ဒေါ်အောင်ဆန်းစုကြည်ကို ပုဂံဒေသခံများ ကြိုဆို

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက ပုဂံမြို့သစ်သို့ ရောက်ရှိစဉ် လာရောက်တွေ့ဆုံ နှုတ်ဆက်သည့် ရာနှင့်ချီသည့် ပြည်သူများကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်စကားပြောဆို နှုတ်ဆက် သဖြင့် ဒေသခံများမှာ ၀မ်းသာပျော်ရွှင်လျက်ရှိသည်။

bagan-dassk-01
ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းက ပုပ္ပားဒေသသို့သွား ရောက်လည်ပတ်ပြီးနောက် ထိုနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပုဂံမြို့သစ်အတွင်းရှိ “ဦးဘငြိမ်း” မြန်မာ့လက်မှုပစ္စည်း အရောင်းဆိုင်နှင့် Bagan House မြန်မာ့ လက်မှုပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်လည်ပတ်စဉ် ဒေသခံများက အားပါးတရ နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ဦးဘငြိမ်း အရောင်းဆိုင် ရောက်လာကတည်းက ပုဂံမြို့ခံများက သိရှိသွားပြီး ဆိုင်ကယ်များ၊ ဆိုက်ကားများဖြင့် လည်းကောင်း ခြေလျှင် လျှောက်၍၊ ပြေး၍လည်းကောင်း လာကြည့်ကြကြောင်း၊ အစပိုင်းတွင် အရပ်ဝတ်ရဲများက ကင်မရာနှင့် လိုက်ရိုက် သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနားသို့ မသွားရဲကြသော်လည်း ဦးဘငြိမ်းဆိုင်ထဲမှ ကား ထွက်သွားသည့်အချိန်တွင် နောက်မှ ပြေးလိုက်ပြီး လက်ဝှေ့ယမ်း နှုတ်ဆက်ကြကြောင်း ပုဂံမြို့သစ် ဒေသခံတဦးက ပြောသည်။

ယင်းနောက် ဦးဘငြိမ်း အရောင်းဆိုင်နှင့် အနည်းငယ်ကွာဝေးသော Bagan House မြန်မာ့ယွန်းထည်နှင့် လက်မှုပစ္စည်း အရောင်းဆိုင်သို့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် ပစ္စည်းဝယ်ယူနေချိန်တွင် ဒေသခံ အများအပြားက ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းနောက်သို့ ပြေးလိုက်လာကြပြီး Bagan House လက်မှုပစ္စည်း အရောင်းဆိုင် ခြံဝန်းရှေ့တွင် မိနစ် ၂၀ ကျော်ကြာအထိ ၎င်းပြန်ထွက်အလာကို စောင့်ဆိုင်းခဲ့ကြသည်။

“လူတွေက ဦးဘငြိမ်းဆိုင်မှာ မနှုတ်ဆက်လိုက်ရတော့ အတင်းလိုက်လာတယ်။ ဒီတခါကျတော့ ဒေါ်အောင်ဆန်းစုကြည် ကားထွက်မယ့် လမ်းမကို ပိတ်ရပ်ပြီး နှုတ်ဆက်ဖို့စောင့်ကြတာ။ အနည်းဆုံး လူအုပ်က နှစ်ရာ၊ သုံးရာလောက် ရှိမယ်” ဟု ပုဂံမြို့သစ်တွင် ဆိုင်ကယ် ကယ်ရီ ပြေးဆွဲနေသူ မြို့ ခံတဦးက ပြောသည်။

လူအုပ်က “အမေစု” ဟု အော်ဟစ် နှုတ်ဆက်ကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်က Bagan House လက်မှုပစ္စည်း အရောင်းဆိုင်ခြံဝန်းရှေ့မှ လူထုကို ပထမဆုံးအကြိမ်အဖြစ် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာ ပုဂံဒေသခံများ ၀မ်းသာ ပျော်ရွှင်ကြသည်ဟု သိရသည်။

“အခုက သားအတွက်လာတဲ့ အလည်အပတ် ခရီးစဉ်မို့လို့၊ နောက်တကြိမ်ပုဂံကို လာဦးမယ်။ အဲဒီအခါကျရင် စကားတွေ အများကြီးပြောမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးအကြိမ်အဖြစ် ပုဂံဒေသခံများကို နှုတ်ခွန်းဆက်စကား ပြောဆိုသည်။

bagan-dassk-01
သားငယ်နှင့်အတူ ပုဂံဘုရားဖူး အလည်အပတ် ခရီးစဉ်သွားရောက်သည်ဟု ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်က လူထုကို နိုင်ငံရေးစကားတခွန်းမျှ ပြောကြားခြင်းမရှိဘဲ နှုတ်ခွန်းဆက်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပုဂံမြို့ခံများကို နှုတ်ခွန်းဆက်ချိန်တွင် ပုဂံလူထုက နောက်တခေါက် ပြန်လာရန် ဖိတ်ခေါ် လိုက်ကြပြီး “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ပြိုင်တူ အော်ဟစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ကားထွက်ခွာရာ နောက်သို့ ပြေးလိုက် နှုတ်ဆက်ကြသည်။

“တို့သမီး (ဒေါ်အောင်ဆန်းစုကြည်) ကို နှစ် ၂၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြန်တွေ့ရတာ အရမ်းဝမ်းသာတယ်။ သူ့သားနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ရတာ ကျေနပ်တယ်။ သမီးကလွဲရင် ဒီနိုင်ငံကို ဘယ်သူကမှ စုစည်း ညီညွတ်အောင် မလုပ်နိုင်ကြဘူး” ဟု ပုဂံမြို့သစ်မှ အသက် ၇၀ ကျော်အရွယ် ပန်းသည် အဘွားအိုတဦးက ဆိုသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးခရီးစဉ်အဖြစ် ပုဂံဒေသသို့ လာသောကြောင့် အလွန်ဝမ်းသာ ကျေနပ်ကြောင်း ဒေသခံအများစုက ပြောဆိုကြသည်။

“ကျေနပ်တယ်။ အမေစု လာမယ်ဆိုတာ သိကတည်းက ၀မ်းသာနေကြတာ။ အားလုံးပဲ။ အာဏာပိုင်တွေကို ကြောက်တဲ့ ကြားထဲက အမေစုကို သွားပြီး နှုတ်ဆက်ကြတာ” ဟု ညောင်ဦးမြို့မှ စက်သုံးဆီ ရောင်းဝယ်ရေး ပိုင်ရှင်တဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ပုဂံတွင် နေထိုင်ပြီး ဘုရားဖူးအလည်အပတ် ခရီးထွက်ချိန် ကားတန်းများနှင့် သွားလာသည့် အချိန်တိုင်း လမ်းမပေါ်မှ ဒေသခံများက လက်ဝှေ့ယမ်း နှုတ်ဆက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၄ ရက်နေ့က ပုဂံသို့ရောက်ရှိခဲ့ပြီး ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာမည် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်