ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် သမ္မတ ဖြစ်လာ

E-mail Print
ယနေ့ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ဥက္ကဋ္ဌ၊ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် လိုက်သည်။

myanmar_thein_seinလွှတ်တော်က ကြံ့ဖွံ့ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့်  ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးအား ဒုသမ္မတ ၁ အဖြစ်လည်းကောင်း၊ ကြံ့ဖွံ့ပါတီဝင် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခမ်း အား ဒုသမ္မတ ၂ အဖြစ်လည်းကောင်း တင်မြှောက်ခဲ့သည်။

သမ္မတ ရွေးချယ်ရာ၌ ဦးသိန်းစိန်က ထောက်ခံမဲ ၄၀၈ မဲ၊ ဦးတင်အောင်မြင့်ဦးက ၁၇၁ မဲနှင့် ဒေါက်တာ စိုင်းမောက်ခမ်း က ၇၅ မဲဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး အစိုးရသစ်ကို ယခုလ ၈ ရက်နေ့တွင် ဖွဲ့စည်းသွားမည်ဖြစ်သည်။

အသက် ၆၅ နှစ်ရှိ ဦးသိန်းစိန် သည် ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် စစ်တပ်ဗိုလ်ချုပ်ကြီး ရာထူးမှ အနားယူ၍ အရပ်ဘက်သို့ ပြောင်းကာ ကြံ့ဖွံ့ပါတီကို တည်ထောင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့သည်။

၁၉၆၈ ခုနှစ်တွင် DSA အပတ်စဉ် ၉ မှ ကျောင်းဆင်းခဲ့ပြီး ၁၉၉၇ တွင် ရှမ်းပြည် (တြိဂံဒေသတိုင်း စစ်ဌာနချုပ်) ၏ တိုင်းမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ ထောက်လှမ်းရေး အကြီးအကဲ၊ ၀န်ကြီးချုပ်  ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ၂၀၀၄ ခုနှစ်တွင် ရာထူးမှ ဖြုတ်ချခံရပြီးနောက် နအဖ အစိုးရ အဖွဲ့၏ အတွင်းရေးမှူး ၁ ရာထူးကို ဦးသိန်းစိန် ရရှိခဲ့သည်။

၂ဝဝ၇ ခုနှစ် တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်ပြီးနောက် ဦးသိန်းစိန်သည် နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာကာ အရှေ့တောင်အာရှနိုင်ငံများ၊ နိုင်ငံတကာ အစည်းအဝေးများသို့  မြန်မာ အစိုးရ ကိုယ်စားပြု၍ တက်ရောက်ခဲ့သည်။

“သူ့ကို သမ္မတ အဖြစ်ရွေးရတာက ပါတီဥက္ကဋ္ဌ ဖြစ်တာရယ်၊ ၀န်ကြီးချုပ်ဖြစ်တာရယ်၊ နိုင်ငံတကာ အတွေ့အကြုံများပြီး စာဖတ်အား ကောင်းတာ တွေရယ်ကြောင့်ပါ” ဟု ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောသည်။

ဒုသမ္မတ ရာထူးအတွက် အမည်တင်သွင်းခံရသော်လည်း အရွေးချယ် မခံခဲ့ရသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ပါလီမန်ထဲမှာ ကြံ့ခိုင်ရေးတွေက အများစုဆိုတော့ အခုလို ဖြစ်လာတာ မအံ့သြပါဘူး။ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေကို စိတ်ရှည်ကြပါ၊ တိုင်းရင်းသာများအရေးကို ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

လာမည့် အင်္ဂါနေ့တွင်  အစိုးရသစ် ဖွဲ့စည်းပြီးပါက နအဖ၏ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံသစ်” ဆိုသည့် လမ်းပြမြေပုံ ၇ ရပ် ပြီးဆုံးမည်ဖြစ်ကာ နအဖ အစိုးရလည်း ပျက်ပြယ် သွားမည် ဖြစ်သည်။

စစ်အစိုးရ၏ လမ်းပြမြေပုံ ဖြစ်စဉ် တခုလုံးသည် အရပ်သားအမည်ခံကာ စစ်အာဏာရှင် စနစ်ကို ပိုမိုခိုင်မြဲစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု လူအများက ဝေဖန်နေကြသည်။

တနင်္လာနေ့က စတင်ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးများအား ပြည်သူလူထုက စိတ်ဝင်စားမှု နည်းပါးခဲ့သည်။

“တိုင်းပြည်အတွက် အပြောင်းအလဲ ဘာမှ မတွေ့ရပါဘူး။ ဒီလူနဲ့ဒီလှေပါပဲ။ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ့် အခြေအနေ ကိုလည်း မတွေ့ရပါဘူး” ဟု ရန်ကုန်မြို့၌ ပန်းချီပြခန်း ဖွင့်လှစ်ထားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘိုဘိုဦးက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲမှ အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် ရထားသော ကြံ့ဖွံပါတီနှင့် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း နေရာယူထားသော စစ်တပ်သည် လွှတ်တော် အသီးသီး၌ လွှမ်းမိုးထား၍ မည်သည့် အတိုက်အခံ လွှတ်တော်အမတ်ကမှ ဒုသမ္မတ ရာထူးကို မရရှိခဲ့သည့်နည်းတူ ၂၀၁၀ ရွေးကောက်ပွဲအား သပိတ် မှောက်ပြီးနောက် ပါတီ ဖျက်သိမ်းခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည်လည်း လွှတ်တော်၌ ကိုယ်စားပြု ပါဝင်ခြင်း မရှိပေ။

