အစိုးရသစ် လွတ်ငြိမ်းချမ်းသာ အမိန့် ဝေဖန်ရှုတ်ချမှုများရှိ

E-mail Print
ဦးသိန်းစိန် အစိုးရ၏ ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အပေါ် နိုင်ငံရေးအကျဉ်းသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ၊ မြန်မာ့အရေး လုပ်ဆောင်နေသူများ၏ ဝေဖန်ရှုတ်ချမှု များစွာ ရှိနေသည်။

Prisoners-walk-out-Myanmar-Insein-Prisonမေလ ၁၆ ရက်နေ့ ညနေပိုင်းက နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့်ရေဒီယိုတို့မှ ကြေညာသွားခဲ့သော သမ္မတ၏ လွတ်ငြိမ်း ချမ်း သာခွင့် အမိန့်အမှတ် ၂၈/၂၀၁၁ အရ မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးရှိ သေဒဏ်ကျ အကျဉ်းသားများသည် တသက် တကျွန်းပြစ်ဒဏ်သို့ပြောင်းလဲလျှော့ပေါ့ပေးခဲ့ပြီး ကျန်အကျဉ်းသားအားလုံးအတွက် ယင်းတို့အပေါ် သတ်မှတ် ထားသော ထောင်ဒဏ်ကို သာမန်ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့ပေးခြင်းဖြစ်သည်။

အဆိုပါအမိန့်အရ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားပေါင်း ၁၇၀၀၀ ၀န်းကျင် လွတ်မြောက်လာကြ သော်လည်း နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ ယခုအထိရရှိထားသောစာရင်းများအရ ဟစ်ဟော့ပ် အနုပညာရှင် ဇေယျာသော်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး အင်္ဂါနေ့တိုင်းဆုတောင်းလှုပ်ရှားသူ ဒေါ်နော်အုံးလှ အပါအ၀င် ၅၀ ခန့်သာ ပါဝင် သေးသည့်အတွက် ရာခိုင်နုန်းအားဖြင့် ၀.၂၉ သာရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(A.A.P.P) ၏ စာရင်းများအရသိရသည်။

ယခုအမိန့်ဖြင့် ၁၀ လ စောလွတ်လာသော စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် အငြိမ်းစား ဒု ဗိုလ်မှူးကြီး ဦးကျော်ဆန်းက“ပြည်ထဲရေး ၀န်ကြီးတောင် ဒီထက်မကတဲ့ ၂၀ ကျော် ၃၀ ကျော် အကျဉ်းသားတွေကို ၂ နှစ် ၃ နှစ်နဲ့ လွှတ်ပေးတာတွေရှိခဲ့သေးတာ၊ အခု နိုင်ငံတော် သမ္မတကြီး ကိုယ် တိုင်က ၁ နှစ် ကြီးများတောင် လွှတ်ပေးတယ် ဆိုတော့ ကမ္ဘာ အနေနဲ့ ပြောရရင် ပြက်ရယ်ပြုစရာတောင် ကောင်းပါတယ်။ နိုင်ငံရေးအရ ဘာမှ အကျိုးသက်ရောက်မှုရှိတယ်လို့ ကျနော်မထင်တဲ့ အပြင် ပိုတောင် ဂုဏ်သိက္ခာ ညှိုးနွမ်းတယ် လို့ ထင်တယ်။  အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး၊ ဘယ်လိုမှ မဆက်စပ်ပါဘူး”ဟု ဧရာဝတီ ကို ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်မှ လွတ်မြောက်လာသော ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်သူက “နိုင်ငံရေး အကျဉ်းသားဖြစ်တဲ့ ကျနော်တို့က လွတ်ခါနီးနေပါပြီ။ ဒီ အမိန့်ကတော့ ဘာမှ ထူးတာမဟုတ်ဘူးလေ။ ကျန်းမာရေး တော့ ကောင်းပါတယ်၊ ကျန်ခဲ့တဲ့သူတွေလွတ်ဖို့က အားလုံးမှာတာဝန်ရှိတယ်”ဟု ပြောသည်။

ပုဒ်မ ၅၀၅(ခ) နှင့်ထောင်ဒဏ် ၂ နှစ်ကျခဲ့ရာ လွတ်မြောက်ရန် ၂ လ အလိုတွင်အင်းစိန်ထောင်မှ လွတ်လာခဲ့သူ ဗဟန်းမြို့နယ် NLD လူငယ် ကိုကျော်လင်းထွန်း(ခ) ဗိုလ်ထွန်းက“အခုအထဲမှာ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပထမ တော် တော်မျှော်လင့်ခဲ့ပြီး နောက်ပိုင်း တနှစ်ပဲလျှော့တယ် ဆိုတော့ တော်တော် မကျေမနပ်ဖြစ်ကြတယ်”ဟု ပြောသည်။

