နေပြည်တော် ရပ်/ကျေး အုပ်ချုပ်ရေးမှူးနေရာ ကြံ့ဖွံ့အများစုရ

E-mail Print
နေပြည်တော်ခရိုင်တွင် ရပ်ကွက်နှင့် ကျေးရွာ (ရပ်/ကျေး) အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုကို မကြာသေးခင် ရက်ပိုင်းက ကျင်းပခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က အများစုနှင့် စစ်မှုထမ်းဟောင်းတချို့ ရွေးချယ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

နေပြည်တော် ၈ မြို့နယ်လုံးတွင် တပြိုင်တည်းကျင်းပခဲ့သော ယင်းအုပ်ချုပ်ရေးမှူး နေရာအတွက် ဒေသခံပြည်သူအားလုံးကို ဖိတ်ကြားခြင်းမရှိဘဲ ရွေးချယ်ဖိတ်ကြားထားသူများက အဆိုတင်သွင်းသော သူများကို မြို့နယ် ရဲစခန်းမှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေး (လ၀က) ဦးစီးအရာရှိ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေး မန်နေဂျာနှင့် မြို့နယ် ပို့ဆောင်ဆက်သွယ်  ရေး တို့မှ တဦးစီ ပါဝင်သော ၅ ဦးအဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြကာ ရွေးချယ်သောစနစ်ဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲ ဆိုပေမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအောင်နိုင်ရေးအတွက် လုပ်ခဲ့ကြတဲ့ စည်းရုံးရေးမှူးအများစု အမည်ကို စာရင်းတင်ခိုင်းပြီး ရွေးချယ်လိုက်တာပါပဲ။ ပထမတော့ ပဏာမ ၅ ဦးရွေးတယ်။ အဲဒီ ၅ ဦးကို ၅ ဦးပါအဖွဲ့ ပြည်ထဲရေး ၀န်ကြီးဌာန ကို တင်ပြပြီး တဦးပြန်ရွေးပါတယ်”ဟု နေပြည်တော် ဒေသခံ တဦးက ပြောသည်။

ယင်းကဲ့သို့ ပဏာမ ၅ ဦးတင်သည့်အနက် ၃ ဦးခန့်မှာ ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူများ၊ ပါတီဝင်များ၏ မိသားစု၊ ဆွေမျိုးအသိုင်း အ၀ိုင်း များသာ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအများစုကို ကြံ့ဖွံ့ပါတီမှ ရပ်/ကျေးစည်းရုံးရေးမှူးအများစု ရရှိခဲ့ပြီး စစ်မှုထမ်းဟောင်း တချို့လည်း ပါဝင်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

“ကြံ့ခိုင်ရေးနဲ့ စစ်မှုထမ်းဟောင်း အချိုး ဘယ်လောက်ပါတယ်ဆိုတာတော့ သေချာမတွက်ရသေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

စစ်မှုထမ်းဟောင်းအများစုကို ဥတ္တရသီရိမြို့သစ်နှင့် ပုဗ္ပသီရိမြို့သစ်ရှိ ၀န်ထမ်းအိမ်ရာ အများစုရှိရာ မြို့နယ်များတွင် ရွေးချယ်ခဲ့ပြီး ကျန်နေရာအများစုတွင်  ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးများသာ အရွေးချယ် ခံရကြောင်း သိရှိရသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ရေးစည်းမျဉ်းများတွင် မည်သည့်နိုင်ငံရေးပါတီဝင်မှ မဖြစ်ရ ဟူသည့် အချက်ပါရှိသော်လည်း ယင်းအချက်ကို မည်သူကမျှ ထောက်ပြ ပြောဆို ဝေဖန်ရဲခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“ကျနော်တို့က စည်းမျဉ်းနဲ့ မညီလို့ သွားပြောရင် သူတို့က အငြိုးနဲ့ တခုခုလုပ်ရင် ကိုယ်ပဲခံရမှာဗျ”ဟု နေပြည်တော် ပျဉ်းမနားမြို့ခံ တဦးက ဆိုသည်။

ကြံ့ဖွံ့ပါတီဝင် ရပ်/ကျေးစည်းရုံးမှူးများသည် ယမန်နှစ် နိုဝင်ဘာလက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရရှိရန် အတွက် ကြိုတင်မဲများ ရယူခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အများ ပြည်သူကို  ကြံ့ဖွံ့ပါတီအား မဲပေးရန် အဓမ္မတိုက်တွန်းခြင်းများပြုလုပ်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်အတွက် ကျပ် ၁၅ သိန်းတန် ကမ်းရိုးတန်းဖုန်း တလုံးနှင့် ငွေ ကျပ် တသိန်းကို ပါတီက ပေး အပ်ခြင်း ခံရသူများဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ယင်းပြောင်းလဲခန့်ထားမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာ ရလိုသူများက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများတွင် ငွေကြေးလာဘ်လာဘပေး၍ ဆောင်ရွက်နေကြကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာရသူများသည် လစာ အနေဖြင့် ကျပ် ၅၀၀၀၀ ရရှိမည်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

နအဖ စစ်အစိုးရ အတည်ပြုထားသော၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၈၈ အရ ခရိုင်အဆင့်ဆင့်၊ မြို့နယ်အဆင့်ဆင့် တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၂၈၉ အရ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စု ၏ အုပ်ချုပ်ရေးကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာ၊ သမာဓိ ရှိသည့် ပုဂ္ဂိုလ် တဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည် ဖြစ်ကြောင်း ပါရှိသည်။

ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန်နှင့် တခြားသော ဒေသများ၌ အစိုးရသစ် စတင် အာဏာလွှဲပြောင်း ရယူသော ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်အသစ် များကို ပြောင်းလဲ တပ်ဆင်မှုများ ပြုလုပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်