ပို့ကုန်ခွန် လျှော့သော်လည်း လုပ်ငန်းများ မလည်ပတ်နိုင်သေး

E-mail Print
သမ္မတဦးသိန်းစိန် အစိုးရက ပို့ကုန်အတွက် အခွန်ငွေ ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ လျှော့ချပေးလိုက် သော်လည်း ပို့ကုန်တင်ပို့မှု တက်မလာဘဲ ငွေလဲနှုန်းတွင် ကျပ် ငွေတန်ဖိုး မြင့်တက်နေမှုကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အခက်တွေ့ နေသေးကြောင်း သိရသည်။

laborers_load_a_truck_with_sacks_of_rice
အစိုးရသစ်က ဇူလိုင်လ ၁ ရက်နေ့မှစပြီး ပို့ကုန်များအပေါ် ကောက်ခံလျက်ရှိသော အခွန် ၁၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကို လျှော့ပေးကာ ၇ ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဟု သတ်မှတ်လိုက်ကြောင်း၊ သို့သော်လည်း အခွန် လျှော့ချမှုကြောင့် လုပ်ငန်းရှင်အများစု၏ ပို့ကုန်ပမာဏ တိုးမြင့်မလာသည့်အပြင် ယခင်ထက် ပိုလျော့သွားကြောင်း မြန်မာနိုင်ငံ ရေထွက်ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

“အခွန်လျှော့လို့ ပို့ကုန်ကတော့ တက်မလာဘူး။ ကျပ်ငွေက တန်ဖိုး တက်နေတာကြောင့် အလုပ်လုပ်တိုင်း ရှုံးနေတယ်။ အခုဆိုရင် ရေထွက်ပစ္စည်းစက်ရုံတွေ တော်တော်များများ လုပ်ငန်းရပ်ဆိုင်း ထားလိုက်ကြပြီ။ ရပ်ထားတဲ့စက်ရုံ အနည်းဆုံး ၅၀ ထက်မနည်းပဲ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ဆိုသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူတဦးက ဆန်စပါးတင်ပို့မှု အခြေအနေ အထူးလျော့ကျလျက် ရှိကြောင်း၊ တင်ပို့မည်ဆိုပါကလည်း အမြတ် မကျန်သလောက် ဖြစ်နေကြောင်း၊ ထို့ကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုကို လုပ်ငန်းရှင်အများစု မလုပ်ကိုင်ရဲ ဖြစ်နေကြောင်း ရှင်းပြသည်။

“ပို့ကုန်ကဏ္ဍတိုင်းမှာ ဖြစ်နေတာပါ။ ဆန်လည်း အတူတူပဲ။ မပို့နိုင်ဘူး။ ဈေးကွက်အခြေအနေ ကလည်း ခြောက်ကပ်ကပ်ပဲ။ ဒီအချိန်မှာ ဘယ်လိုပို့ကုန် လုပ်ငန်းရှင်မှ မခံနိုင်ဘူး။ ဒီငွေလဲနှုန်းနဲ့ ပို့ရင်ရှုံးပြီ” ဟု သူကဆိုသည်။

အခွန်လျှော့ချမှုအပေါ် ကြိုဆိုသော်လည်း အစိုးရအနေဖြင့် တိုင်းပြည်စီးပွားရေး ပြန်လည်မောင်းနှင်ရန် အရေးကြီးသော
လုပ်ဆောင်ချက်များကို ချမှတ်ရန် လိုအပ်သည်ဟု စီးပွားရေး သုတေသီတချို့နှင့် ကုန်သည်များ၊ လုပ်ငန်းရှင်များက  ပြောဆိုကြသည်။

“အစိုးရက ငွေလဲနှုန်း တရားဝင် သတ်မှတ် ပေးရမယ့်အပြင် ငွေလဲနှုန်းမှာ ကျပ်ငွေတန်ဖိုးကို ချပေးဖို့ အရမ်းအရေးကြီးတယ်။ အဲဒါလည်း လုပ်ငန်းရှင်နဲ့ အစိုးရအကြားမှာ အဆင်ပြေမယ့်နှုန်းမျိုး ထားဖို့လိုတယ်။ ကျပ်ငွေတန်ဖိုး တအားချရင်လည်း ထိခိုက်မယ့် အပိုင်းတွေက များတယ်။ သတိထားပြီး လုပ်ရမယ်” ဟု ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင် တဦးက ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် တဦးကလည်း ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း တရားဝင် ပြောင်းလဲသတ်မှတ်ပြီး ယာယီအခွန် ကင်းလွတ်ခွင့် ပေးခြင်း၊ အတိုးနှုန်း သက်သာစွာဖြင့် ငွေချေးပေးခြင်း၊ လုပ်ငန်းကြန့်ကြာမှု ဖြစ်ပေါ်စေသော အစိုးရ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေများ ပြင်ဆင် ပေးခြင်းတို့ ပြုလုပ်သင့်သည်ဟု ဆိုသည်။