A.A.P.P ၏ စာရင်းဇယားများအရ ယခုနှစ်အတွင်း လွတ်ရန် နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့်ရှိကြောင်း၊ နိုင်ငံရေးအကျဉ်း သားများသည် အခြားရာဇ၀တ်အကျဉ်းသားကဲ့သို့ ချုပ်ရက်နှင့် ထောင်ဥပဒေအရ သာမာန် လျှော့ရက်များကို မခံစားကြ ရကြောင်း၊ နိုင်ငံရေးအကျဉ်းသားအများစုမှာ မတရားအဖမ်းခံရရုံသာမက ၁၀ နှစ်မှသည် နှစ်ပေါင်း ၁၀၀ ကျော်ထိ ထောင် ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ခန့်တွင် ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည့် ၈၈ ကျောင်းသားခေါင်း ဆောင်များပါဝင်သည်။ ၎င်းတို့အား ပြန်လည်လွတ်မြောက် လာမည်ဟု အများက မျှော်လင့်ခဲ့ကြသော်လည်း ယခုလွှတ်ရာ၌ မပါဝင်ခဲ့ပေ။

“ဘာမှ မပြောချင်ဘူး”ဟု ရှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ အစ်မဖြစ်သူ မကြည်ကြည်ညွန့်က ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ ကျခံနေရသော ၈၈ ကျောင်းသားခေါင်း ဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက “ အရင်ကတည်းကလည်း သိပ်မမျှော်လင့်ခဲ့ဘူး။ ဘာမှ မထူး ပါဘူး”ဟုပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ ကျခံနေရသော ၈၈ ကျောင်းသားခေါင်းဆောင် နောက် တဦးဖြစ်သူ ကိုဌေးကြွယ်ကလည်း ယခုအမိန့်အပေါ် ထူးခြားသည်ဟု မမြင်ကြောင်း ပြောဆိုသည်ဟု ထောင်ဝင်စာ တွေ့ ပြီး ပြန်လာသည့် ယောက်ဖဖြစ်သူ ကိုဖြိုးမင်းသိန်းကပြောသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(Amnesty International)ကလည်း နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ရန် ပြီးခဲ့သည့်အင်္ဂါနေ့က ထပ်မံတောင်းဆိုခဲ့ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က ယခု လွတ်ငြိမ်းချမ်းသာအမိန့်သည် မကြာသေးမီရက်ပိုင်းကပြန်သွားခဲ့သော နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး အထူး အလေးပေးပြော ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ နမ်ဘီယာကို မျက်နှာပျက်စေခဲ့ သည့် လုပ်ရပ်ဖြစ်ကြောင်း ၄င်းတို့၏ ကြေညာချက် တွင်ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်အစိုးရများက ၄/၈၉၊ ၁၁/၉၂၊ ၁/၉၃၊ ၁/၉၇ စသည့် လွတ်ငြိမ်းချမ်းသာ အမိန့်များ အားလုံးလိုလိုသည် သေဒဏ်ကျအကျဉ်းသားများကို တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲသတ်မှတ်ခဲ့ပြီး ကျန်အကျဉ်း သားများ အတွက် ၄ ပုံ ၁ ပုံ ၊ ၁၀ နှစ်အထက် ၁၀ နှစ်အထိဖြင့် လျှော့ပေါ့ခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သေဒဏ်အမိန့်များနှင့်သေဒဏ်ကျအကျဉ်းသားများကို တရားဝင် ရွေးချယ်ခံ သမ္မတ သို့မဟုတ် ၀န်ကြီးချုပ် မရှိသည့်အတွက် ကြိုးပေးကွပ်မျက်ခြင်း မရှိခဲ့ပေ။

ယခု အကျဉ်းသားလွှတ်ပေးမှုတွင် လွက်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား တချို့ ပါဝင်ခဲ့သော်လည်း ထင်ရှားသည့်နိုင်ငံ ရေး အကျဉ်းသားများဖြစ်သည့် အရှင် ဂမ္ဘီရ ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ တိုင်းရင်း သား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ လူရွှင်တော် ဦးသူရ(ခ) ဇာဂနာ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် ဘလော့ဂါ နေဘုန်းလတ် စသည်တို့ကဲ့သို့ ထောင်ဒဏ် ၈ နှစ်မှ နှစ် ၁၀၀ အထိ ထောင်ဒဏ်ကျခံနေရသူများသည် ပြန်လည် လွတ်မြောက် လာခြင်းမရှိသေးပေ။

ယခု သမ္မတ၏ လွတ်ငြိမ်းချမ်းသာအမိန့်ကြောင့် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ သားသမက်နှင့်မြေး ၄ ဦးတို့မှာ သေ ဒဏ်မှ တသက်တကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့ခံစားခွင့်ရခဲ့သည်။ သို့သော် ဆိုင်းငံ့ပြစ်ဒဏ် ဖြင့်ထောင်ဒဏ် ၄၄ နှစ်ချမှတ် ခံထားရသော ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်သည် ယခုအမိန့်အတွက် ခံစားခွင့်မရှိဟု အကျဉ်း ဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက သတင်းထောက်များကို ယမန်နေ့က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်