့် သယံဇာတပစ္စည်းများကို မတရား ခိုးယူ ဖြုန်းတီးနေသူများမှာ စစ်အစိုးရ ခေါင်းဆောင်များသာ ဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုများ ပြုလုပ်နေသည်မှာလည်း မြန်မာစစ်ခေါင်းဆောင်များသာ ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျနော်တို့ဘက်က စီးပွားရေးပိတ်ဆို့နေတာက မြန်မာပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြုပြင် ပြောင်းလဲနိုင်ဖို့၊ အကျဉ်းသားတွေ လွတ်လာဖို့၊ စစ်အစိုးရက စပြီး ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတရပ်ကို စပြီး အကောင်အထည်ဖော်ဖို့ပါ။ ဒါတွေအားလုံးအတွက် စစ်အစိုးရကို ဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်ထိန်းထားတာပါ”ဟုလည်း ၎င်းကဆိုသည်။

ဂျိုးဇက် ဝိုင် ယွန်းသည် NLD ပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် တိုက်တွန်းပြောဆိုနေသော်လည်း NLD ၏ ရှေ့နေများက ပါတီဖျက်သိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ တနင်္လာနေ့က အထူးအယူခံအတွက် နေပြည်တော်တွင် လျှောက်လဲချက်များ တင်ခဲ့ရသည်။ သို့သော်တရားရုံးက မည်သည့် ဆုံးဖြတ်ချက်မှ မချခဲ့ပေ။    
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်