“ငွေတန်ဖိုးချရင်လည်း ကုန်ဈေးနှုန်းလိုက်တက်မှာ။ အဲဒီတော့ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်းပဲ လိုက်သတ်မှတ်၊ တခြားဘက်မှာ အခွန်ကင်းလွတ်ခွင့်ပေးတာတို့၊ ဘဏ်တိုးလျှော့ပေးတာတို့၊ ဈေးကွက်သစ်ရဖို့ မကြာသင့်တာတွေ မကြာ ရအောင် အကန့်အသတ် အတားအဆီးတွေ မရှိအောင် လုပ်ပေးတာတို့ အစိုးရဘက်က လုပ်သင့်နေပြီ” ဟု သူက ဆက်ပြောသည်။

ပို့ကုန်စီးပွားရေး ပြန်လည် လည်ပတ်ရန် ငွေလဲနှုန်းသည် ပို့ကုန်ရငွေ (Export Earning) အမေရိကန် တဒေါ်လာလျှင် အနည်းဆုံး ၉၀၀ ကျပ်ခန့် ရှိနေသင့်သည်ဟု ပို့ကုန် လုပ်ငန်းရှင်များက ပြောသည်။

“ပို့ကုန်ရငွေ တဒေါ်လာကို ကျပ် ၉၀၀ နဲ့ ၁၀၀၀ အကြားရှိမယ်ဆိုရင် ကုန်တွေ ပြန်ပို့နိုင်လာမယ်။ ဒါတောင်မှ ရေထွက်လုပ်ငန်းတွေကို အချိန်ယူပြီး ပြန်စရမှာ။ အစိုးရက အခုဖြစ်နေတဲ့အတိုင်းပဲ ပစ်ထားရင် ဘယ်တော့မှ ရေလုပ်ငန်း ကဏ္ဍ နာလန်ထူမှာ မဟုတ်ဘူး” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ဆိုသည်။

နေပြည်တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သော မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲ၌ အမေရိကန်ဒေါ်လာ ၁. ၅ ဘီလီယံ (ယူရိုငွေ ၁.၁) တန်ဖိုးရှိ ကျောက်မျက်ရတနာများ ရောင်းချခဲ့ရပြီး အဆိုပါ နိုင်ငံခြား ၀င်ငွေများကြောင့် ကျပ်ငွေတန်ဖိုးပိုတက်ကာ ဒေါ်လာတန်ဖိုး ထပ်မံကျဆင်းလာကြောင်း သိရသည်။

“ကျောက်မျက်ပွဲပြီးတာနဲ့ ဒေါ်လာဈေးက ထပ်ကျတယ်။ ၁၃ ရက်မတိုင်ခင်က တဒေါ်လာ ၈၀၀ ကျပ်လောက် ရှိနေရာကနေ အခု တဒေါ်လာ ၇၈၇ လောက်ထိ ကျသွားတယ်။ ဒီပုံစံအတိုင်းဆိုရင် ဒေါ်လာတန်ဖိုးထပ်ကျဦးမယ်” ဟု ရွှေကုန်သည် တဦးက ပြောသည်။

အမေရိကန်ဒေါ်လာသည် ဇွန်လအတွင်းက တဒေါ်လာ ၇၄၀ ကျပ်အထိ အနိမ့်ဆုံး ကျဆင်းခဲ့သည်။ ရန်ကုန်အခြေစိုက် စီးပွားရေး ပညာရှင်တဦးက မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာဈေးကွက်တွင်ပါ အမေရိကန်ဒေါ်လာ တန်ဖိုး စံချိန်တင် ကျဆင်းမည်ဟု ဆိုသည်။

“အမေရိကန်ပြည်ထောင်စုမှာ ရင်ဆိုင်နေရတဲ့ ကြွေးမြီပြဿနာ၊ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ ဖြစ်နေတဲ့ ဘဏ္ဍာရေး အကျပ်အတည်း တွေကြောင့် ဒေါ်လာတန်ဖိုး ထပ်ကျမယ်၊ စတော့ ရှယ်ယာ တန်ဖိုးတွေ အနိမ့်ဆုံး ကျမယ်။ ဒီအခြေအနေကို အစိုးရက အခွင့်ကောင်းယူပြီး ကျပ်ငွေနဲ့ ဒေါ်လာ လဲနှုန်း တရားဝင် ဖြစ်အောင် ပြင်ဆင်တာတွေ လုပ်သင့်တယ်” ဟု အဆိုပါပညာရှင်က ရှင်းပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်