လက်ဖက်တံဆိပ် အများစုကို စားသုံးရန်မသင့်ဟု ကြေညာ

E-mail Print
ဈေးကွက် အတွင်းရှိ လက်ဖက်များတွင် ကျန်းမာရေး ဦးစီးဌာနက အစားအသောက်ထဲ၌ ထည့်သွင်း သုံးစွဲရန် ခွင့်မပြုသော အ၀ါရောင် ဆိုးဆေး (Auramine O) များ ပါဝင်နေသည် ဟု မတ်လ ၁၂ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။
 
အရီးတောင်း၊ ပင်ပျိုရွက်နု၊ ရွှေတုတ် စသည့်နိုင်ငံကျော် လက်ဖက် လုပ်ငန်းကြီးများ အပါအဝင် အမှတ်တံဆိပ် ၄၃ မျိုးက ထုတ်လုပ်သော လက်ဖက်အသား၊ လက်ဖက်ဆီနှပ်၊ ချင်းချဉ်စပ်နှင့် အကြော်စုံများတွင် အ၀ါရောင် ဆိုးဆေးများ ပါဝင်နေသည်ဟု သတင်းစာများတွင် ရေးသား ဖော်ပြထားသည်။
 
အဆိုပါ လက်ဖက်များတွင် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသည့် ဓာတုပစ္စည်း Auramine O ပါဝင်နေသည့် အတွက် စားသုံးသူများကို လတ်တလော အဆိပ် အတောက် မဖြစ်စေသော်လည်း ရေရှည်တွင် အသည်းနှင့် ကျောက်ကပ် ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းတို့ကြောင့် စားသုံးရန် မသင့်ကြောင်း သတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
 
သတင်းစာထဲတွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း ရန်ကုန်မြို့အတွင်းရှိ စူပါမားကက်များနှင့် အစားအသောက် ပစ္စည်း ရောင်းချလျက်ရှိသော စတိုးဆိုင်များတွင် အဆိုပါ အမှတ်တံဆိပ် များမှ တချို့ကို ရောင်းချနေဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။
 
“သတင်းစာထဲမှာလည်း မစားသုံးသင့်ဘူးလို့ပဲ ပါတာ၊ တားမြစ်တယ်လို့ မပါတော့ ဒီလိုပဲ ရောင်းတဲ့ ဆိုင်တွေကလည်း ဆက်ရောင်းနေကြတာပဲ၊ မသိတဲ့သူတွေကလည်း ၀ယ်စားနေကြတုန်းပဲ” ဟု ရန်ကုန် ဘိုကလေးဈေးအနီးမှ အိမ်ရှင်မတဦးက ပြောသည်။
 
ဈေးကွက်အတွင်း ဆက်လက်ရောင်းချနေသော အမှတ်တံဆိပ်များကို တားမြစ်သင့်ကြောင်း၊ အစိုးရအနေနှင့် သတင်းထုတ်ပြန်သော်လည်း ဈေးကွက်အတွင်းရောင်းချခြင်း ရှိမရှိ စစ်ဆေးရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း  ရန်ကုန်ထုတ် သတင်းဂျာနယ် အယ်ဒီတာတဦးက သုံးသပ်ပြောဆိုသည်။
 
“တချို့ဈေးသည်တွေက သတင်းစာထဲမှာ ပါလို့ ပါမှန်းတောင်မသိဘူး။ မသိလို့ ရောင်းနေတဲ့သူနဲ့ သိသိကြီးနဲ့ ဆက်ရောင်းနေတဲ့ သူတွေရှိနေတော့ သေချာလိုက်စစ်ဖို့ ကောင်းတယ်” ဟု သူက ပြောဆိုသည်။
 
မြန်မာနိုင်ငံတွင် အစားအသောက်လုပ်ငန်း အပါအ၀င်၊ တခြား လူသုံးကုန်နှင့်အထွေထွေ ကုန်ထုတ်လုပ်မှု လုပ်ငန်း ထုတ်လုပ်သူများမှ ၀ယ်ယူရောင်းချသူများနှင့် သုံးစွဲသူများအား အကြောင်း တစုံတခုခုကြောင့် ထိခိုက်နစ်နာမှုရှိပါက လျော်ကြေးပေးသော အလေ့ မရှိသောကြောင့် လည်းကောင်း၊ အဆိုပါ ဆိုးဆေးပါ လက်ဖက်များကို ၀ယ်ယူထားမိသော ဆိုင်များ အနေနှင့် ငွေဆုံးရှုံးမည် စိုးသောကြောင့် လည်းကောင်း ဆက်လက် ရောင်းချ နေကြခြင်းဖြစ်နိုင်ပြီး စားသုံးသူများသည်လည်း သတင်းအချက်အလက်နှင့် ပတ်သက်၍ အားနည်းသောကြောင့် လုပ်ငန်းရှင်များမှာ အခွင့်ကောင်း ယူနေကြခြင်း ဖြစ်ကြောင်း  အဆိုပါအယ်ဒီတာက သုံးသပ်သည်။
 
