ရော့စ်ဒန်ကလေ အယ်ဒီတာချုပ်ရာထူး ဒေါက်တာတင်ထွန်းဦး ယူလိုက်ပြီ

E-mail Print
အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော မြန်မာတိုင်းမ်စ် သတင်းဂျာနယ် အယ်ဒီတာချုပ်နှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ သြစတြေးလျ နိုင်ငံသား ရော့စ်ဒန်ကလေ အဖမ်းအဆီးခံရပြီး ၃ ရက်အကြာတွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသူ ဒေါက်တာတင်ထွန်းဦးက အယ်ဒီတာချုပ် တာဝန်ကို လွှဲပြောင်း ရယူခဲ့သည်။

ross-dunkley-mmtimesမြန်မာတိုင်းမ်စ် ဂျာနယ် စီမံခန့်ခွဲမှု ကော်မတီဝင် တဦးဖြစ်သူ ဦးဝေလင်းက ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီ ၀န်းကျင်တွင် မြန်မာတိုင်းမ်စ် ၀န်ထမ်းအားလုံးကို အုပ်ချုပ်သူနှင့် အယ်ဒီတာချုပ် အပြောင်းအလဲအား ခေါ်ယူ အသိပေးခဲ့သည်ဟု အဆိုပါဂျာနယ် အယ်ဒီတာအဖွဲ့ဝင်တဦးက ပြောသည်။

စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဦးဝေလင်းက ၀န်ထမ်းများကို ခေါ်ယူပြောဆိုစဉ် အယ်ဒီတာတဦးက အသံဖမ်းယူ ထားခဲ့ပြီး ယင်းအသံဖိုင်ကို ဧရာဝတီက ရရှိခဲ့သည်။

“ရော့စ်ဒန်ကလေက ၁၀ ရက်နေ့မှာ ဘန်ကောက်က ပြန်ရောက်လာတယ်။ ၁၁ ရက်နေ့မှာ ကမာရွတ် မြို့နယ် ရဲစခန်းက လာဖမ်းသွားတယ်။ လ၀က ဥပဒေ ၁၃ (၁) နဲ့ ပုဒ်မ ၄၁ ကိုချိုးဖောက်လို့။ အဲဒီအမှုက အာမခံ မရဘူး။ အဲဒီတော့ အင်းစိန် ထောင်ကို အဲဒီညနေမှာ ရဲအစောင့်အရှောက်တွေနဲ့ ပို့လိုက်တယ်။ ကျနော်တို့လည်း လိုက်ပို့တယ်။ ၂၄ ရက်နေ့မှာ ရုံးထုတ်ဖို့ ရမန်ယူထားတယ်” ဟုဝန်ထမ်းများကို ဦးဝေလင်းက ပြောဆိုခဲ့ကြောင်း အသံဖိုင်တွင် နားထောင်ရသည်။

“ပြည်ပ မီဒီယာတွေက မေးလာရင်လည်း ဒီအတိုင်းပဲဖြေပါ၊ ဒီအတိုင်းပါပဲ။ အမှန်အတိုင်းပါပဲ။ ဘလော့ဂ်တွေ၊ အွန်လိုင်းတွေမှာ တက်သလို မုဒိန်းမှုလည်း မဟုတ်ပါ ဘူး၊ ဆေးခြောက်မှုလည်း မဟုတ်ဘူး။ သူနေလာတာ ၁၁ နှစ်ရှိပြီ၊ ဒါမျိုး ဘာအသံမှ မထွက်ဖူးဘူး။ ပြည်ပ မီဒီယာတွေက မေးလာတာမျိုးနဲ့ ဘလော့ဂ်တွေမှာ ရေးဖို့ဆိုရင်လည်း ဒီအတိုင်း အမှန်အတိုင်းပဲ ရေးပါ။ သိချင်တာ ရှိရင်လည်းမေးပါ။ ကျနော်တို့ သိသလောက် အမှန်အတိုင်း ပြောပြပါ့မယ်” ဟု ဦးဝေလင်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ၀င်ရောက်ယှဉ်ပြိုင် ရှုံးနိမ့်ခဲ့သော ဒေါက်တာ တင်ထွန်းဦးက အယ်ဒီတာချုပ်အဖြစ် လွှဲပြောင်းရယူမည်ကို ၀န်ထမ်းအများစုက မကျေနပ်ကြကြောင်း မြန်မာတိုင်းမ်စ် အယ်ဒီတာ တဦးက ပြောသည်။

