တိုင်းရင်းသား ၀န်ကြီးများ အလုပ်လက်မဲ့ဖြစ်နေ

E-mail Print
အရပ်သားအစိုးရလက်ထက်တွင် ပေါ်ပေါက်လာသော တိုင်းရင်းသား ၀န်ကြီးများသည် တာဝန်ယူပြီး ၃ လကျော်သည့်တိုင် မည်သည့် လုပ်ပိုင်ခွင့်မှ မရသေးကြောင်း သိရသည်။

ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးများ အားလုံးသည် ၀န်ကြီး အဆောင်အယောင်များ ရရှိထားကြပြီး လုပ်ပိုင်ခွင့်လည်း အသင့်အတင့် ရနေကြကြောင်း၊ သို့ရာတွင် တိုင်းရင်းသားရေးရာ ၀န်ကြီးများအတွက် သီးသန့် ရုံးခန်းပင် မရှိသေးကြောင်း ၎င်းဝန်ကြီးများက ပြောသည်။

karen“ရုံးခန်းလည်း သီးသန့် မရှိသေးဘူး၊ မော်တော်ကား တစီးပေးထားတာလည်း အသုံးပြုလို့ မရဘူး။ တခြားဝန်ကြီးတွေကိုကျတော့ မော်တော်ကား ၂ စီး၊ နေစရာအိမ်၊ ကိုယ်ရေးအရာရှိ၊ အိမ်အလုပ်သမားက အစ ပေးထားပါတယ်” ဟု မွန်ပြည်နယ်ရှိ တိုင်းရင်းသားရေးရာ ၀န်ကြီးတဦးက ပြောသည်။

မွန်ပြည်နယ်တွင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအိုဝ်း တိုင်းရင်းသား ရေးရာ ၀န်ကြီးတို့ ရှိသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ၀န်ကြီး အားလုံး နေအိမ်၊ အိမ်အကူအလုပ်သမားများ၊ မော်တော်ကား ၂ စီး၊ ဒရိုင်ဘာ၊ ကိုယ်ရေးအရာရှိ၊ လုံခြုံရေး၊ အဲယားကွန်းပါ ရုံးခန်းနှင့် တယ်လီဖုန်း ၂ လုံးစသည်တို့ ရရှိထားပြီး လစာအဖြစ် ကျပ် ၄ သိန်းခွဲစီ ခံစားခွင့် ရရှိထားသည်ဟု သိရသည်။

သို့ရာတွင် ရန်ကုန်တိုင်းမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများအတွက်မူ ပြည်သူ့လွှတ်တော် ၀န်းထဲ၌ ရုံးခန်းငယ်တခု၊ လက်ထောက် ညွှန်ကြားရေးမှူးအဆင့် ရရှိသော မော်တော်ကားတစီးနှင့် လစာ ကျပ် ၃ သိန်းခွဲသာ ပေးထားပြီး တခြား မည်သည့်အရာမှ ပေးမထားဟု သိရသည်။

“ပြည်သူ့လွှတ်တော် ၀န်းထဲမှာက အခန်းလွတ်နေတာတွေ အများကြီး ဆိုတော့ နေရာလေး တခုတော့ ပေးထားတယ်။ ဖုန်းတို့၊ အဲယားကွန်းတို့ လိုရင်တော့ ကိုယ့်ဟာကိုယ် တပ်ရတယ်၊ ပေးတဲ့ကားကလည်း တခြားဝန်ကြီးတွေရဲ့ ကားတွေလို မကောင်းဘူး။ အစိုးရအဖွဲ့ရဲ့ ဘာအစည်းအဝေးမှလည်း မတက်ရဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး၏ အဖွဲ့ဝင် တိုင်းရင်းသားရေးရာ ၀န်ကြီးတဦးက ဆိုသည်။

တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် မီဒီယာများနှင့် ဆက်သွယ် စကားပြောဆို ပါကလည်း ခြိမ်းခြောက်ခြင်း ခံရကြောင်း၊ ထိုကိစ္စများကို ပြန်လည် သုံးသပ်ပြီး လွတ်လပ်စွာ ပြောဆို လုပ်ပိုင်ခွင့် ရရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း ၀န်ကြီးတချို့က ဆိုသည်။

ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ဧရာဝတီနှင့် ဆက်သွယ်စကားပြောဆိုခဲ့သော ၀န်ကြီးများက ၎င်းတို့၏ အမည်များအား ဖော်ထုတ်ရေးသားရန် မလိုလားပေ။

“သက်ဆိုင်ရာ တိုင်းရင်းသားအရေးတွေကို သူတို့ကိုယ်စား ဆောင်ရွက်ပေးဖို့ ကျနော်တို့ကို မဲပေး ရွေးထားကြတာပါ၊ အခုက ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ ထိုင်ပြီး လစာယူနေတဲ့ စက်ရုပ်လို ဖြစ်နေတယ်” ဟု တိုင်းရင်းသားရေးရာ ၀န်ကြီး တဦးက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက တိုင်းရင်းရေးရာ ၀န်ကြီးများသည်လည်း ရွေးကောက်ခံထားသည့် ကိုယ်စားလှယ်ဖြစ်များဖြစ်၍ တခြားဝန်ကြီးများကဲ့သို့ တန်းတူ အခွင့်အရေး ပေးရန် လိုကြောင်း၊ တိုင်းရင်းသား ၀န်ကြီးများအတွက် အမျိုးသားရေး ကိစ္စ အများအပြား လုပ်ဆောင်စရာရှိ၍ ယခုကဲ့သို့ ခန့်ထားခြင်းဖြစ်ကြောင်း ပြောသည်။

“မွန်ပြည်နယ်က တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ကြည့်ရသလောက်တော့ သာမန် အရပ်သား တယောက်လိုပဲ တွေ့နေရတယ်”ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တာဝန် ယူထားသော ချင်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဦးနိုထန်ကပ်သည် ၎င်း၏ လုပ်ပိုင်ခွင့်များ ရရှိရေးအတွက် သက်ဆိုင်ရာကို တင်ပြခဲ့သော်လည်း ယနေ့ထိ မရရှိသေးဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၌ပါဝင်သော ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီးတဦးသည်လည်း ၎င်းတို့၏ ချင်းတိုင်းရင်းသားရေးရာ ကိစ္စများ ပေါ်ပေါက်လာပါက ပြည်နယ်အစိုးရကို တင်ပြ၍ သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ဖြေရှင်းပေးမှုကိုသာ ခံယူရပြီး မည်သည့် အစည်းအဝေးကိုမျှ တက်ရောက်ခွင့်မရဟု သိရသည်။

၂၀၀၈  အခြေခံဥပဒေ၌ တိုင်းရင်းသားအရေး ကိစ္စများနှင့် ပတ်သက်၍ စနစ်တကျ ထည့်သွင်း ရေးဆွဲထားခြင်း မရှိ၍ ယခုကိစ္စရပ်များ ဖြစ်ပေါ်လာသည်ဟု ယူဆကြောင်း၊ အရေးကြီးပြီး ရေရှည် ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ အစည်းအဝေးများ ပြုလုပ်ကာ ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ချင်းတိုးတက်ရေးပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးလျှံကြယ် (လုံစီ) က ပြောသည်။

ရွေးကောက်ခံထားရသည့် တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ပြည်နယ်နှင့်တိုင်း အားလုံး နီးပါးတွင် ရှိပြီး ဗမာတိုင်းရင်းသား ၀န်ကြီး ၅ ဦး၊ ကရင်တိုင်းရင်းသား ၅ ဦး၊ ကချင် ၃ ဦး၊ ချင်း ၃ ဦး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့ စသည့် လူမျိုးစု ၀န်ကြီးများ စသည်ဖြင့် စုစုပေါင်း ၂၀ ကျော် ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်