အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်၌ လုံခြုံရေး အဓိက ဆွေးနွေး

E-mail Print
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးမှုများပြုလုပ်ရာ၌ အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာ့ မြေအား အသုံးချခွင့် ပေးလိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပေး ပြောဆိုလိုက်သည်။

india-mm-irr
သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား ၏ တနင်္လာနေ့ကစတင်သည့် ၃ ရက်ကြာ ခရီးစဉ်အတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးကိစ္စများကို ဆွေးနွေးရာတွင် ယခုကဲ့သို့ အာမခံချက်ပေးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ သတင်းဌာန ပီတီအိုင်က ဖော် ပြသည်။

မြန်မာအစိုးရသစ်၏ အာမခံမှုမှာ အိန္ဒိယအစိုးရမှ ခွဲထွက်ရေးသူပုန်များကို နှိမ်နင်းလိုမှုအပေါ် အမှန်တကယ် သက်ရောက်မှု ရှိမရှိကိုမူ စောင့်ကြည့်ရမည်ဟု နယ်စပ်အရေး လေ့လာသူများက ဆိုသည်။

“အိန္ဒိယထောက်လှမ်းရေးဘက်က အာသံအဖွဲ့ ကချင်ပြည်နယ်ဘက်နဲ့ တရုတ်နယ်စပ်ဘက်မှာ လှုပ်ရှားနေတယ်ဆိုတာ သတင်း တွေ က ရထားတော့ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို ကူညီပေးစေချင်တာမှာ မြန်မာဘက်ကတော့ သူတို့မြေထဲနေခွင့်မပေးဘူး ဆို တာ က သူတို့အာဏာစက် သက်ရောက်တဲ့နေရာလား အာဏာစက်မသက်ရောက်တဲ့နေရာလား ဆိုတာကတော့ ရှိသေးတာပေါ့” ဟု အိန္ဒိယ-မြန်မာနယ်စပ်၌ နေထိုင်သည့် လေ့လာသူတဦးက ပြောသည်။

ခရစ်ရှ်နား၏ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်း ခိုအောင်းနေသည်ဆိုသော အိန္ဒိယခွဲထွက်ရေး အာသံသူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အိန္ဒိယအစိုးရက ဖြစ်နိုင်သည့်နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားမည်ဟု ထုတ်ဖော်ပြောဆိုချိန်နှင့် တိုက်ဆိုင်နေသကဲ့ သို့ တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ် နယ်စပ်ဒေသများတွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အိန္ဒိယမှ ပြည်နယ်ခွဲထွက်ရေး အာသံသူပုန်အဖွဲ့(ULFA) ခေါင်းဆောင် ပါရက်ရှ် ဘာရူးအာ(Paresh Barua)သည် နာဂခွဲထွက်ရေး အဖွဲ့ဖြစ်သော နာဂလန်း အမျိုးသား ဆိုရှယ်လစ် ကောင်စီ အဖွဲ့(NSCN)မှ ကက်ပလန်ဆိုသူ ဦးဆောင်သော ကက်ပလန်အဖွဲ့ NSCN(K)၏ အကူအညီဖြင့် အဆိုပါအဖွဲ့ ခြေကုပ်ယူထားရာ မြန်မာနိုင်ငံ နာဂတောင်တန်းဒေသများ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်ဝန်းကျင်တွင် ခိုလှုံလှုပ်ရှားနေသည်ဆိုသော သတင်းများထွက်ပေါ်လာပြီးနောက် ထိုသူတို့ကို မြန်မာ့မြေမှ အပြီး တိုင် ခြေမှုန်းပေးရန် အိန္ဒိယက မြန်မာအစိုးရအားချဉ်းကပ်မှုများ တိုး၍လုပ်ဆောင်လာခဲ့သည်။