“ဒေါက်တာတင်ထွန်းဦးက ၀န်ထမ်းတွေကို အုပ်ချုပ်တာ သမာသမတ်မရှိဘူး။ ရွေးကောက်ပွဲကြို ကာလက တခြားပါတီတွေ အကြောင်း  အများကြီး မရေးဖို့လည်း ရော့စ်ကို ခေါ်ပြောတယ်။ ကြံ့ခိုင်ရေး အကြောင်း အမြဲရေးတဲ့ သတင်းထောက်ကိုတော့ ဆုငွေဆိုပြီး ကျပ် ၅ သောင်း ပေးတယ်။ အခုက ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းအတိုင်း လည်ပတ်နေတာ။ သူရောက်လာရင် စီမံခန့်ခွဲမှုတွေ အားလုံး ရှုပ်ကုန်လိမ့်မယ်” ဟု အဆိုပါ အယ်ဒီတာက ပြောသည်။

ထို့အပြင် ဒေါက်တာတင်ထွန်းဦးသည် ၎င်းပိုင်ဆိုင်သည့် သုတစွယ်စုံနှင့် ပြည်မြန်မာ ဂျာနယ်တိုက်အတွင်းသို့ ဝင်ရောက်သည့် အချိန်တိုင်း ဝန်ထမ်းများအားလုံးက မတ်တတ်ရပ်၍ ကြိုဆိုကြရသည့် အလေ့အထကို ပြုရသောကြောင့် ၎င်း အယ်ဒီတာချုပ်ရာထူး ယူသည်ကို မြန်မာတိုင်းမ်စ် ဝန်ထမ်းများက မနှစ်သက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းအထိ မြန်မာတိုင်းမ်စ် ရုံးသို့ ရောက်မလာသေးသော်လည်း ဒေါက်တာ တင်ထွန်းဦး အတွက် ရုံးခန်းနှင့် နေရာထိုင်ခင်းများ ပြင်ဆင်နေပြီဟု သတင်းထောက် တဦးက ပြောသည်။

“တပတ်မှာ တရက်၊ နှစ်ရက် လာထိုင်မယ် ပြောတယ်။ ဒေါက်တာတင်ထွန်းဦး ပြောတဲ့အတိုင်း ကျနော် ပြန်ပြောမယ်နော်။ မြန်မာ လူမျိုး အချင်းချင်း ရင်းရင်းနှီးနှီး ကြိုဆိုပါလို့ ပြောတယ်။ ရော့စ်ဒန်ကလေဖြစ်တာ သူနဲ့လည်း မပတ်သက်ပါဘူး။ အဲဒါ သူပြောတဲ့ အတိုင်း ပြောတာနော်” ဟု ဦးဝေလင်းက ပြောသည်ကို အသံဖိုင်တွင် နားထောင်ရသည်။

ရော့စ်ဒန်ကလေ အဖမ်းအဆီး ခံရမှုမှာ မုဒိန်းမှု၊ ဆေးခြောက်မှုတို့နှင့် မပတ်သက်ကြောင်း ဦးဝေလင်းက ပြောဆို နေသော်လည်း ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၈ ရက်နေ့ည သန်းခေါင်ယံတွင် ကြေးစား လိင်အလုပ်သမ တဦးနှင့် ပြဿနာ ဖြစ်ပွားခဲ့သဖြင့် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ပြန်လည်ရှင်းလင်း ရေးသားထားသည့် ရော့စ်ဒန်ကလေ၏ စာတစောင်ကို ဧရာဝတီက ရရှိခဲ့သည်။

