နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှု ပြုလုပ်မည်

E-mail Print
နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု တခုကို ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ပူးပေါင်း၍ လာမည့် မတ်လ ၁၃ ရက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့တွင် စတင်ပြုလုပ်မည်ဖြစ်သည်။

အဆိုပါလှုပ်ရှားမှုကို မြန်မာ့ဒီမိုရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် သက်တမ်း ၆ နှစ်ပြည့်မည့် မေလ ၂၄ ရက်နေ့ အထိ ရက်ပေါင်း ၇၃ ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှု လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ် သည်ဟု လက်မှတ်ထိုး လှုပ်ရှားမှုကော်မတီက ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့က တကယ့်ကို အရေးတကြီးလိုအပ်နေတဲ့အချိန်ဖြစ်တယ်၊ မြန်မာ့ အရေး ထဲထဲဝင်ဝင်လှုပ်ရှားနေတဲ့သူတွေက မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်၊ သူတို့ယုံကြည်ချက်အတွက် သူတို့မှာပြစ်မှုတစုံတရာမှမရှိပါဘူး၊ ဒီအတွက် နိုင်ငံတော်ပြန်လည် ထူထောင်တဲ့ အချိန်မှာလည်း သူတို့ပါဝင် ဖို့လိုအပ်တယ်၊ ကျနော်တို့ယုံကြည်တာက ပြည်တွင်းပြည်ပက နအဖကို ဖိအားပေး တောင်းဆိုဖို့ လိုအပ် တယ်” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်ကပြောသည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတို့အတွက် နိုင်ငံရေးအကျဉ်းသားအားလုံး ကို ပထမ ခြေလှမ်းအနေနှင့် မဖြစ်မနေ ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာက ပိုမိုသိရှိလာပြီး နအဖကို ပိုမို ဖိအားပေးရန် နှင့် ရရှိလာသည့် လက်မှတ်များကို ကုလသမဂ္ဂအထွေထွေးအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထံပို့မည် ဖြစ် ကြောင်း၊ မစ္စတာ ဘန်ကီမွန်းအနေနှင့် နအဖကို ဖိအားပေးပြောဆိုရန် တောင်းဆိုမည်ဖြစ်ကြောင်းလည်းသိရသည်။

ယင်းလှုပ်ရှားမှု လက်ကမ်းစာစောင်၌ စစ်အစိုးရ အကျဉ်းးထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ပေါင်း ၂၁၀၀ ကျော် ရှိကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူများကို စစ်အစိုးရ က ဥပဒေမဲ့ ဖမ်းဆီး အကျဉ်းချထားခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

“နိုင်ငံရေးအကျဉ်းသားတွေဆိုတာ သူတို့ရဲ့ ယုံကြည်ချက်တွေကို စကားလုံးတွေနဲ့ဖြစ်စေ၊ လှုပ်ရှားမှုတွေနဲ့ ဖြစ်စေ ဖော်ထုတ်ပြတာက လွဲလို့ ရာဇ၀တ်မှု တခုခု ကျူးလွန်တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး”ဟူ သော ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်တခုကိုလည်း လှုပ်ရှားမှု လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

လက်ကမ်းစာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး“ကျမတို့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တချို့ဟာ ရာဇ၀တ်ပြစ်မှုများနဲ့ နအဖ ရဲ့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းတာကို ခံနေကြရပါတယ်၊ တကယ်တော့ ဒီပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကြောင့်သာ ဖမ်းဆီးခံကြရတယ်ဆိုတာကို ကျမတို့ အားလုံး သိကြပါတယ်”ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီး မှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း စစ်အစိုးရက ၂၀၀၈ ခု နှစ် မေလတွင် အကျယ်ချုပ်သက်တမ်း ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့်နေရ ချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
တခြားသော နိုင်ငံရေး အကျဉ်းသား တဦးဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးသည် လည်း ယမန်နေ့က သူ၏ အသက် ၄၅ နှစ်ပြည့် မွေးနေ့ကို ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်ထဲ တွင် တကိုယ်တည်း ကျင်းပနေရမည်ဖြစ်သည်။

ကိုမြအေးသည် ၂၀၀၇ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျောက် ဆန္ဒပြရာမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျေမီ၊ ကိုမင်းဇေယျ စသည့် ထင်ရှားသည့် ကျောင်း သား ခေါင်းဆောင်များနှင့်အတူ စစ်အစိုးရက အမြင့်ဆုံး ထောင်ဒဏ် ၆၅နှစ်ချမှတ် ခံရပြီး ဝေးလံသည့် နယ်စွန်နယ်ဖျား ထောင်သို့ပို့ဆောင် ခံခဲ့ရခြင်းဖြစ်သည်။

