ဒေါ်အောင်ဆန်းစုကြည် သတင်းများ ထည့်ခွင့်ပြန်ပိတ်

E-mail Print
ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးစာ အစိုးရသတင်းစာများတွင် ဖော်ပြပြီး နောက်ပိုင်း ၎င်းနှင့် သက်ဆိုင်သော သတင်းများကို ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့် မပြုတော့ကြောင်း သိရသည်။

bagan-dassk-04
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် ကြေညာချက်အမှတ် (၉၇/ ၂၀၁၀) ဖြင့် နိုင်ငံရေးပါတီိအဖြစ်မှ ဖျက်သိမ်းထားပြီးဖြစ်ကြောင်းနှင့် ထိုသို့ဖျက်သိမ်းထားသည့်အတွက် နိုင်ငံရေးလှုပ်ရှားမှုများ မပြုလုပ်ရန်၊ လူမှုရေးလုပ်လိုပါက အစိုးရထံတွင် လူမှုရေးအသင်းဖွဲ့ခွင့်လျှောက်ရန် NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၈ ရက်နေ့တွင် တရားဝင်စာပေးပို့ခဲ့သည့်အပြင် အစိုးရသတင်းစာများတွင်လည်း ၎င်းစာကို ဖော်ပြခဲ့သည်။

သတင်းစာတွင် အထက်ပါစာ ပါလာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများ ဂျာနယ်တွင် ထည့်ခွင့် မရတော့ ကြောင်း၊ ယခင်က ဒေါ်အောင်ဆန်းစုကြည်၏ လူမှုရေးလှုပ်ရှားမှု သတင်းများ၊ သူ့သား အလည်လာသည့် သတင်းများကို ဂျာနယ်တွင် ထည့်ခွင့် ပြုသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ထဲရေးဝန်ကြီးထံ ပြန်စာ၊ ၎င်း၏ ပုဂံဘုရားဖူးခရီးစဉ် စသည့် သတင်းများ ဖြုတ်ပယ်ခံနေရကြောင်း ရန်ကုန်အခြေစိုက် အယ်ဒီတာတဦးက ပြောသည်။

စာပေစိစစ်ရေးဌာနသည် ဒေါ်အောင်ဆန်းစုကြည်၏ သတင်း မှန်သမျှကို ဖြုတ်ပယ်သော်လည်း သတင်းဂျာနယ်များသို့ ၎င်း၏သတင်းများ ရေးသားခြင်းမပြုရန် တရားဝင် အကြောင်းကြားခြင်းမျိုး မရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ NLD သည် နိုင်ငံရေးပါတီအဖြစ် ဥပဒေအရ ဆက်လက် ရပ်တည်ဆဲဖြစ်သည် ဆိုသော ပြန်စာတစောင်ကို ပြည်ထဲရေးဝန်ကြီးထံ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ ပြန်စာကို ပြည်တွင်း မီဒီယာများတွင် ဖော်ပြခွင့် မပြုခြင်းသည် မြန်မာပြည်၌ သတင်းလွတ်လပ်ခွင့် မရှိသော အခြေအနေကို သိသာစေကြောင်း ဇွန်လ ၅ ရက်နေ့က ၎င်း၏ ပုဂံဘုရားဖူး ခရီးစဉ်အတွင်း သတင်းထောက်များကို ပြောခဲ့သည်။

ဝါရင့်သတင်းစာ ဆရာကြီး တဦးက “ဒီမိုကရေစီနိုင်ငံကို တကယ်ပြောင်းပြီဆိုရင်တော့ သတင်းလွတ်လပ်ခွင့် ပေးရမယ်။ စာပေစိစစ်ရေး ဌာနဆိုတာကြီးကို ဖျက်ပစ်ရမယ်။ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေ၊ ရုပ်မြင်သံကြား သတင်းလိုင်းတွေ၊ ရေဒီယို သတင်းလိုင်းတွေ၊ ပုဂ္ဂလိက မီဒီယာတွေအားလုံးကို လွတ်လပ်ခွင့် ပေးရမယ်။ ဒါတွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာလည်း တရားဝင် ပြဌာန်းထားပြီးသားပဲ။ သူတို့ပြဋ္ဌာန်းတဲ့ ဥပဒေကို သူတို့ မလိုက်နာတာ၊ ချိုးဖောက်တာ ဒီမိုကရေစီစနစ်ကို တကယ်မပြောင်းသေး ဘူးဆိုတာကို ပြတာပဲ” ဟု ဆိုသည်။

၇ ရက်နေ့က ဖြန့်ချိသည့် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာ ဆောင်းပါးတွင် အစိုးရသစ်သက် သက်တမ်း ရက် ၁၀၀ မပြည့်ခင် ကာလ၌ စတုတ္ထမဏ္ဍိုင်ဖြစ်သော စာနယ်ဇင်းအခန်းကဏ္ဍကို အလေးထားသည့်အနေဖြင့် ပြည်သူများ သိသင့်သည့် သတင်းများကို စာနယ်ဇင်းများမှ လျင်မြန်စွာ အသိပေးနိုင်ရန်အတွက် ယခင်က စာပေစိစစ်ရေးမူ ၂၁ ချက်၊ အသေးစိတ် အခြေရမည့်မူ အချက် ၇၀ ရှိရာမှ ယခု စာပေစိစစ်ရေးမူ ၁၂ ချက်၊ အသေးစိတ်အခြေခံရမည့်မူ ၁၆ အထိ လျှော့ချပေးခဲ့ကြောင်း၊ စာပေ အမျိုးအစား ၅ မျိုးကိုလည်း ထုတ်တင်စနစ် ခွင့်ပြုပေးခဲ့ကြောင်း ရေးသားထားသည်။

စာပေစိစစ်ရေးဌာနတွင် ဇွန်လဆန်းပိုင်းက ကျင်းပခဲ့သော စာပေစိစစ်ရေး မူဝါဒဆိုင်ရာ ရှင်းလင်းပွဲ၌မူ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဗိုလ်မှူးတင့်ဆွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သတင်း လွတ်လပ်ခွင့်ကို ယခုအချိန်တွင် မပေးနိုင် သေးကြောင်း၊ သတင်းဂျာနယ်များအားလုံး စာပေစိစစ် ရေးဌာနစိစစ် တည်းဖြတ်မှုအောက်တွင်သာ ဆက်လက်ထုတ်ဝေ ရဦးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်