စစ်အစိုးရ၏ ယမန်နေ့ထုတ် သတင်းစာများ တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်း မှနေ၍ ဒုတိယ ပင်လုံခေါ်ယူရေးအကြောင်း ပြောဆိုခြင်းကို အံ့သြသည်ဟု ရှုတ်ချကာ သွယ်ဝိုက် သတိပေး ရေးသားထားသည်။



သမ္မတ ဦးသိန်းစိန် ကိုယ်ရေး အကျဉ်း

ဦးသိန်းစိန်သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့တွင် မွေးဖွားခဲ့ ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၉ ကျောင်းဆင်း ဖြစ်သည်။

၁၉၈၈ ခုနှစ် ၀န်းကျင်က စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ခြေလျှင် တပ်ရင်းတွင်  တပ်ရင်းမှူး တာဝန် ယူခဲ့ပြီးနောက် စစ်ရုံးသို့ ပြောင်း ရွှေ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေး အရာရှိအဖြစ် တာဝန် ယူ ခဲ့သည်။ ထိုကြောင့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေး ဘက်တွင် ကျွမ်းကျင်သည်ဟု နီးစပ်သူများက ဆိုသည်။

စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်များ ဖွင့်လှစ်သည့် အခါ မှော်ဘီမြို့နယ် ဖူးကြီး အခြေစိုက် စကခ (၄) တွင် တပ်မမှူး ဖြစ်လာခဲ့ပြီး  နောက် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ  တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သည်။

ဦးသိန်းစိန်သည် စစ်တပ် အတွင်းတွင် ထိုင်းနိုင်ငံ မုန်းတီးရေး သမားတဦးအဖြစ် လူသိများပြီး ၎င်း တြိဂံတိုင်း တိုင်းမှူးအဖြစ် တာဝန် ယူနေစဉ်အတွင်း ထိုင်း- မြန်မာနယ်စပ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

န၀တ စစ်ကောင်စီ၏ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက်ကျ သေဆုံးပြီး နောက် ဦးသိန်းစိန်သည် စစ်ရေးချုပ် ဖြစ်လာသည်။

၂၀၀၄ ခုနှစ် စစ်ကောင်စီ၏ အတွင်းရေးမှူး (၁) ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းက ၀န်ကြီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူရသည့် အခါ စစ်ကောင်စီ၏ အတွင်းရေးမှူး (၁) နေရာကို ဦးသိန်းစိန်က ဆက်လက် တာဝန်ယူခဲ့သည်။

ထို့နောက် နိုင်ငံတော် ၀န်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း ကျန်းမာရေး ချို့ယွင်းလာသည့် အတွက်  ၂၀၀၇ခုနှစ် ဧပြီလတွင်   ဦးသိန်းစိန်က ယာယီဝန်ကြီးချုပ်ဖြစ်လာပြီး ထို နှစ် အောက်တိုဘာလတွင် တရားဝင် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။

အတွင်းရေးမှူး (၁) နေရာကိုမူ ယခု ဒု သမ္မတဖြစ်လာသည့် စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးကို လွှဲပြောင်းပေးခဲ့သည်။

ဝန်ကြီးချုပ်အဖြစ်ဖြင့် နိုင်ငံတကာ မျက်နှာစာတွင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ် ၊ ဂျပန်နှင့်      အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။

၂၀၀၉ခုနှစ် မတ်လအတွင်း သွားရောက်ခဲ့သည့် စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံက  သစ်ခွတမျိုးကို ဒမ်ဒရိုဗီယမ် သိန်းစိန် ဟု အမည်ပေး ဂုဏ်ပြခြင်းခံရသည်။

၂၀၁၀ ခုနှစ် ဧပြီ တွင်  ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဘက်ရာထူး  ဗိုလ်ချုပ်ကြီး အဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေး ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင် သည့် ကြံဖွံပါတီက မဲအများစုဖြင့် အနိုင်ရခဲ့ပြီးနောက် ယခု သမ္မတဖြစ်လာခဲ့သည်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များထဲ၌ ၀န်ကြီးချုပ် ဦးသိန်းစိန်သည် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ပတ်သက်မှု အနည်းဆုံး ဖြစ်ပြီး ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု အနည်းဆုံးဟု ဆိုကြသော်လည်း တိုင်းမှူး အဖြစ် တာဝန်ယူခဲ့စဉ်က ပတ်သက်ခဲ့သည့် စီးပွား ရေး သမား ရှမ်းတရုတ်လူမျိုး လား စိုးမြင့် ဆိုသူနှင့် ပတ်သက်ခဲ့ဖူးကြောင်း၊ အရေးပေးမှုများ ရှိကြောင်း စီးပွားရေး အသိုင်းအ၀န်းက ပြော ဆိုသည်။

ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတွင် သမီးနှစ်ဦးရှိပြီး တဦးဖြစ်သည့် မယဉ်သူဇာသိန်းသည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်း က ဗိုလ်ကြီး ဟန်ဝင်းအောင် နှင့် လက်ထပ်ခဲ့သည်။

ရန်ပိုင် နှင့် ခင်ဦးသာ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်