ဇန်န၀ါရီလ ၁၈ ရက် ညသန်းခေါင်းယံ မတိုင်မီတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း သိမ်ကြီးဈေး အပေါ်ထပ်ရှိ 369 နိုက်ကလပ်သို့ သွားရောက်ခဲ့ကြောင်း၊ သန်းခေါင်ယံအကျော် ၁၉ ရက်နေ့အကူးတွင် အဆိုပါ နိုက်ကလပ်မှ အမျိုးသမီး တဦးကို ကျပ် ၃ သောင်းပေးပြီး သူနှင့်အတူ အိပ်ရန် ခေါ်ယူသွားခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးမှာ အမူးလွန် နေပြီး ကားမောင်း လာစဉ် လမ်းတလျှောက်လုံး သူ့ကိုနှောင့်ယှက် ခဲ့သည့်အတွက် ယာဉ်တိုက်မှု ဖြစ်ပွားလုနီးပါး အကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် ရော့စ်ဒန်ကလေ၏ နေအိမ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါ အမျိုးသမီး အမူးလွန်ကာ၊ အသိဉာဏ် ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် သူနှင့်အတူ ညအိပ်ရန်မဖြစ်နိုင်ဘဲ အိမ်ပြန်ရန် ပြောကြားခဲ့ပြီး ကားပေါ်ပြန်တင်ကာ ရွှေတောင်ကြားလမ်း ရိုးမ ၂ ဟိုတယ်ရှေ့တွင် အဆိုပါအမျိုးသမီးကို ချထားပေးခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးကို ကားခ ကျပ် ၂၀၀၀ နှင့် အပို ငွေကျပ် ၅၀၀၀ ပေးပြီး ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ရော့စ်ဒန်ကလေအနေဖြင့် ၎င်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု တစုံတရာမပြု ခဲ့ကြောင်း အဆိုပါ ရှင်းလင်းစာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ယင်း ရှင်းလင်းစာအရ မစ္စတာရောစ့်ဒန်ကလေ မုဒိန်းမှု ကျူးလွန်ခဲ့ခြင်းမရှိဟု မြန်မာတိုင်းမ်စ်ဂျာနယ် စီမံခန့်ခွဲမှု ကော်မတီက ပြောဆိုခဲ့သော်လည်း အမျိုးသမီးတဦးနှင့် အရှုပ်အထွေးရှိခဲ့ကြောင်း သိရသည်။

မစ္စတာရော့စ်ဒန်ကလေ အနေဖြင့် ဒေါက်တာတင်ထွန်းဦးနှင့် ရှယ်ယာ ပိုင်ဆိုင်မှု အငြင်းပွားနေစဉ်ကာလအတွင်း  အမျိုးသမီးတဦးနှင့် အရှုပ်အထွေး ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံခြားသားများ မြန်မာပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားစဉ် မြန်မာနိုင်ငံအတွင်း ကောင်းမွန်စွာ နေထိုင်ပါ့မည် ဆိုသည့် သဘောတူညီချက် ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စက ဘာမှ ကြီးတဲ့ ကိစ္စတော့မဟုတ်ဘူး။ ရော့စ်ဒန်ကလေ ဆိုတာကလည်း အစောကြီးကတည်းက မိန်းမတွေနဲ့ ပတ်ရှုပ်နေတာ။ အခုက သူဖြစ်တဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ပြန်ကြားရေးနဲ့ ရဲနဲ့ ပေါင်းကြံခဲ့တာ” ဟု မြန်မာတိုင်းမ်စ် ဂျာနယ် အကြီးတန်း အယ်ဒီတာတဦးက ဧရာဝတီသို့ပြောသည်။

“ရော့စ်အတွက် ၀န်ကြီးတွေဆီကိုလည်း စာတင်ထားတယ်” ဟု ဦးဝေလင်းက ပြောခဲ့သော်လည်း မည်သည့် ၀န်ကြီးထံ စာတင်သည် ဆိုသည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာတိုင်းမ်စ် ဂျာနယ်တွင် နိုင်ငံခြားသား အယ်ဒီတာ အများအပြား လာရောက်လုပ်ကိုင်နေမှုနှင့် ရော့စ်ဒန်ကလေနှင့် ပတ်သက်သည့် နိုင်ငံခြား သတင်းထောက် အများအပြား ရွေးကောက်ပွဲကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် သည့် ကာလများတွင် သတင်းများ ရယူဖော်ပြခဲ့သည့်အပေါ် ပြန်ကြားရေးဝန်ကြီးက မျက်မုန်းကျိုးခဲ့ သောကြောင့် ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ်ဒန်ကလေတို့ ပြဿနာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာ တိုင်းမ်စ်မှ အကြီးတန်း အယ်ဒီတာက ဆိုသည်။

“ဒေါက်တာတင်ထွန်းဦးက ဟန်ပြပါ။ တကယ်တော့ ပြန်ကြားရေးက ပြန်သိမ်းလိုက်တဲ့ သဘောပါပဲ။ ယမင်းထင်အောင်ဆီက ရှယ်ယာတွေ ပြန်ဝယ်တုန်းကတည်းက ထုတ်လုပ်မှု ပိုင်းကို ၀င်မစွက်ဖက်ပါဘူးလို့ သဘောတူ ထားခဲ့တော့ ဒေါက်တာ တင်ထွန်းဦးက အများကြီးစွက်ဖက်လို့ မရဘူး။ အရင်ပုံစံအတိုင်းပဲ လည်ပတ်နေရတယ်။ ပြန်ကြားရေးကတော့ Editorial ပိုင်းကိုပါ ဒေါက်တာတင်ထွန်းဦးကို ကိုင်စေချင်လို့ အကြောင်းရှာ လိုက်တဲ့ သဘောပါပဲ” ဟု ၎င်းကပြောသည်။

