သမ္မတဟောင်း ဘုရှ်ကို စစ်ဆေးရန် HRW တိုက်တွန်း

E-mail Print
အမေရိကန် သမ္မတဟောင်း ဘုရှ် နှင့် သူ၏ အကြီးတန်း လက်ထောက်တချို့ကို အကျဉ်းသားများ နှိပ်စက်ညှဉ်းပန်းခံရမှု၊ စစ်ရာဇ၀တ်မှုတို့အတွက် စုံစမ်း စစ်ဆေးရန် လူ့အခွင့်အရေးအဖွဲ့ကြီး တခုက ယနေ့ ပန်ကြားလိုက်သည်။

news_-_HRW_report_-_edited
အမေရိကန်တို့၏ လျှို့ဝှက် အကျဉ်းစခန်းရှိ မတော်မတရားဖြစ်ရပ်များနှင့် ပတ်သက်ပြီး နယူးယောက် အခြေစိုက် Human Rights Watch (HRW) ခေါ် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကြီးက ထုတ်ပြန်သည့် စာမျက်နှာ ၁၀၇ မျက်နှာပါ အစီရင်ခံစာတစောင်တွင် ထိုသို့ ပန်ကြားလိုက်ခြင်း ဖြစ်သည်။

“နှိပ်စက်ညှဉ်းပန်းတယ် ဆိုတာ ဘယ်တော့မှ မကောင်းပါဘူး၊ ဘယ်သူကပဲ လုပ်လုပ်ပေါ့။ ကျနော်တို့က ဘက်မလိုက်ဘဲ ထောက်ပြရမှာပါ” ဟု HRW၏ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆင်က ဧရာဝတီကို ပြောသည်။

“မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တာပဲဖြစ်စေ၊ အမေရိကန်မှာ လုပ်ခဲ့တာပဲ ဖြစ်စေ  နှိပ်စက်ညှဉ်းပန်းမှုဖြစ်ခဲ့တယ် ဆိုတာကို ကျနော်တို့ သတင်းရရင်တော့ စုံစမ်း စစ်ဆေးဖို့ တောင်းဆိုရမှာပဲ” ဟု သူက ရှင်းပြသည်။

သမ္မတဟောင်း ဂျော့ဒဘလျူဘုရှ်၊  ဒုသမ္မတဟောင်း ဒစ်ချေနေ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရော်နယ်လ်ရမ်းစဖဲ၊ စီအိုင်အေ ညွှန်မှူးဟောင်း ဂျော့တင်းနက်တို့ကို စစ်ရာဇ၀တ်မှုများ၊ နှိပ်စက်ညှဉ်းပန်းနိုင်ရန် လုပ်ပိုင်ခွင့် ပေးခဲ့မှုများ အတွက် စုံစမ်း စစ်ဆေးရန် အထောက်အထား ခိုင်ခိုင်မာမာ ရှိနေသည် ဟု HRWက ဆိုသည်။

လက်ရှိသမ္မတ အိုဘားမားက သူ့လက်ထက်တွင် နှိပ်စက်ညှဉ်းပန်းသည့် လုပ်ရပ်များ ရပ်ဆိုင်းရန် ဆုံးဖြတ်ထားကြောင်း၊ သို့သော်လည်း ယခင်က ကျူးလွန်ခဲ့သည့် မတော်မရားမှုများကို ဥပဒေအရ အရေးယူခြင်း မပြုပါကနှိပ်စက်ညှဉ်းပန်းမှု ကျင့်သုံးသည့် မူဝါဒ အသက်ပြန်ဝင်လာမည်ဖြစ်ကြောင်း HRWက ပြောသည်။

အမေရိကန်အစိုးရက အများယုံကြည်လက်ခံနိုင်လောက်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိပါက အကျဉ်းသားများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်နေသူတို့ကို  နိုင်ငံတကာ ဥပဒေအရ အရေးယူသင့်သည်ဟုလည်း HRW က နိုင်ငံခြား တိုင်းပြည်များကို တိုက်တွန်းလိုက်သည်။

အကြမ်းဖက်သမားဟု သံသယဖြစ်ခံရသူ အများအပြားသည် ကမ္ဘာအရပ်ရပ်ရှိ အမေရိကန်တို့၏ လျှို့ဝှက်အကျဉ်းစခန်းများတွင် ချုပ်နှောင် စစ်ဆေးခံခဲ့ရသည်။

ဂွာတာနာမို အကျဉ်းစခန်းတွင်ထိန်းသိမ်းထားသူ အများအပြားကို စစ်ကြောစဉ်က ဦးခေါင်းတွင် ရေစက်ချသည့် နည်းလမ်းကို သုံးရခြင်းမှာ ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ်တို့၏ အကြံပြုချက်အရ ခွင့်ပြုခဲ့ခြင်း ဖြစ်သောကြောင့် ဥပဒေနှင့် ညီညွတ်သည်ဟု သမ္မတဟောင်း ဘုရှ်က ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မစ္စတာဘုရှ်က ဆွစ်ဇာလန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း၊ နှိပ်စက် ညှဉ်းပန်းခံရသူများက သူ့ကို ထိုနိုင်ငံတွင် တရားစွဲရန် စီစဉ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း HRW အစီရင်ခံစာက ထောက်ပြထားသည်။

နှိပ်စက်ညှဉ်းပန်းမှုတွင် ပါဝင် ပတ်သက်သည့် အမေရိကန်အရာရှိများအား စုံစမ်းစစ်ဆေးနေခြင်းကို စပိန်နိုင်ငံတွင်လည်း တွေ့နိုင်ကြောင်း၊ ၀ီကီလိခ်က ဖွင့်ချသည့် အထောက်အထားတချို့တွင် ထိုစစ်ဆေးမှုများ ရပ်ဆိုင်းရန်  အမေရိကန်အစိုးရက စပိန်ကို ဖိအားပေးခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ရေးထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်