တားမြစ်နယ်မြေများကြောင့် လာမည့်နှစ် ခရီးသွားဧည့် ဝင်နှုန်းနည်းနိုင်

E-mail Print
နိုင်ငံခြားသားခရီးသည်များ ၀င်ရောက် လည်ပတ်နိုင်သည့် မြန်မာနိုင်ငံတွင်း ဒေသတချို့နှင့် နယ်စပ်ဝင်ပေါက် များကို တားမြစ်ဒေသအဖြစ် ကန့်သတ်မှု များပြားလာသဖြင့် လာမည့်ခရီးသွားရာသီနှစ်တွင် နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု နည်းပါးနိုင်ကြောင်း ခရီးသွား အေဂျင်စီများထံမှ သိရသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ် ဖြစ်ပွားရာ ဒေသများနှင့် နယ်စပ်ဝင်ပေါက် များကို နိုင်ငံခြားခရီးသည် ၀င်ရောက် လည်ပတ်ခွင့်အား မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပိတ်ပင်ထားသဖြင့် ၂၀၁၁ - ၂၀၁၂ ခရီးသွားရာသီ နှစ်အတွက် ကြိုတင်စာရင်း ပေးသွင်းထားသော ခရီးစဉ်များစွာ ဖျက်သိမ်းရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ခရီးသွားအေဂျင်စီ တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“ခရီးသွားရာသီ မစခင် ၆ လလောက်ကတည်းက ဘွတ်ကင်လုပ်ထားတဲ့ နိုင်ငံခြားသားတွေရဲ့ ခရီးစဉ်တွေမှာ တားမြစ်ထားတဲ့ နေရာတွေပါနေတယ်။ ရှောင်သွားဖို့ပြောတော့ တချို့ကလက်ခံတယ်၊ တချို့က ခရီးစဉ်ဖျက်ပစ်တယ်” ဟု ၎င်းက ဆိုသည်။

နယ်စပ်ဂိတ်များမှ တဆင့် နိုင်ငံခြားသား ခရီးသွားများစွာ ဝင်ရောက်မှု ရှိသော်လည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သတ်မှတ်ချက် အပြောင်းအလဲ မကြာခဏလုပ်သဖြင့် အခက်တွေ့ရကြောင်း ခရီးသွားလာရေး အေဂျင်စီတခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အခုသွားလို့ရပြီ၊ ခဏနေ မရတော့ပြန်ဘူး ဆိုတာမျိုး ခဏခဏ လုပ်တယ်။ စီစဉ်ထားပြီးသားတွေ ဖျက်ရတာ၊ ပြင်ရတာ လုပ်ရတယ်” ဟု သူက ဆိုသည်။

ပြည်တွင်းစစ် ဖြစ်ပွားရာဒေသနှင့် နယ်စပ်ဝင်ပေါက်တချို့သည် နိုင်ငံခြားသားဧည့်သည်များ သွားလာရန် အခက်အခဲ ရှိသဖြင့် သက်ဆိုင်ရာက လက်တလော သွားလာခွင့် ပိတ်ပင်ထားခဲ့ပြီး နိုင်ငံခြားခရီးသည်များ ၀င်ရောက်လည်ပတ်နိုင်သည့် အခြေ အနေ ပြန်လည်ရောက်ရှိလျှင် ပြန်လည် ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်က ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှု တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောခဲ့ သည်။


တာချီလိတ်၊ ကျိုင်းတုံ၊ ကန်ပက်လက်၊ မူဆယ်၊ နမ့်ခမ်း စသော ဒေသများ ဖွံ့ဖြိုးရေးအတွက် ပြုလုပ်နေသဖြင့် လတ်တလော နိုင်ငံခြား ခရီးသည်များအား ခွင့်မပြုနိုင်သေးကြောင်း ဒုဝန်ကြီးက ဆိုသည်။