ဒေါက်တာတင်ထွန်းဦး အနေဖြင့် မြန်မာဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်းမ်စ်ဂျာနယ် အတွက်သာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမည် ဖြစ်ပြီး အင်္ဂလိပ်ပိုင်း တာဝန်ယူရန်နှင့် စီမံခန့်ခွဲမှုများ ပြုလုပ်ရန် ဘေလ်ကလော့စ် အမည်ရှိ သြစတြေးလျ နိုင်ငံ သား တဦးအား ရော့စ်ဒန်ကလေက တာဝန်ပေးထားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

“ပြဿနာတွေ စဖြစ်နေတဲ့ အချိန်ကတည်းက ရော့စ်က သူ ဒီနိုင်ငံက ထွက်သွားရမယ်ဆိုတာ ကြိုသိနေပုံရတယ်။ ဘေကလော့စ် ဆိုတဲ့ သြစတြေးလျ နိုင်ငံသားကို ခေါ်လာပြီး စီမံခန့်ခွဲမှုတွေ အားလုံး လွှဲထားတယ်။ အင်္ဂလိပ်ပိုင်းကိုလည်း အဲဒီလူပဲ တာဝန်ယူဖို့ဆိုပြီး လွှဲထားတယ်” ဟု မြန်မာတိုင်းမ်စ် အယ်ဒီတာက ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်မှစပြီး မြန်မာတိုင်းမ်စ် ဂျာနယ်မှ နိုင်ငံခြားသား အယ်ဒီတာ အများစုမှာ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာ တကြိမ်သာ ရလေ့ရှိပြီး မြန်မာပြည်မှ တကြိမ်ပြန်လည်ထွက်ခွာပြီးပါက ပြည်ဝင်ခွင့်ဗီဇာ ပြန်လည် မရတော့သည့် ပြဿနာ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းကတည်းက ပြန်ကြားရေးဝန်ကြီးဌာနက ကြိုးကိုင်ထားသော ဒေါက်တာတင်ထွန်းဦးနှင့် သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေတို့ အကြား ပြဿနာ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သာကေတမြို့နယ် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တခုတွင် ဒေါက်တာတင်ထွန်းဦးက စာအုပ်လှူဒါန်းခဲ့ရာ  မြန်မာတိုင်းမ်စ် ဂျာနယ် အယ်ဒီတာချုပ် ဒေါက်တာတင်ထွန်းဦးဟု ဖော်ပြခဲ့ပြီး ဇန်န၀ါရီ ၂၈ ရက်နေ့ထုတ် မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ဒေါက်တာ တင်ထွန်းဦးအမည် မပါသော မြန်မာတိုင်းမ်ဂျာနယ် ၀န်ထမ်းအင်အား စာရင်းကို ဖော်ပြခဲ့သည်။

အစိုးရသတင်းစာများတွင် ဒေါက်တာတင်ထွန်းဦးကို အယ်ဒီတာချုပ်အဖြစ် ဖော်ပြခဲ့သည်သည်ကို စာပေးပို့ ကန့်ကွက်မှုများ ရှိခဲ့သည်။

“ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပါပဲ။ ပိုင်ဆိုင်မှု အားပြိုင်နေတဲ့အချိန်နဲ့ ရော့စ်ပြဿနာဖြစ်တဲ့ အချိန် သွားတိုက်ဆိုင်တော့ ရဲနဲ့ ပေါင်းပြီး ဖမ်းလိုက်တာပေါ့။ ကျနော့် အထင်တော့ စီရင်ချက်တွေ ဘာတွေချပြီးရင် ပြည်နှင်ဒဏ် ပေးတာတို့ ဘာတို့ပဲ လုပ်မယ်ထင်ပါတယ်။ ထောင်တော့ မကျလောက်ဘူး” ဟု မြန်မာတိုင်းမ်စ်ဂျာနယ် အယ်ဒီတာက ပြောဆိုသည်။

လက်ရှိတွင် ရော့စ်ဒန်ကလေ၏ အမှုကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးကလည်း လိုက်ပါ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ရော့စ်ဒန်ကလေ၏ ဇနီးဖြစ်သူမှာလည်း Executive Search အမည်ဖြင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခု ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်