လက်ဖက်သည် မြန်မာလူမျိုးတို့အတွက် အရေးပါသော အစားအစာ တမျိုးဖြစ်ပြီး ဘုရားပွဲ၊ သာသနာပွဲများ တည်ရာတွင်လည်းကောင်း၊ မင်္ဂလာဆောင်များ၊ လူမှုရေးပွဲများ စသည့် ပွဲလမ်းသဘင်များနှင့် သာရေးနာရေး ကိစ္စများတွင် လက်ဖက်အုပ်နှင့် လက်ဖက်ပွဲမှာ မပါမဖြစ်ပါလေ့ရှိသည်။

ထို့ပြင် တချို့မိသားစုများအတွက် လက်ဖက်သည် ဟင်းရံအဖြစ် အရေးပါသော အစားအစာ တခုဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်းရှိ မိသားစု ၇၀ ရာခိုင်နှုန်းမှာ လက်ဖက် ၀ယ်ယူ စားသုံးသူများ ဖြစ်ကြောင်း ဈေးကွက်ဆိုင်ရာ အချက်အလက်များကို ၀န်ဆောင်မှု ပေးနေသည့် လုပ်ငန်းတခုက စစ်တမ်း ကောက်ယူထားသည်။
 
လက်ဖက်များတွင် အဆိုပါ Auramine O ဆိုးဆေးများကို ထည့်သွင်းခြင်းအားဖြင့် အရောင် ပိုလှလာသည့်အတွက် သုံးစွဲကြခြင်းဖြစ်ပြီး လက်ဖက်ထုတ်လုပ်ရေး လုပ်ငန်း အားလုံး သုံးစွဲ နေကြခြင်းဖြစ်ကြောင်း လက်ဖက် စီးပွားရေး လုပ်ငန်းတခုက ပြောဆိုသည်။
 
မြန်မာနိုင်ငံတွင် လက်ဖက်ထုတ်လုပ်ရောင်းချရေး လုပ်ငန်းအဖြစ် တရားဝင် မှတ်ပုံတင် ထားသော လုပ်ငန်းများနှင့် တရားမ၀င်ထုတ်လုပ်နေသော လုပ်ငန်းပေါင်း ၁၀၀ ၀န်းကျင် ခန့်ရှိကြောင်း သိရသည်။

စစ်အစိုးရပိုင် သတင်းစာများတွင် စားသုံးရန်မသင့် ဟု ကြေညာထားသော လက်ဖက်တံဆိပ်များမှာ အရီးတောင်း၊ ပင်ပျိုရွက်နု၊ ရွှေတုတ်၊ အောင့်ပွင့်ဖူး၊ ရွှေပြည်တန်၊ ရွှေပြည်စံ၊ လမင်း၊ ၀င်း၊ ငွေတောင်တန်း၊ ချစ်မမ၊ ရွှေညီနောင်၊ အောင်ဆင်မင်း၊ပလောင်ပျို၊ အောင်သပြေ၊ ထိပ်တန်းအောင်၊ နေလ၊ မရွှေယု၊ စိန်ဝေလျှံ၊ မြင့်မိုရ်၊ စမ်းမင်း၊ သုခိတာ၊ ရွှေနတ်သား၊ ငြိမ်းငြိမ်း၊ ရွှေခြင်္သေ့၊ ပဒေသာ၊ မျိုး၊ မတင်ပိုင်၊ မြသီတာ၊ သီဟစိုး၊ ကျော်ကျော်မှီ၊ သိန်းတစ်ရာ၊ ရည်မွန်၊ ဖိုးလမင်း၊ ဗေဒါရွှေကြာ၊ ရွှေရီမွန်၊ ဓနဝေ၊ ရွှေကြိုးကြာငွေကြိုးကြာ၊ ရွှေအိုးကြီး၊ ၀င့်ဝါဦး၊ သိန်းသန်း၊ ပလောင်လေး၊ ပုလဲရတနာ နှင့် မွမွလေး တို့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်