ဇွန်လဆန်းပိုင်းက အဆိုပါ ကက်ပလန်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုနှင့်ခေါင်းဆောင်ပိုင်းအပြောင်းအလဲများ ဖြစ်ပေါ်လာသော အခါ အိန္ဒိယအစိုးရအနေဖြင့် ထိုအခွင့်ကောင်းကိုယူ၍ ခွဲထွက်ရေးသူပုန်အဖွဲ့များနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို တိုးမြှင့် လုပ်ဆောင် လိုလာသည်။

ကက်ပလန်အဖွဲ့သည် အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၂၀၀၁ ခု ဧပြီလတွင် စတင်ခဲ့ပြီး အိန္ဒိယ အစိုးရ ကငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။

“အာသံအဖွဲ့ လှုပ်ရှားတဲ့နေရာတွေက နယ်စပ်နဲ့ နာဂတောင်တန်း၊ ပတ်ကွိုင်တောင်တန်းတွေ၊ အဲ့ဒီကနေမှ စစ်ကိုင်းတိုင်း အထက် ပိုင်း ခန္တီးနဲ့ အဲ့ဒီတဘက် ကချင်ပြည်နယ်၊ အဲ့ဒီကနေမှ တရုတ်နယ်စပ်ဆိုတော့၊ အခုတိုက်ပွဲတွေဖြစ်နေတဲ့ နေရာတ၀ိုက်ဆိုတော့ သူတို့အတွက် အခက်အခဲရှိမယ်လို့ အိန္ဒိယအစိုးရက တွက်ပုံရတယ်”ဟု အိန္ဒိယ-မြန်မာနယ်စပ်အရေး လေ့လာသူက ပြောသည်။

နယ်စပ်လုံခြုံရေးနှင့် ခွဲထွက်ရေးသူပုန်များအတွက် စိုးရိမ်မှုများနှင့်အတူ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုများကလည်း အိန္ဒိယအတွက် နေပြည်တော်တွင် ဆွေးနွေးရမည့် အကြောင်းအရာဖြစ်ကြောင်း ထင်ကြေးပေးမှုများ ရှိသည်။

တိုးမြှင့်လာသည့် တရုတ်-မြန်မာဆက်ဆံရေးနှင့်အတူ မေလအတွင်းက သမ္မတသစ် ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကတိုက်တို့မှ ထွက်ရှိသည့် ရေနံများအား အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ သယ်ယူနေ သည့် တရုတ် သင်္ဘောများကို ပင်လယ်ဓားပြများရန်မှ ကာကွယ် စောင့်ရှောက်နေသည့် တရုတ်စစ်သင်္ဘောများ မြန်မာဆိပ်ကမ်း တွင် ဆိုက်ကပ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း Time of India က ရေးသားသည်။

အဆိုပါ ခရီးစဉ်အတွင်း တရုတ်နှင့်မြန်မာ နှစ်နိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံများအဖြစ် ဆက်ဆံရေး တိုးမြှင့်ခဲ့သည်။

“တရုတ်နိုင်ငံ ဆက်ဆံရေးအပိုင်းကတော့ သိသိသာသာ မသိရပေမယ့် ဖြစ်ခဲ့တဲ့ ဖြစ်နိုင်တဲ့ ကိစ္စတွေနဲ့ အရင်တုန်းကထက် တရုတ်မြန်မာ ဆက်ဆံရေးက ပိုတိုးလာတော့ အိန္ဒိယရဲ့ စိုးရိမ်မှုကလည်း ပိုတိုးလာတယ်။ သူ့လုံခြုံရေးအတွက်က မဟာဗျူဟာနည်းလမ်း ကျတော့ ဦးသိန်းစိန် အစိုးရနဲ့ ဆက်ဆံရေးတိုးတက်လာဖို့ အိန္ဒိယကလည်း ကြိုးစားလာနေတယ်”ဟု နယူးဒေလီရှိ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ (NCGUB) ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

