အိန္ဒိယ-မြန်မာ နယ်စပ် သစ်မှောင်ခိုသမားများ ဖမ်းဆီး

E-mail Print
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ရှိ သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူများနှင့် သစ်တောဦးစီးဌာန ၀န်ထမ်းများကို နေပြည်တော်မှ အထူးစုံစမ်းရေးအဖွဲ့က ပြီးခဲ့သည့် အင်္ဂါနေ့တွင် ထိန်းသိမ်းလိုက်ပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

india-mm-border“နေပြည်တော်က အထူးစုံစမ်းရေး လာစစ်ပြီးတော့ သစ်လုပ်ငန်းရှင် ၇၀ ကျော်ကို ဖမ်းလိုက်တာ။ အိန္ဒိယဘက်ခြမ်း မိုးရေး နဲ့ အင်ဖားဘက် ထွက်ပြေးတဲ့သူတွေကိုလည်း အစိုးရခြင်း ညှိနှိုင်းထားတာရှိတော့ အိန္ဒိယဘက်ထိ ၀င်ဖမ်းတယ်။ မနေ့က တော့ သစ်တောက ၀န်ထမ်းတွေကို ထပ်ဖမ်းထားတယ်”ဟု ၀န်ထမ်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ထိန်းသိမ်းခံရသူများတွင် တမူးမြို့ရှိ သစ်စက်ပိုင်ရှင်များ၊ ကျွန်းသစ်ထုတ်လုပ်သူများ၊ မြန်မာနိုင်ငံမှကျွန်းသစ်များကို အိန္ဒိယ နိုင်ငံသို့ တရားမ၀င် တင်ပို့ရောင်းချနေသူများနှင့် သစ်တောဦးစီးဌာန ၀န်ထမ်းများပါဝင်ကြောင်း၊ သစ်တောဝန်ထမ်းများကို သစ်တောဦးစီးဌာန ရိပ်သာတွင် အကျယ်ချုပ်ဖြင့်ထားရှိပြီး ကျန်သူများကိုမူ တမူးမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထား သည် ဟု ၎င်းက ဆိုသည်။

“ဖမ်းထားတာက လုပ်ငန်းရှင်တွေနဲ့ သစ်တောက အငယ်တန်းဝန်ထမ်းတွေပဲ။ သစ်ကိစ္စတွေမှာ လူကြီးတွေနဲ့ ခွဲပြီးလုပ်ကြ တာ ခရိုင်အဆင့်ကလို လူကြီးတွေလည်း ပါပေမယ့် အခုဖမ်းထားတဲ့ အထဲတော့ သူတို့ မပါသေးဘူး”ဟုလည်း ၀န်ထမ်း အသိုင်း အ၀ိုင်းနှင့် နီးစပ်သူက ပြောသည်။

တမူးရဲစခန်းနှင့် တမူးမြို့နယ် သစ်တောဦးစီးဌာနသို့ ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

သစ်နှင့် သစ်တောထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသူများမှ ခရိုင်အဆင့်အာဏာပိုင်များ အစရှိသည့် သက်ဆိုင်ရာ အာဏာ ပိုင် အဖွဲ့အစည်းများကို လာဘ်ငွေပေး၍ တရားမ၀င် ထုတ်လုပ်ခြင်း၊ အိန္ဒိယနိုင်ငံသို့ တင်ပို့ခြင်းများ ပြုလုပ်နေကြသည်ဟု ဒေသခံများက ပြောဆိုသည်။

“သစ်ခွဲစက်တခုဟာ ခရိုင်ကို လစဉ်ကြေး ကျပ် ၃ သိန်းပေးရတယ်။ ပရိဘောဂ လုပ်ငန်းတခုက ၂ သိန်း၊ အဲ့ဒီလိုမျိုး လာဘ် ထိုးရတယ်။ အခုက အထက်က စီမံချက်ဆိုပြီး ဖမ်းတာတွေ လုပ်လာတာ”ဟု တမူးဒေသခံ တဦးက ပြောသည်။

ကျွန်းသစ်နှင့် သစ်မာများ၏ မှောင်ခိုဈေးကွက်၌ တရားဝင်ပေါက်ဈေးများနှင့် ထက်ဝက်ခန့် ကွာဟနေခြင်းမှာ သစ်နှင့် သစ် တောထွက်ပစ္စည်း တရားမ၀င်ဈေးကွက် ကျယ်ပြန့်ရှင်သန်နေခြင်း၏ အကြောင်းအရင်း တရပ်ဖြစ်ကြောင်း နယ်စပ် ကုန် သည် များက ပြောသည်။

“တရားဝင်ဈေးက သစ်တတန်ကို ကျပ် ၇ သိန်းလောက် ပေါက်နေတာ။ သူခိုးဈေးကျတော့ ၄ သိန်းလောက်နဲ့ ရရင်ရနေတော့ ဈေးချိုတာကိုပဲ လိုချင်ကြတော့ မှောင်ခိုဈေးကွက်က အလုပ်ဖြစ်နေတာ”ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ သစ်တောများမှ ကျွန်းနှင့် သစ်မာများကို နယ်စပ် တမူးနှင့် မိုးရေးမြို့များမှတဆင့် အိန္ဒိယသို့ တရားမ၀င်တင်ပို့ရာတွင် သစ်ခွဲသားများအဖြစ် တင်ပို့လေ့ရှိသည်ဟု ၎င်းက ဆိုသည်။

“နှစ်နိုင်ငံ ကုန်သည်တွေ ပေါင်းလုပ်တာပေါ့။ သူတို့က တောလမ်းကနေ သစ်တွေသယ်တယ်။ တမူးသစ်စက်တွေမှာခွဲတဲ့ ခွဲသားတွေကို မိုးရေးကိုပို့တယ်။ မိုးရေးကနေမှ တဆင့် အင်ဖားကို ဘတ်စ်ကားတွေနဲ့ ပို့ပြီး ပြန်ဖြန့်တာ။ နယ်စပ်မှာက သစ် ကားတွေ နေ့တိုင်း ၁၀ စီးအထက် ၀င်ထွက်နေတာ”ဟုလည်း အထက်ပါ နယ်စပ်ကုန်သည်က ပြောသည်။

ထို့အပြင် တမူးမြို့၏ တဘက်ခြမ်း အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့ဝန်းကျင်ဒေသတွင် အိန္ဒိယနိုင်ငံမှ ကျားရိုး၊ ကျားစွယ် ကဲ့သို့သော ရှားပါးသစ်တောထွက်ပစ္စည်းများ မြန်မာနိုင်ငံကို ဖြတ်၍ တရုတ်နိုင်ငံသို့တရားမ၀င်တင်ပို့မှုများအား အိန္ဒိယ အာဏာပိုင်များက မကြာခဏ ဖမ်းဆီးရမိမှုများလည်း ရှိသည်။

မြန်မာနိုင်ငံမှ အိန္ဒိယသို့ တရားမ၀င် သစ်တင်ပို့မှုများကို အရေးယူစစ်ဆေးခြင်းမှာမူ ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်