မြန်မာ့ အင်တာနက် ပိုနှေးလာနေ

Tuesday, 08 March 2011 11:13
Print
အရှေ့အလယ်ပိုင်း နိုင်ငံများ၏ လူထုလှုပ်ရှားမှု ဂယက်များ မြန်မာနိုင်ငံတွင် ရိုက်ခတ်လာမည် စိုးရိမ်သောကြောင့် စစ်အာဏာပိုင်များက လုံခြုံရေးအရေ နည်းမျိုးစုံဖြင့် ဟန့်တားကာကွယ်နေရာ အင်တာနက် ၀န်ဆောင်မှုကိုလည်း ယခင် ထက် ပိုမိုထိန်းချုပ်နေသည်။

ygn-internet-cafeမြန်မာ့ ဖေ့စ်ဘွတ် တော်လှန်ရေး (Face Book Revolution) ဟု လှုံ့ဆော်နေသော Just Do It. (JD) များနှင့် မြန်မာနိုင်ငံတွင်း အင်တာနက် သုံးစွဲသူများအကြား ဖေ့စ်ဘွတ် (Face Book) စာမျက်နှာများ၌ ယခုလ ၁၃ ရက်နေ့နံနက် ၈ နာရီ တွင် အီဂျစ် အစရှိသည့် အာဏာရှင် နိုင်ငံ တချို့၌ ဖြစ်ပွားသည့် လူထု လှုပ်ရှားမှုမျိုး လုပ်ဆောင်ရန် လှုံ့ဆော်မှုများကြောင့် အစိုးရက ပိုမိုထိန်းချုပ် လာသည့် အတွက် ယခုရက်ပိုင်းအတွင်း အင်တာနက် မြန်နှုန်းများ သိသာစွာ နှေးကွေးသွားကြောင်း အင်တာနက်သုံးစွဲသူ မြန်မာလူငယ်များက ဧရာဝတီကို ပြောသည်။

“အခုကျနော်တို့ JD တွေ အနေနဲ့ အရင်ကထက် အင်တာနက် ဖေ့စ်ဘွတ်တွေက တဆင့် လူထုလှုပ်ရှားမှု ဖြစ်လာဖို့ လုပ်နေတာမှာ သူတို့ (အစိုးရ) က အင်တာနက်ကို ပိုထိန်းချုပ်လာတာ သတိထားမိတယ်”ဟု JD တဦးက ဧရာဝတီသို့ ပြောသည်။

Just Do It. (JD) အင်တာနက် စာမျက်နှာကို တက်ကြွ မြန်မာ လူငယ်များက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တပတ်ကျော် ကာလအတွင်း ပူးပေါင်းပါဝင်သူများ တထောင်ကျော် အထိ တမုဟုတ်ချင်း များပြားလာကာ တချို့မြို့များတွင် လှုံ့ဆော်စာဝေခြင်း၊ ပိုစတာများ ကပ်ခြင်းများ အထိပင် ကျယ်ပြန့်လာကြောင်း သိရသည်။

“အင်တာနက် က မြန်မာနိုင်ငံမှာ လိုင်းပုံစံအားဖြင့် ADSL Broadband, Wi-Max ဆိုတာအပြင် အခု CDMA 800 MHZ ဖုန်းနဲ့ သုံးတဲ့ပုံစံ၊ နောက်ဖုန်းတလုံးပါတဲ့ Mac- Wall ဆိုတာ တမျိုးပေါ့၊ နောက်တခု က Sky –Net လို့ခေါ်တဲ့ ဂြိုဟ်တု စလောင်းဖမ်းစက်နဲ့ တွဲသုံးတဲ့စနစ် ဆိုပြီးရှိတယ်။ Broadband Cable က အရင်က စစ်တပ်အရာရှိကြီးတွေပဲ ချပေးခဲ့တာ၊ သူက လိုင်းအကောင်းဆုံးပဲ၊ နောက်ပိုင်း မချပေးတော့ဘူး၊ အခု နောက်ထပ် အင်တာနက်လိုင်းတွေကို အများကြီး ချပေးလိုက်တာလဲ ပိုနှေးစေတယ်”ဟု မြန်မာ ကွန်ပျူတာ ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

အင်တာနက်ဆိုင် လုပ်ငန်းများလည်း ယခင်ကထက် သုံးစွဲသူ နည်းပါးလာခြင်းသည် မြန်နှုန်းကျခြင်း၊ လုံခြုံရေး ကင်မရာများ တပ်ဆင်ထားခြင်းနှင့် တချို့ဆိုင်များတွင် Spy Software များ အသုံးပြုခြင်းများကြောင့် ဟု အင်တာနက် ဆိုင်ပိုင်ရှင် လူငယ်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ စာရင်းမှာ၂၀၀၀ ခုနှစ်က သုံးစွဲသူ ၁၀၀၀ ၀န်းကျင်သာ ရှိခဲ့ရာက ၂၀၁၀ ပြည့်နှစ် တွင် တသိန်းတသောင်း အထိရှိလာပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၀.၂ ရာခိုင်နှုန်းခန့်သာ သုံးစွဲနိုင်သေးကြောင်း၊ ယခုနှစ်တွင် နောက်ထပ် အင်တာနက် လိုင်းများ တိုးချဲ့ချထားပေးခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည်။