သဘာဝဘေး အချိန်မရွေး ကျရောက်နိုင်၊ အဆောက်အအုံများ ခိုင်ခန့်ရန်လို

E-mail Print
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများ၌ ငလျင်ကဲ့သို့ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုသည် အချိန်မရွေး ကျရောက်လာနိုင်၍ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပိုမိုခိုင်ခန့်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်း၏ ဥက္ကဋ္ဌ နှင့် ဘူမိဗေဒ ပညာရှင် ဒေါက်တာ ၀င်းဆွေ က ပြောသည်။

earthquake-goes-through-the-rubble-of-his-destroyed-house“ငလျင်လှုပ်လို့ လူမသေဘူးဗျ၊ အဆောက် အအုံတွေပိလို့ သေကြရတာ များတယ်”ဟု ဒေါက်တာ ၀င်းဆွေက ဧရာဝတီကို ပြောသည်။

အထူးသဖြင့် မြို့ပြဒေသများ၌ လူနေထူထပ်လာပြီး အဆောက်အအုံ များပြားလာကာ အထပ်မြင့်များ၊ ကွန်ဒို အဆောက်အအုံများ ပေါများလာခြင်းနှင့်အတူ ခိုင်ခန့်မှုအပိုင်းကိုပါ အလေးထား လုပ်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ ကြီးမားသော ငလျင်လှုပ်ခတ်မှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ကြောင်း၊ မကြာခင်ရက်ပိုင်းက လှုပ်ခတ်ခဲ့သော ရှမ်းပြည်နယ်၊ ကျိုင်းတုံ၊ တာချီလိတ် ဒေသ၌ ယခင်ကလည်း လှုပ်ခတ်ခဲ့ ဖူးကြောင်း၊ သို့သော် လူနေထိုင်မှု နည်းပါးခြင်း၊ အဆောက်အအုံ နည်းပါးခြင်းတို့ကြောင့် ယခုကဲ့သို့ သေဆုံးမှု မရှိခဲ့၍ လူသိမများ ခဲ့ကြောင်းလည်း ဒေါက်တာ ၀င်းဆွေက ပြောသည်။

မြန်မာနိုင်ငံ၌ လူနေအထူထပ်ဆုံးဖြစ်သော ရန်ကုန်မြို့၌ ယခုအခါ ကန်ထရိုက်တိုက် အဆောက် အအုံများပေါများလာပြီး အများစုမှာ စိတ်မချရကြောင်း၊ ခိုင်ခန့်မှု အားနည်းခြင်း တို့ကြောင့် အဆောက်အအုံ မပြီးစီးခင်ပြိုကျပြီး လူအသေ အပျောက်များ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (စည်ပင်) အဆောက်အအုံ ဌာန၏ အငြိမ်းစား ၀န်ထမ်းတဦးက ဧရာဝတီကို ပြောသည်။

“စည်ပင်က တာဝန်ရှိသူတွေက ဆောက်ပြီးတဲ့ ကန်ထရိုက်တိုက်တွေကို သွားစစ်ဆေးရတယ်၊ အဲဒီလို စစ်ဆေးတဲ့အခါ ကန်ထရိုက်တချို့က သေချာ စစ်ဆေးမှာကို မလိုလားဘူးဆိုရင် စစ်ဆေးတဲ့သူနဲ့ ညှိပြီးတော့ အဆင်ပြေသွား တတ်တယ်”ဟု ၎င်း က ဆိုသည်။

အထက်ပါ စည်ပင် ၀န်ထမ်းက ဆက်လက်ပြီး“ရန်ကုန်မှာသာ တာချီလိတ်လိုမျိုး ငလျင်လှုပ်ရင်တော့ အကုန်သေကြမှာ၊ တိုက် တွေက ခိုင်ခန့်မှု အားနည်းတော့ အတော့်ကို စိုးရိမ်စရာ ကောင်းပါတယ်”ဟု ပြောဆိုသည်။

ကန်ထရိုက်တိုက်များ ခိုင်ခန့်မှုနည်းပါးရခြင်းမှာ ဆောက်လုပ်ရေးသုံးပစ္စည်းများ ဈေးနှုန်းအဆမတန်မြင့်မား၍ ကုန်ကျမှုများပြား ခြင်း၊ တိုက်ခန်းများအား ပြန်လည်ရောင်းချရာ၌ အမြတ်အစွန်းနည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့၌ ငလျင်ကြီး မလှုပ်သော်လည်း တိုက်ပြိုကျခြင်း၊ ၀ရံတာမှပြုတ်ကျ၍ သေဆုံးခြင်း စသည့်သတင်းများကို ပြည်တွင်း ထုတ် ဂျာနယ်များ၌ မကြာခဏ ရေးသားဖော်ပြခဲ့ကြသည်။

“ငလျင်လှုပ်ရင် ရုတ်တရက် ထွက်ပြေးတာတို့၊ အကြောက်လွန်ပြီး ခုန်ချတာတို့ မလုပ်ရဘူး၊ အပေါ်က ပစ္စည်းတခုခုပြုတ်ကျတာတွေ ဖြစ်ရင် အန္တရာယ်များတယ်၊ သတိထားပြီးတော့ အဆောက်အအုံနဲ့ ဝေးရာမှာ သွားနေရမယ်၊ ထိုင်နေရမယ်၊ ဒါမှ မဟုတ် ခိုင်ခန့် တောင့်တင်းတဲ့ စားပွဲတွေအောက်မှာ ၀င်နေရမယ်”ဟု ဒေါက်တာ ၀င်းဆွေ က ပြောသည်။

