အင်တာနက်ဆိုင်များ စီးပွားပျက်

E-mail Print
ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်များသည် နှေးကွေးနေသည့် အင်တာနက်လိုင်းကြောင့် အသုံးပြုသူ နည်းပါးပြီး ၀င်ငွေကျ ဆင်းလာသည့်အပြင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကြောင့်လည်း ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည်ဟု အင်တာနက်ဆိုင်များမှ သိရသည်။

YGN-flickrမင်္ဂလာတောင်ညွန့်မြို့နယ်တွင် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသည့် မမီးမီးက “အင်တာနက်နဲ့ ဂိမ်း အပါအ၀င် VOIP ဖုန်းခေါ်တဲ့ ၀န်ဆောင်မှုကနေ ရတဲ့ဝင်ငွေက တရက်ကို ပုံမှန် ကျပ် ၃ သောင်းနဲ့ ၃ သောင်း ၅ ထောင်ကြားမှာ ရှိတယ်။ အင်တာနက် အခြေအနေလေး ကောင်းရင် လစဉ် ဒီဝင်ငွေနဲ့ ပုံမှန်သွားတာပေါ့။ အင်တာနက်ကျတဲ့လဆို လူက မ၀င်တော့ဘူး။ ဒီကြားထဲ မီးပျက်ရင် ပိုဆိုးတယ်” ဟု  ပြောသည်။

၎င်းက ဆက်၍ “လောလောဆယ် သုံးဖို့ ၃ ယောက်လာတယ်။ G-talk, VZO ဘာမှမရဘူး။ ဒီတော့ ဂိမ်းကစားနေတယ်။ ဂိမ်းက ၁ နာရီ ၂၀၀ ကျပ် သတ်မှတ်ထားတော့ ဒီက ရတာလေး ယူနေရသလို ဖြစ်နေတယ်။ အခန်းငှားခ တလ ၁ သိန်း မနည်းရှာနေရတယ်” ဟု ဆိုသည်။

ယခုနှစ် မတ်လအစောပိုင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားမှူး ဦးတင့်လွင်က မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း လီမိတက်သို့ ပေးပို့သော ညွှန်ကြားချက်၌ ပြည်ပသို့ ခေါ်ဆိုရာတွင် အင်တာနက်ဆိုင် ၀န်ဆောင်မှုလုပ်ငန်း (PAC) နှင့် ဆိုက်ဘာကဖေးများမှ အများဆုံး အသုံးပြုနေသည့် Skype, G-talk, Pfingo, VZO စသည့် VOIP အသုံးပြုခေါ်ဆိုမှုများကို တားမြစ်ခိုင်းခဲ့သည်။

မမီးမီးက သူ၏ ဆိုင်တွင် Bagan Net အင်တာနက်လိုင်း သွယ်တန်းထားပြီး လစဉ် FEC ၁၂၅ ပုံမှန် ဆောင်ရသော်လည်း အင်တာနက် လိုင်းကျ၍ သက်ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းသို့ စောဒကတက်သော်လည်း ထူးခြားမှု ရှိမလာဟု ပြောသည်။

ယင်းကဲ့သို့ ခက်ခဲလာသောကြောင့် အင်တာနက်ဆိုင်များသည် ဆိုင်ပိတ်ရန် ကွန်ပျူတာနှင့် ကွန်ပျူတာ ဆက်စပ်သုံး ပစ္စည်းများကို အရှုံးခံ ထုတ်ရောင်းလျှက် ရှိကြောင်း အင်တာနက်ဆိုင်ပိုင်ရှင်များက ပြောသည်။

“အရှုံးခံပြီး တောင့်ခံဖွင့်ဖို့ မတတ်နိုင်တော့လို့ ရောင်းတော့မယ်ဆိုပြီး ဂျာနယ်ထဲထည့်တယ်။  ဥပမာ ကွန်ပျုတာ၊ ပီစီအပါအ၀င် ဆိုင်အသစ်ဖွင့်ရင် လိုအပ်တဲ့ ပစ္စည်းအစုံ သိန်း ၅၀ နဲ့ ရောင်းမယ် ဆိုပြီး ကြော်ငြာထည့်ထားတယ်” ဟု ကျောက်မြောင်းဈေး အနီး အင်တာနက်ဆိုင် ဖွင့်လှစ်ထားသည့် ကိုဇေလတ်က ဧရာဝတီသို့ ပြောသည်။

တခြားဆိုင်များကလည်း အသုံးပြုပြီးသား ကွန်ပျူတာများကို အစုံအလိုက်၊ ဥပမာ အလုံးရေ ၁၆ လုံးလျှင် ကျပ် သိန်း ၄၀ စသည်ဖြင့် ရောင်းချနေသည်။ အရောင်းဆိုင်များတွင် ကွန်ပျူတာ အသစ်တစုံလျှင် အနည်းဆုံး ကျပ် ၃ သိန်း ၂ သောင်းမှ ၄ သိန်း ၅ သောင်းကြား ရှိသည်။

