အစိုးရသစ် နယ်စပ်အရေး ကိုင်တွယ်ရန် တရုတ်မျှော်လင့်

E-mail Print
မကြာသေးမီက ကျမ်းသစ္စာ ကျိန်ဆိုပြီးသော သမ္မတသစ် ဦးသိန်းစိန်ကို ပထမဆုံးသော ပြည်ပကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင် နံပတ် ၄ အဆင့်ရှိ မစ္စတာ ကျာ ချင်းလင်က ယမန့်နေ့တွင် လာရောက်တွေ့ဆုံသည်။

China-official-visits-to-mm-new-govဧပြီလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရင့် ၁၁ ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျာ ချင်းလင် သည် ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ အဆင့်မြင့် ဆက်ဆံရေး တိုးမြှင့်သွားရေး၊ တရုတ်-မြန်မာ နယ်စပ်ကိစ္စနှင့် စီးပွားရေးဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားသည်။

“မြန်မာအစိုးရသစ်အနေနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် တည်ငြိမ်တဲ့ ပတ်ဝန်းကျင် ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မစ္စတာ ကျာ ချင်းလင်က ထုတ်ဖော်ပြောဆိုကြောင်း ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြသည်။

မြန်မာအစိုးရသစ် တက်လာသော်လည်း တရုတ်အပေါ် မြန်မာနိုင်ငံ၏ မူဝါဒများ ပြောင်းလဲခြင်းမရှိဟု မြန်မာ သမ္မတသစ်က အတည်ပြုကြောင်း၊ အဓိကကျသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း တရုတ်မီဒီယာများက ရေးသားကြသည်။

သို့သော် အစိုးရထိန်းချုပ်သော မြန်မာ သတင်းစာများကမူ “မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေသည့် လုပ်ရပ်မှန်သမျှ တရုတ်နိုင်ငံက ဆန့်ကျင်” မည်ဟု ပြောကြောင်း အသားပေးဖော်ပြထားသည်။

တရုတ်နှင့် မြန်မာသည် နိုင်ငံရေးနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေကြသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော်လည်း နှစ်နိုင်ငံနယ်စပ်ရှိ မြန်မာ တိုင်းရင်းသားလူမျိုးစုများ အရေးနှင့် ပတ်သက်၍ မတူသော အမြင်များရှိနေကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအဝိုင်းမှ သိရသည်။

နေပြည်တော်မှ အဆင့်မြင့်အရာရှိတဦးက တရုတ်-မြန်မာ နယ်စပ်ရှိ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စသည့် တိုင်းရင်းသားတပ်ဖွဲ့များအရေးနှင့် ပတ်သက်၍ “ဟုတ်ပါတယ်၊ နယ်စပ်ပြဿနာဟာ တရုတ်အတွက် ခေါင်းခဲစရာဖြစ်ပါတယ်။ ဒီနယ်စပ် တိုင်းရင်းသားအရေးကို ကိုင်တွယ်ဖို့ တရုတ်ရဲ့အကူအညီလိုပေမယ့် တရုတ်က မပေးချင်ဘူး။ တရုတ်က မြန်မာအစိုးရကို ကိုယ့်ဟာကိုယ် ပြေလည်အောင် ဖြေရှင်းစေချင်နေတယ်” ဟု ပြောသည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်အဖွဲ့ (ခေါ်) မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ကို နအဖစစ်အစိုးရက ထိုးစစ်ဆင်ခဲ့ရာတွင် ဒေသခံ တရုန်-ကိုးကန့် ၃ သောင်း ၇ ထောင်ကျော် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့သည်။

ထိုသို့ ထိုးစစ်ဆင်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကိုးကန့်အဖွဲ့နှင့် တခြားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် နအဖစစ်အစိုးရက ကမ်းလှမ်းထားသော အပစ်အခတ်ရပ်စဲရေးနှင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးတို့ကို ငြင်းပယ်ခဲ့သည်။

တရုတ်အဆင့်မြင့် ကိုယ်စားလှယ် မစ္စတာ ကျာ ချင်းလင်ကို သမ္မတ ဦးသိန်းစိန်အပါအဝင် ဒု သမ္မတနှင့် ကုန်သွယ်ရေးမူဝါဒကောင်စီ ဥက္ကဋ္ဌ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် စသူတို့က လက်ခံတွေ့ဆုံခဲ့သည်။ မစ္စတာ ကျာ ချင်းလင်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။

တရုတ်ကိုယ်စားလှယ် အဖွဲ့သည် ယင်းတို့၏ ၄ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရသစ်နှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် စာချုပ် ၅ ခုချုပ်ဆိုသည်။ ယင်းတို့အထဲတွင် တရုတ်နိုင်ငံက မြန်မာသို့ တရုတ် ယွန်ငွေ ဘီလီယံ ၃၀ ချေးငွေအောက်မှ ပထမအသုတ် ချေးငွေ သဘောတူစာချုပ်၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သဘောတူညီချက်များပါဝင်သည်။

မစ္စတာ ကျာ ချင်းလင်သည် သူရ ဦးရွှေမန်း၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး မြန်မာခရီးစဉ်ပြီးလျှင် သြစတြေးလျနှင့် ဆာမိုအာ နိုင်ငံများသို့ ခရီးဆက်မည်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်