ပြန်ပေးဆွဲမှုတွင် ပါဝင်သူ စုစုပေါင်း ၉ ဦးရှိမည်ဟု တရုတ် အာဏာပိုင်တို့က ယူဆနေကြသည်။ ယခု ဖမ်းဆီးခံရသူ နှစ်ဦး အနက် တဦးမှာ တရုတ် လူငယ်များကို အလုပ်အကိုင် ရှာဖွေပေးမည်ဟု အယုံသွင်း ပြောကြားပြီး မြန်မာပြည် အတွင်းသို့ ခေါ်ဆောင်သွားသူ ဖြစ်သည်ဟု Shanghai Daily အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ပြန်ပေးဆွဲ ခံရသူပေါင်း အနည်းဆုံး ၅၀ ရှိပြီး၊ ဆယ်ကျော်သက် အရွယ် အမျိုးသားများ ဖြစ်သည်ဟု Shanxi ခရိုင် ရဲတပ်ဖွဲ့က ပြောကြားကြောင်း တရုတ်နိုင်ငံမှ လာသည့် သတင်းများက ဆိုသည်။
ပြန်ပေးဆွဲ ခံရသူထဲတွင် အဆိုပါ Shanxi ခရိုင်မှ လူငယ် ၁၉ ဦး ပါဝင်ပြီး ယခုအခါ ၁၇ ဦး ပြန်လည် လွတ်မြောက်လာပြီး ဖြစ်သည်ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။
မိဘများက ပြန်ပေးဆွဲသူများ တောင်းဆိုသည့် တရုတ်ယွမ်ငွေ နှစ်သောင်းမှ တသိန်းအထိ ပေးအပ်နိုင်ခဲ့သဖြင့် ထိုလူငယ်များ ပြန်လည် လွတ်မြောက် လာခြင်းဖြစ်သည်ဟု ဆိုသည်။
ပြန်လွတ်လာသူ တဦး၏ ပြောပြချက်အရ တရုတ် နိုင်ငံသား ၂ ဦးက ၎င်းနှင့် သူငယ်ချင်း တချို့ကို နယ်စပ်မှ တဆင့် ကချင်ပြည်နယ်သို့ ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ မြစ်ကြီးနားမြို့ရှိ ကာစီနို လောင်းကစားရုံ တခုတွင် အခန်းတခု အတွင်း ပိတ်လှောင် ခံခဲ့ရသည်ဟု ဆိုသည်။ ပြန်ပေးဆွဲ သူများက ၎င်းတို့အား မိသားစုထံ ဖုန်းဆက်စေပြီး ငွေကြေးဖြင့် ပြန်လည် ရွေးယူစေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြန်ပေးဆွဲ ခံထားရသည့် လူငယ်တချို့ နှိပ်စက် ညှဉ်းပန်း ခံရသဖြင့် သတ်သေ ခဲ့သည်ဟု သတင်း ကြားသိရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာန တခုဖြစ်သော Kachin News Group မှ ကိုနော်ဒင်က ဧရာဝတီသို့ ယမန်နေ့က ပြောပြခဲ့သည်။
< Prev | Next > |
---|