သဘာဝ ဘေးအန္တရာယ်သည် အချိန်မရွေးကျရောက်လာနိုင်၍ ပညာပေးမှု အပိုင်းနှင့်ကျရောက်ပြီးပါက အရေးပေါ်လုပ်ဆောင် ရမည့် ကူညီကယ်ဆယ်ရေးကိစ္စများကိုလည်း ကြိုတင်၍ စနစ်တကျဆောင်ရွက်ထားရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက် လက် ပြောဆိုသည်။

“ဂျပန်ဆိုရင် ကြိုတင်ပြင်ဆင်ထားမှု၊ နည်းပညာ၊ အရေးပေါ် ကူညီမှု အပိုင်းတွေက အကောင်းဆုံး လုပ်ဆောင်ထားတယ်၊ အဲဒါတောင် သဘာဝ ဘေးအန္တရယ်ကို ကာကွယ်တားဆီမှု အပြည့်မလုပ်နိုင်လိုက်ဘူး”ဟု ဒေါက်တာ ၀င်းဆွေ က ဆိုသည်။

ငလျင်၏ သဘောသဘာဝသည် တခါလှုပ်ခတ်ပြီးပါက ထိုနေရာ၌ နောက်ထပ်တဖန် လှုပ်ခတ်တတ်ကြောင်း၊ သို့သော် နောက် တကြိမ်သည် မည်သည့်အချိန်တွင်လှုပ်ခတ်မည်ကို အတိအကျ မပြောနိုင်ကြောင်း၊ နှစ်ပေါင်း ဆယ်ချီ၊ ရာချီ၊ ထောင်ချီ၍ ကြာ တတ်ကြောင်း သိရသည်။

“ငလျင်ဘေးက ကျန်တာနဲ့မတူဘူး၊ အတော့်ကိုဆိုးတဲ့ အန္တရာယ်၊ ဒါကြောင့် သတိထားဖို့အရေးကြီးတယ်၊ ငလျင်လှုပ်ပြီးတာနဲ့ ကူညီမှုတွေ အချိန်မီဖို့ အရေးကြီးတယ်၊ မဟုတ်ရင် နောက်ဆက်တွဲ အန္တရာယ်တွေက ထပ်ဖြစ်လာတာတွေ ရှိတတ်တယ်”ဟု ဒေါက်တာ ၀င်းဆွေ က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ်၌ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူပေါင်း ရာဂဏန်းသေဆုံးခဲ့ပြီး ဒုက္ခရောက်နေသူ
ပြည်သူများအတွက်မူ ကူညီကယ်ဆယ်ရေး ကိစ္စများ မလုံလောက်သည့်အပြင် ပုဂ္ဂလိက အလှူရှင်များမှာလည်း လွတ်လပ်စွာလှူခွင့် မရကြဟု ဒေသခံများက ပြောဆိုကြသည်။

မြန်မာနိုင်ငံ၌ ယခင်က လှုပ်ခတ်ခဲ့သော ငလျင်များသည် ပျက်စီးဆုံးရှုံးမှု များခဲ့သော်လည်း လူသေဆုံးမှု နည်းပါးခဲ့ကြောင်း သိရ သည်။

၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး၌ ပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှု မရှိခဲ့ပေ။

မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်များအနက် ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော အင်းဝ ငလျင်၊ ၁၉၂၇ တွင်လှုပ်ခတ်ခဲ့သော ပဲခူးငလျင်၊ ၁၉၃၀ တွင်လှုပ်ခတ်ခဲ့သော ဒုတိယ အကြိမ်မြောက် ပဲခူး ငလျင်နှင့် ၁၉၇၅ တွင်လှုပ်ခတ်ခဲ့သော ပုဂံငလျင်တို့သည် ပျက်စီးဆုံးရှုံးမှုကြီးမားသော ငလျင်များဖြစ်သည်။

“မြန်မာနိုင်ငံမှာ အဓိက ငလျင်ကြော ၂ ခုရှိပါတယ်၊ စစ်ကိုင်း ငလျင်ကြောနဲ့ အိန္ဒိယ နယ်စပ်က ငလျင်ကြောဆိုပြီးရှိတယ်၊ စစ်ကိုင်း ငလျင်ကြောက ကုန်းတွင်းမို့ ဆူနာမီ ဖြစ်လာနိုင်ခြေနည်းပါးတယ်၊ အိန္ဒိယ နယ်စပ် ငလျင်ကြော ဖြစ်ရင်တော့ နောက် ဆက်တွဲ ဆူနာမီလို ဟာမျိုးကို သတိထားဖို့လိုအပ်တယ်၊ အိန္ဒိယ နယ်စပ်ငလျင်ကြောက အင်ဒိုနီးရှားနဲ့ပိုပြီးဆက်စပ်နေတယ်” ဟု ဒေါက်တာ ၀င်းဆွေက ရှင်းပြသည်။

မြန်မာနိုင်ငံ၌ စစ်ကိုင်း၊ မိုးမိတ်၊ ကဘော်၊ ဂွေးချို၊ မြောက်ဦး၊ ကျောက်ကြမ်း၊ ဖာပွန်နှင့် ဘုရားသုံးဆူ ငလျင်ကြောများရှိကြောင်း သိရသည်။

စစ်ကိုင်း ငလျင်ကြောသည် ဟူးကောင်းတောင်ကြား အပါအ၀င် မိုးကောင်း၊ မိုးညှင်း ဒေသများမှတဆင့် ဧရာဝတီမြစ်ကြောင်း တလျှောက်၊ ထိုမှတဆင့် မန္တလေး အထက်ပိုင်းဒေသများ၊ စစ်ကိုင်း တောင်ရိုး၊ တောင်ငူ၊ ပဲခူး စသည့် ဒေသများကို ဖြတ်သန်း သွားကြောင်း ဒေါက်တာ ၀င်းဆွေက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်