ရန်ကုန်မြို့လယ် ဆူးလေစေတီတော် အနီးရှိ အင်တာနက်ဆိုင်တခုမှ ဝန်ထမ်း မရည်မွန်က “VOIP ခေါ်ပေးတဲ့ ၀န်ဆောင်မှု ပိတ်လိုက်ပြီးနောက်မှာ တော်တော်လေး လူလျော့သွားတယ်။ G-talk, Facebook လာသုံးတဲ့သူကျတော့လည်း ၁ နာရီ လာသုံးတယ်။ နာရီဝက်လောက်က နှေးနေလို့ ၀င်မရဘူးဆို ထပြန်ချင်ပြီလေ။ သူဆက်နေလည်း နာရီတက်ပြီး မသုံးရဘဲ ပိုက်ဆံပေးရမယ်။ သုံးစွဲသူကလည်း စဉ်းစားမှာပေါ့” ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် သုံးစွဲနေသည့်  ၅ သိန်းတန် CDMA ဖုန်းနှင့် GSM ဖုန်းများ အင်တာနက်သုံးစွဲ လာနိုင်သောကြောင့် သုံးစွဲသူ လျော့နည်းလာခြင်းလည်း ဖြစ်နိုင်သည်ဟုလည်း သိရသည်။

မရည်မွန်က “အခု တလကို ကျပ် ၁ သောင်း ၅ ထောင် လောက်ပဲ ၀င်တယ်။ ကျောင်းဖွင့်ရာသီ ဖြစ်တဲ့အပြင် ကွန်နက်ရှင်က ကျတာပါသလို ကိုယ့်ဖုန်းက အင်တာနက်လိုင်း ကောင်းတာ မကောင်းတာ ထား၊ ဖုန်းနဲ့ သုံးတာ သက်သာတယ်ဆိုပြီး အိမ်မှာ သုံးလာကြတာကြောင့် ဆိုင်တွေ သိပ်အလုပ်မဖြစ်တော့ဘူး” ဟု ပြောသည်။

PAC လိုင်စင်ဖြင့် တရားဝင်ဖွင့်လှစ်နေသည့် အင်တာနက် ဆိုင်များသည့် တလလျှင် လိုင်စင်ကြေး ကျပ် ၃ သောင်း၊ တနှစ်စာအတွက် ကျပ်ငွေ ၃ သိန်း ၆ သောင်းအား တပြိုင်နက်တည်း ပေးသွင်းရသည်။

“မြန်မာပြည်မှာ စီးပွားရေး လုပ်စားရတာ မပြေလည်တဲ့အပြင် စီးပွားရေးလုပ်မှ ပိုကျပ်တည်းလာတာတွေ ကြုံနေရတယ်။ အရင်းအနှီးလေးစုပြီး ဆိုင်ဖွင့်ပါတယ်။ ဆိုင်ငှားခ၊ မီးစက်ခ၊ ဆီဖိုး၊ အင်တာနက် လိုင်းကျလို့ လူမ၀င်တာနဲ့ ဘာမှကို လုပ်စားလို့မရဘူး” ဟု ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ဆိုင်ဖွင့်လှစ်ထားသူ လူငယ်တဦးက ပြောသည်။

တလိုင်းနှေးကွေးပါက တခြားတလိုင်းဖြင့် အသုံးပြုနိုင်ရန် Bagan Net အင်တာနက်လိုင်းနှင့် MPT အင်တာနက် လိုင်း ၂ လိုင်း ချိတ်ဆက်ထားသော်လည်း ပြီးခဲ့သည့် ၅ လခန့်မှ စတင်၍ ဆိုးရွားစွာ ကျဆင်းနေသည့် အင်တာနက်လိုင်းကြောင့် သုံးစွဲသူကို လက်မခံတော့ဟု ၎င်းက ဆိုသည်။

အင်တာနက် ပုံမှန် သုံးစွဲသူတဦးက အင်တာနက်လိုင်း နှေးကွေးသောကြောင့် ကျလိုက် တက်လိုက် ဖြစ်နေသည့်အတွက် G-talk နှင့် Facebook သုံးစွဲခြင်းထက် ဂိမ်းဆော့ကစားခြင်းသာ အလုပ်များတော့သည်ဟု ပြောသည်။

“အရေးကြီးတဲ့ အီးမေလ်း လောက်ပဲ စိတ်အညစ်ခံ၊ အချိန်ကုန်ခံပြီး ဖွင့်ဖတ်တော့တယ်။ စာတစောင် တစောင်ဖတ်ဖို့ နှိပ်ပြီးရင် ကျလာအောင် တော်တော်စောင့်ရတယ်။ ဖွင့်ထားပြီး မသုံးရင်လည်း ၁ နာရီ ကျပ် ၅၀၀ ဆိုတော့ ၂၀၀ တန် ဂိမ်းပဲ ဆော့ဖြစ်တာများတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အများပြည်သူသုံး အင်တာနက်လိုင်းများ နှေးကွေးအောင် ပြုလုပ်ထားသော်လည်း စစ်ဘက်နှင့် အစိုးရဌာနဆိုင်ရာ ရုံးများတွင် အင်တာနက်လိုင်းများမှာ မြန်ဆန်နေသည်ဟု သိရှိရသည်။ 

မြန်မာအစိုးရသည် သတင်း၊ ဆက်သွယ်ရေးနှင့် နည်းပညာ အခန်းကဏ္ဍများကို စီးပွားရေးနှင့် ဝါဒ ဖြန့်ချိရေးအတွက်သာ ချဲ့ထွင်ရန် လိုလားနေပြီး နိုင်ငံသားများ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်မရှိစေရန် ပြုလုပ်ထားသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် Freedom House အဖွဲ့က ယခုနှစ်ထုတ်ပြန်သည့် အစီရင်ခံစာ အရသိရသည်။

အဆိုပါ အစီရင်ခံစာအရ အင်တာနက် လွတ်လပ်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ဒုတိယအဆိုးဆုံး နေရာတွင် ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်