ကိုမြအေး၏ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က “ဘယ်အချိန်အဖမ်းခံထိမလဲဆိုပြီး အမြဲစိတ်ပူ နေရတယ်၊ အဖေ ဖမ်းခံထိတဲ့ ၂၂ရက်နေ့သြဂုတ်လ မနက်က အဖေနဲ့ ဖုန်းပြော လိုက်ရသေးတယ်၊ အဖေ လုပ်နေတာ အဆင်ပြေရဲ့လား၊ အဖေလုပ်နေတာတွေကို သမီးအရမ်းအားကျတယ်၊ လူတွေအများကြီး အဖေ တို့အဖွဲ့ကိုအားပေးတယ်လို့ ပြောတော့ အဖေက ပြောသေးတယ်၊ ငါတို့နိုင်ငံတော်ကြီး ပြောင်းလဲဖို့နီးလာပါ ပြီ တဲ့ အဲဒီနေ့ညမှာပဲ အဖေပါသွားတယ်လို့ ပြန်သိရတဲ့အချိန်မှာတော့ တော်တော်ကို စိတ်မကောင်းဖြစ်ခဲ့တယ်” ဟု ဧရာဝတီသို့ ပြောပြသည်။
 
“သမီး အမေက သမီးကို ဓာတ်ပုံပြပြီး ဒါက နင့်အဖေ ဒယ်ဒီလို့ခေါ်လို့ ပြောလို့တာ၊ သမီး နှလုံးသားထဲမှာ ဒါက အဖေဆိုပြီးသိခဲ့ရတာ၊ မျက်နှာချင်းဆိုင်တွေ့ရတာကတော့ သမီး၎နှစ် အရွယ်မှ တွေ့ခဲ့ရတာ၊ ဒါပေမယ့်  အဖေက သံတိုင်ကြားထဲဆိုတော့ အဖေ့လက်ချောင်းလေးတွေ ထိတာကလွဲရင် အဖေ့ကိုသမီးက ဖက်လို့ မရခဲ့ဘူး၊ အဖကလည်း သမီးကိုဖက်လို့ မရခဲ့ဘူး” ဟု မဝေနှင်းပွင့်သုန်က ဆက်ပြောသည်။

အသက်၂၀ရှိ မဝေနှင်းပွင့်သုန်သည် ၂၀၀၆ခုနှစ် နိုဝင်ဘာလက အင်္ဂလန်နိုင်ငံသို့ရောက်ရှိနေပြီး စီးပွားရေး ဘာသာရပ်ဖြင့် လန်ဒန်မြို့ရှိကောလိပ်တခုတွင် ပညာသင်ယူနေသည်။ အသက်၈နှစ် အရွယ်ညီမနှင့်အတူ မိခင်မှာ မြန်မာပြည်တွင်နေထိုင်လျှက်ရှိသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုသည်ကို ကြားခဲ့ဖူးသော်လည်း မခံစားခဲ့ရကြောင်း၊ လူ့အခွင့်အရေး၏ အနှစ်သာရကိုလည်း မသိခဲ့ရကြောင်း မဝေနှင်းပွင့်သုန်က ပြောပြသည်။

“ဒီနိုင်ငံရောက် လာတော့ လူ့အခွင့်အရေးကိုမြင်လိုက်ရတယ်၊ လူ့အခွင့်အရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် ဆိုတာသိလာတယ်၊ ဥပမာ ဒီကကျောင်းသား တွေဆိုရင် ကိုယ်သင်ချင်တာ သင်ခွင့်ရတယ်၊ ကျောင်းသား ဆိုတာ အသစ်အဆန်းတွေကိုလေ့လာချင်တယ်၊ ကိုယ်ယုံကြည်ရာကိုလုပ်ချင်တယ်၊ ဒါပေမယ့် ရန်ကုန်မှာ ကျောင်းသား ဆိုတာက ကျောင်းဝန်းထဲ ဝင်လိုက်တာနဲ့ တကယ့်ထောင်အသေးလေးထဲ ဝင်လိုက်ရသလိုပဲ၊ သူတို့ သုံးချင်တဲ့ အင်တာနက်၊ သူတို့ ယုံကြည်တာတွေ လုပ်လို့မရဘူး”ဟု လည်း သူကဆိုသည်။

မဝေနှင်းပွင့်သုန်က သူ၏ဖခင်နှင့် အတူ မြန်မာနိုင်ငံသားများ လွတ်မြောက်ရေး အတွက် ဆက်လက်၍ လှုပ်ရှား ဆောင်ရွက်သွားမည်ဟုလည်းပြောသည်။

ယခု လက်မှတ်ထိုး လှုပ်ရှားမှုကော်မတီကလည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဓာတ်ပုံပြပွဲများ၊ ပိုစတာနှင့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်းများကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

၁၉၈၈ခုနှစ် သြဂုတ်လတွင်း ရှစ်လေးလုံးအရေးတော်ပုံတွင် ဒီမိုကရေစီကိုငြိမ်းချမ်းစွာတောင်းဆို နေသော လူထုအား စစ်အစိုးရမှပစ်ခတ် သတ်ဖြတ်ဖြိုခွင်းခဲ့မှုကြောင့် ပြည်သူ သုံးထောင်ကျော် သေဆုံးခဲ့ကြောင်းနှင့် အကျဉ်းထောင်အသီးသီး၏ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းကြောင့် မသေသင့်ဘဲ သေဆုံးသွားရ သည့် နိုင်ငံရေးအကျဉ်းသားမှာ ၁၃၈ဦးရှိသွားပြီဖြစ်ကြောင်းကိုလည်း ယင်းအဖွဲ့က ဖြန့်ဝေသည့် လက်ကမ်း စာစောင်များတွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ခန့်ရှိကြောင်း AAPP စာရင်းအရသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်