“လာမယ့်ခရီးသွားရာသီမှာ ကျိုင်းတုံဘက်နဲ့ ကန်ပက်လက်ဘက်ကို နိုင်ငံခြားသားတွေ လည်ပတ်ဖို့ ကြိုတင်ဘွတ်ကင်တွေ ရှိတယ်။ အဲဒီဒေသတွေက တားမြစ်ထားတော့ ကျတော်တို့က ငြင်းရတယ်။ မြန်မာနိုင်ငံကို နိုင်ငံခြားသားဧည့်သည် ၀င်ရောက်တာ များချင်ရင်တော့ တားမြစ်ဒေသတို့၊ စည်းကမ်းတို့ သိပ်များလို့မရဘူး” ဟု မြန်မာခရီးသွား လုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင် တဦးက ပြောသည်။

မြစ်ကြီးနား၊ ပူတာအို၊ တောင်ကြီး၊ ဖားကန့်စသော ဒေသများသို့ နိုင်ငံခြားခရီးသည်များ ၀င်ရောက် လည်ပတ်စဉ် အဆိုပါ ဒေသတွင်းရှိ စအဖ များနှင့် လမ်း tour ဂိတ်များမှ ရဲများသည် ကားများပေါ်တက်ကာ မေးမြန်းမှုများ၊ စစ်ဆေးမှုများ ရှိသောကြောင့် နိုင်ငံခြားသားဧည့်သည် မြန်မာနိုင်ငံကို ၀င်ရောက်လည်ပတ်မှု နည်းပါးနေရကြောင်း နိုင်ငံခြားခရီးသည် ၀င်ရောက်မှု တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ခရီးသွားအေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

“သက်ဆိုင်ရာတွေက ခွင့်ပြုချက်ရလို့ပဲ ဒီဒေသတွေကို နိုင်ငံခြားသားဧည့်သည်တွေ ၀င်ပြီးလည်ပတ်နေတာကိုဗျာ၊ စအဖ တွေက စောင့်ကြည့်တာတို့၊ အတင်း ကားပေါ်လိုက်လာတာတို့ လုပ်တော့ ခရီးသည်တွေ အနှောင့်အယှက် ဖြစ်တယ်။ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုများဖို့ ဒါကလည်း သတိထားရမယ့် အချက်ပဲ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင်း နိုင်ငံခြားခရီးသည်များ ၀င်ရောက်လာပြီး သွားရောက်မည့် ဒေသများကို ယခင် က/က (ကြည်း) က ခွင့်ပြုပေးခဲ့သော်လည်း ယခု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ခွင့်ပြုမှ သွားလာရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဒု - ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်က ဆိုသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသည်များ ၀င်ရောက် လည်ပတ်နိုင်သည့် ဒေသများကို ၁၉၉၆ ခုနှစ်အတွင်းက ပြည်ထဲရေး ၀န်ကြီးက သတ်မှတ်ပေးခဲ့ပြီး ၂၀၀၇-၂၀၀၈ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသည် ၀င်ရောက်လည်ပတ်နိုင်သည့်
ဒေသများ ထပ်မံတိုးချဲ့ သတ်မှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

“အဲဒီအချိန်တုန်းက သွားလာလို့မရတဲ့ ဒေသတွေကို ကြိုတင်လျှောက်ထားရင် ခွင့်ပြုပေးခဲ့ပါတယ်။ က/က(ကြည်း) ကလည်း တင်သမျှထဲက ၉၀ ရာခိုင်နှုန်းလောက် ခွင့်ပြုပေးခဲ့တယ်။ လက်ရှိအခြေအနေအရ ခွင့်ပြုလို့မရတဲ့ နေရာတွေကို ခွင့်မပြုသေး တာပါ” ဟု ဦးလှိုင်မြင့်က ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ပတ်သတ်သည့် ဗီဇာကိစ္စ၊ အခွန်ကိစ္စ စသည်တို့ကို အစိုးရသစ် လက်ထက်တွင်
တဖြည်းဖြည်းချင်း ဖြေလျှော့သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ အချက်အလက်များကို အင်တာနက်ပေါ်တွင် လစဉ် နိုင်ငံခြားသား အရေအတွက် ၂ သန်းနီးပါးအထိ ရှာဖွေလာကြကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်