အိန္ဒိယ၏ ကျင့်သုံးနေသည့် အရှေ့မျှော်မူဝါဒအရ အလားအလာကောင်းတခုဖြစ်သော ကုလားတန်စီမံကိန်းကို အထူးအားထား လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာတင့်ဆွေက“အရင်က မျှော်လင့်ခဲ့တဲ့ ဓာတ်ငွေ့ဖော်ထုတ်ရေးတွေ၊ ထမံသီ စီမံကိန်းတွေ၊ လီဒိုလမ်း စီမံကိန်းတွေက မရ တော့ဘူးလို ဖြစ်နေတာကိုး။ ဒီတော့ ဒီကုလားတန် စီမံချက်ကိုတော့ ဇောင်းပေးပြီး အောင်မြင်အောင် လုပ်နေတယ်ပေါ့။ ဒါက သူ့ရဲ့ အရှေ့မျှော်မူဝါဒရဲ့ အလားအလာ အကောင်းဆုံးတခု ဖြစ်နေတာကိုး”ဟု လက်ဆက်ပြောဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကုန်ကျမည်ဖြစ်သည့် ကုလားတန် စီမံ ကိန်း အတွက် အကျယ်တ၀င့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း ပြီးစီးသွားပါက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်မှတဆင့် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့များသို့ ပင်လယ်ထွက်ပေါက်မှ တဆင့်  နှစ်နိုင်ငံ ကုန်သွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

အိန္ဒိယအစိုးရသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းတွင် တည်ဆောက်မည်ဖြစ်သော ထမံသီ ရေအားလျှပ်စစ် စီမံ ကိန်းအပါအ၀င် ရခိုင်ပြည်နယ်ရှိ စစ်တွေ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ ကျောက်ဖြူမှ တရုတ်နိုင်ငံသို့သွယ်တန်းမည့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေးတို့တွင် ရင်းနှီးမြုပ်နှံမှုအတွက် သဘောတူညီမှုများရရှိခဲ့ပြီး မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများအတွက် စီမံကိန်းများ၊ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လိုနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ ပြီးလျှင် မြန်မာနိုင်ငံ၌ စတုတ္ထမြောက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။

ခရစ်ရှ်နား၏ ခရီးစဉ်အတွင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကူညီမှုနှင့် ပျဉ်းမနားခရိုင် ရေဆင်းမြို့နယ်တွင် စိုက်ပျိုးရေး သုတေသနဌာနတခုကို အိန္ဒိယအကူအညီဖြင့် ဖွင့်လှစ်ရန် သဘောတူညီခဲ့သည်။

ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာပုထိုးတော်ကို အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ပြုပြင်မွမ်းမံမှုများပြုလုပ်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူသားချင်းစာနာ ကူညီမှုအနေဖြင့် နာဂစ်ဒဏ်သင့်ဒေသများတွင် စားနပ်ရိက္ခာသိုလှောင်မှုအတွက် သဘာဝဘေးဒဏ်ခံ အဆင်မြင့် စပါးကျီ ၁၀ ခုကို ပေးလှူခဲ့ပြီး ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တာလေမြို့ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ငွေကြေး အကူ အညီများကိုပေးခဲ့ကြောင်းလည်း မြန်မာ အစိုးရ သတင်းစာများက ဖော်ပြသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံသည် မြန်မာပြည်တွင် ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာ သိမ်း ခဲ့စဉ်က မြန်မာပြည်၏ ဒီမိုကရေစီ အရေးကို ထောက်ခံအားပေးခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အရှေ့တောင် အာရှ ဒေ သတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကြောင့် အရှေ့မျှော်ဝါဒကို ချမှတ်ကာ မြန်မာအစိုးရနှင့် ဆက်ဆံမှုကို တိုးမြှင့်လာခဲ့သည်။

ခရစ်ရှ်နား၏ ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အစိုးရသစ်ထံ တင်ပြတောင်းဆိုထားသည် ဆိုသော်လည်း တွေ့ဆုံခွင့် ရမရကိုမူ မသိရသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်