ဝန်ကြီးချုပ်ဟောင်း သမီးများ ကြားဖြတ်ရွေးကောက်ပွဲကို ကျောခိုင်း

E-mail Print
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ၀န်ကြီးချုပ် ဟောင်းများ၏ သမီး ၃ ဦးသည် ရွေးကောက်ပွဲအပြီး ၉ လ ပြည့်မြောက်ချိန်၌ ၎င်းတို့၏ အမြင်များ ပြောင်းလဲသွားပြီဟု ဆိုသည်။

Burmese-democracy-campaig-006ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ပြောင်းလဲမှုဖြစ်သွားသော ၎င်းတို့သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြောသည်။

“အရင်လို အခုလည်း မဲမသမာမှုတွေ ဖြစ်ဦးမှာပါ။ အဲဒါကြောင့် ၀င်အရွေးမခံတော့ဘူးလို့ ဆုံးဖြတ် ထားတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပုံးကြီးကို ပေါ်တင် မယူသွားပြီး မဲလိမ်၊ မဲခိုးခဲ့တာတွေကိုကြုံခဲ့ရတယ်။ ဥပဒေကို ဒီလို ပေါ်တင် ချိုးဖောက်တာ ခံခဲ့ရတော့ ဒီတကြိမ်တော့ စိတ်မပါတော့ဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုသည်။ ဒေါ်ချိုချိုကျော်ငြိမ်းသည် ဦးနုအစိုးရ လက်ထက် ဒုတိယ ၀န်ကြီးချုပ် ဦးကျော်ငြိမ်း၏ သမီးဖြစ်သည်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ပါတီဝင်များ ဖြစ်ကြသော ၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီးဖြစ်သူ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနု၊ ဒု - ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ၏သမီးဖြစ်သူ အတွင်းရေးမှူး ဒေါ်နေရီဗဆွေ၊ အတွင်းရေးမှူး ဒေါ်ချိုချို ကျော်ငြိမ်းတို့သည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲက ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော်လည်း အနိုင်မရခဲ့ကြပေ။

“ကျမကတော့ ပါတီအင်အား ကောင်းဖို့ရယ်၊ ၂၀၁၅ အတွက်ရယ်ပဲ အာရုံစိုက် လုပ်တော့မှာပါ။ ကြားဖြတ် ရွေးကောက်ပွဲမှာ မပြိုင်တော့ဘူး” ဟု ဒေါ်သန်းသန်းနုက ဆိုသည်။

၎င်းတို့ ၃ ဦးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ပြိုင်ဘက်များနှင့် မဲရုံတာဝန်ရှိသူများ၏ မဲမသမာမှု များကြောင့် ရှုံးနိမ့်ခဲ့၍ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်မပြိုင်ကြတော့ကြောင်း ပြောသည်။ ၂၀၁၀ ရွေးကောက်ပွဲ သည် မတရားသော ရွေးကောက်ပွဲ တခုဟုလည်း ဒေါ်သန်းသန်းနုက ဆိုသည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) သည် မဲဆန္ဒနယ် ၄၀ ကျော် ၀င်ပြိုင်ခဲ့သော်လည်း ၁ နေရာသာ အနိုင်ရခဲ့သည်။

ဒေါ်နေရီဗဆွေကလည်း “အတိအကျ မဆုံးဖြတ်ရသေးပေမယ့် မျှော်လင့်ချက်နည်းပါတယ်။ အခုထိတော့ စိတ်ဝင်စားမှုမရှိသေး ပါဘူး” ဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီက နည်းလမ်းစုံဖြင့် လုပ်ဆောင်ခဲ့သော မဲမသမာမှုများ၊ မဲရုံတာဝန်ရှိသူတို့၏ ဥပဒေ ချိုးဖောက်မှုများ၊ ရွေးကောက်ပွဲ ကော်မရှင်၏ ဘက်လိုက်မှုများကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း အဆိုပါ မသမာမှုများကို ပြည်သူများ သိရှိစေရန်အတွက် ဆန္ဒရှိသူများ အနေဖြင့် လာမည့်ရွေးကောက်ပွဲ၌ ၀င်ပြိုင်စေလိုကြောင်း ဒေါ်နေရီဗဆွေက ဆက် ပြောသည်။

ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ၎င်းတို့က အယုံအကြည်မရှိတော့၍ ၀င်မပြိုင်ကြသော်လည်း ၎င်းတို့ ပါတီဝင်တချို့နှင့် တခြားသော ဒီမိုကရက်တစ် အင်အားစု ပါတီများကမူ ၀င်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် နေကြသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလိုမျိုး မဖြစ်ရအောင် မဲရုံစောင့်ကြည့်မယ့်သူတွေ နေရာချပေးသွားမှာပါ။ ကျနော်တို့ပါတီက နေရာ ၂၀ ၀င်ပြိုင်ဖို့ လုပ်ဆောင်နေပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင်က ဆိုသည်။ မဲမသမာမှုများ ဆက်လက်ဖြစ်လာနိုင်ဖွယ် ရှိကြောင်းလည်း သူက ဆက်ပြောသည်။

NDF သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်ထားသော ပါတီဖြစ်ပြီး တနိုင်ငံလုံး၌ ကိုယ်စားလှယ်လောင်း ၁၆၁ ယောက်ဖြင့် တတိယ အင်အားအများဆုံး ပါတီအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရန်ကုန်တိုင်း၌ ၁၆ နေရာ အနိုင်ရခဲ့သည်။

ကြားဖြတ် ရွေးကောက်ပွဲသည် ၂၀၁၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော ကိုယ်စားလှယ်များထဲမှ အစိုးရအဖွဲ့၏ ၀န်ကြီးများ၊ ဒု-၀န်ကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌများ စသည့်တာဝန် ထမ်းဆောင်နေသူတို့၏ လစ်လပ်နေရာ ၅၀ အတွက် အရွေးချယ်ခံကြ မည်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ၌ စစ်တပ်၏ ကျောထောက်နောက်ခံ ပါတီဟု အများသတ်မှတ်ထားသော ကြံ့ဖွံ့ပါတီသည် မဲမသမာမှု၊ မဲလိမ်မှု၊ မဲခိုးမှု စသည့် နည်းလမ်းစုံဖြင့် အနိုင်ရခဲ့သည်ဟု ၀င်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်များက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ အလားတူမဖြစ်ရန် ၁၀ ပါတီ မဟာမိတ်အဖွဲ့က ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊ ၁၀ ပါတီသည် နေရာ ၃၀ အထိ ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောသည်။

“ဒီတကြိမ်တော့ ကျနော်တို့ မဟာမိတ်အဖွဲ့က နေရာအများစု အနိုင်ရရေးအတွက် လုပ်နေပါတယ်။ တယောက်ပြိုင်တဲ့ နေရာ နောက်တယောက် ၀င်မပြိုင်ဘူး။ ကြံ့ဖွံ့ပါတီကို နိုင်ဖို့ မဟာမိတ် အချင်းချင်းက ကူညီပေးသွားမယ်” ဟု ၎င်းက ဆိုသည်။

မဟာမိတ် ၁၀ ပါတီ၌ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ NDF၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် (ကရင်) ပါတီ စသည်တို့ ပါဝင်သည်။

၂၀၁၀ ရွေးကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးတွင် မဲဆန္ဒနယ် စုစုပေါင်း ၁၁၅၄ နေရာ၌ ကြံ့ဖွံ့ပါတီက ၈၈၂ နေရာ အနိုင် ရခဲ့ကြောင်း အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်