အစိုးရသစ်စာရင်း ထွက်အပြီး ရွှေနှင့် ဒေါ်လာဈေး ပြန်တက်

E-mail Print
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ၀န်ကြီး အမည်စာရင်းများကို စစ်အစိုးရ သတင်းမီဒီယာ များမှတဆင့် ထုတ်ပြန်ပြီး နောက်ပိုင်း ရန်ကုန်မြို့တွင် အမေရိကန် ဒေါ်လာနှင့် အခေါက်ရွှေများ ၀ယ်ယူမှု ရုတ်တရက် မြင့်တက်သွားပြီး ဒေါ်လာ ဈေးနှုန်းနှင့် ရွှေဈေးနှုန်း ထိုးတက်သွားကြောင်း သတင်းရရှိသည်။

Dollars-and-kyatsအကယ်ဒမီ အခေါက်ရွှေများနှင့် အမေရိကန် ဒေါ်လာများကို ငွေကြေး တတ်နိုင်သူများနှင့် စီးပွားရေးသမားများက ၀ယ်ယူစုဆောင်း လာကြသောကြောင့် ဈေးတက်သွားခြင်း ဖြစ်သည်။

“ဦးသိန်းစိန်ကို သမ္မတအဖြစ် ကြေညာချိန် ကတည်းက ရွှေနဲ့ဒေါ်လာ ၀ယ်တာ ပြန်များလာတာ။ ရွေးကောက်ပွဲ မတိုင်ခင်က စီးပွားရေး ပေါ်လစီများ ပြောင်းမလားဆိုပြီး ငွေကိုင်စောင့်ခဲ့တဲ့ စီးပွားရေး သမားတွေလည်း ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်ကို ပြန်ပြီး ၀င်လာကြတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသူတော်နှင့် နီးစပ်သူ တဦးကပြောသည်။

ယခုလ အစောပိုင်းအထိ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၃၀၀၀၀ ရှိနေရာမှ ယမန်နေ့က ၆၄၀၅၀၀ ကျပ်အထိ ဈေးတက်သွားခဲ့ပြီး အမေရိကန် ၁ ဒေါ်လာလျှင် ၈၆၃ ကျပ် ရှိနေရာမှ ၈၇၅ ကျပ်အထိ ဈေးတက် သွားခဲ့သည်။

ရွှေဝယ်ကြ သူများတွင် ရန်ကုန်၊ မန္တလေးဝယ်လက်များအပြင် နယ်မြို့ကြီးများမှ ကုန်သည်များနှင့် စီးပွားရေး သမားများ သာမက နယ်စပ်ဒေသမှ ကုန်သည်များလည်း ပါဝင်သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ရွှေရောင်းဝယ်မှု အေးနေခဲ့ပြီး သမ္မတစာရင်းနှင့် ၀န်ကြီးများစာရင်း ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ရွှေရောင်းဝယ်မှုများလာကာ ရွှေကို ပိဿာလိုက် ၀ယ်ယူသူ များလာကြောင်း ရွှေဈေးကွက်က ဆိုသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက အဆိုပါ ၀န်ကြီးဌာန၏ ၀န်ကြီးအဖြစ်နှင့်ပင် ပြန်လည် တာဝန်ထမ်းဆောင်မည် ဖြစ်သောကြောင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပေါ်လစီများ ပြောင်းလဲရန် မရှိဆိုသောအချက်မှာ ထင်ရှားလာကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှ အလုပ်အမှုဆောင် တဦးက ဆိုသည်။

“အပြောင်းအလဲက ထင်သလောက် ဖြစ်မလာဘူး။ FEC ဖျက်မလား ဆိုပြီး စိုးရိမ်ကြတာတွေလည်း ပျောက်ကုန်ပြီ။ FEC လည်း ဈေးပြန်တက်တယ်။ သွင်းကုန်သမားတွေ ပင်ရင်း နုတ်ယူပေးသွင်းငွေ (Withholding
Tax) အခွန်ဆောင်တဲ့နေရာမှာ FECနဲ့ အခွန်ဆောင်ခွင့် ပေးထားတာ ကြောင့်လည်းပါတယ်။ FEC ပြန်မာလာတယ်။ FEC ရဲ့ အခန်းကဏ္ဍ ပိုကျယ်ပြန့်လာဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။

FEC သည် မူလက တယူနစ်လျှင် ၈၀၀ ကျပ်ရှိနေရာမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ၈၅၅ ကျပ်အထိ ဈေးတက်သွားသည်။

ပြည်တွင်းဘဏ်လုပ်ငန်းနှင့် စီးပွားရေး ပညာရှင်တဦးကမူ လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ဖြင့်သာ မြန်မာ့စီးပွားရေးက ဆက်လက် ရွေ့လျားနေမည်ဖြစ်ပြီး စစ်မှန်သော ဈေးကွက် စီးပွားရေးစနစ် ဖြစ်ပေါ်လာရန် မလွယ်ကူကြောင်း သုံးသပ်သည်။

“အခုကတော့ အားလုံးသိသာသွားပြီ။ ပြဇာတ်တပုဒ် ကြည့်ရသလိုပါပဲ။ နောက်ဆုံးတော့လည်း အားလုံးက ဒုံရင်းက ဒုံရင်းပဲ ဆိုတဲ့ ပုံစံပြန်ဖြစ်သွားပြီ။ ထင်သာမြင်သာတဲ့ ပြောင်းလဲမှု ရှိမလာဘူး။ ဘဏ္ဍာရေးဝန်ကြီး နေရာကို အရင်ဝန်ကြီးပဲ ပြန်ခန့်တယ် ဆိုတာက အရင်ငွေကြေးနဲ့ ဘဏ်မူဝါဒ ဟောင်းတွေနဲ့ပဲ ဆက်သွားမယ် ဆိုတာ သိသာတယ်” ဟု သူက
ဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေ ထုတ်ပြန်ထားသော်လည်း အမေရိကန်နှင့် ဥရောပက စီးပွားရေး ပိတ်ဆို့မှု ဆက်လက် ထားရှိမည် ဆိုခြင်းကြောင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများသာ ၀င်ရောက်လာဖွယ် ရှိသည်ဟု လေ့လာသူများက ပြောဆိုနေကြသည်။

“စီးပွားရေးက ထွက်ပေါက်မရှိသလို ဖြစ်နေပြီ။ အစိုးရသစ်ကလည်း အရင်လူတွေနဲ့ပဲ ပြန်ဖွဲ့လာတာဆိုတော့ ရေရှည်ဆိုရင် သိပ်မလွယ်လှဘူး။ အစိုးရက သဘာဝ သယံဇာတ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အဆင်ပြေနိုင်ပေမယ့် တိုင်းပြည် စီးပွားရေးက မလွယ်လှဘူး။ လူတွေ ပိုပြီးကျပ်တည်းလာမယ်” ဟု UMFCCI အလုပ်အမှုဆောင်က ဆိုသည်။

ရွှေဈေး၊ ဒေါ်လာဈေးများ ထပ်မံထိုးတက်နိုင်ပြီး တရားမ၀င် မှောင်ခို ဈေးကွက်များ ဆက်လက်ရှင်သန် ကြီးထွားနေဦးမည်ဟု ပြည်တွင်း စီးပွားရေးသမားများက ခန့်မှန်း ပြောဆိုနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်