နာဂစ် ပန်းပုပွဲ ရန်ကုန်တွင် ပြုလုပ်

E-mail Print
စစ်အစိုးရက နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် သစ်ပင်ကြီးများမှ ထုလုပ်ထားသော ပန်းပုရုပ်တု ရာပေါင်းများစွာကို ရန်ကုန်မြို့ ဆရာစံ ပလာဇာတွင် ပြပွဲကျင်းပ၍ အမေရိကန် ဒေါ်လာ သောင်း ဂဏန်းချီသည့် သတ်မှတ်ဈေးများဖြင့် ရောင်းချနေကြောင်း ဦးဆောင်ကျင်းပသည့် ကောင်းမြန်မာ ကုမ္ပဏီမှ သတင်းရရှိသည်။

ဧပြီလ ၃ ရက်နေ့က စတင်ဖွင့်လှစ် ပြသခဲ့သည့် အဆိုပါ ပြပွဲမှ မြန်မာ့ရိုးရာ အနုပညာမြောက် ပန်းပုရုပ်တုများကို နေ့စဉ်လာရောက် ကြည့်ရှုသူ ရာဂဏန်းနီးပါး ရှိကြောင်း၊ ၀ယ်ယူရန် ကမ်းလှမ်းသည့် နိုင်ငံခြားသားများနှင့် ဟိုတယ် အများအပြား ရှိကြောင်း ကောင်းမြန်မာ ကုမ္ပဏီ ၀န်ထမ်း တဦးက ပြောသည်။

“အခုပြပွဲကာလမှာ ပန်းပုရုပ်တွေကို ရောင်းမှာတော့ မဟုတ်ဘူး၊ ပြပွဲပြီးတဲ့နောက်ပိုင်းမှာမှ ဒီပန်းပုရုပ်တွေကို ရောင်းမှာ၊ ဒါပေမယ့် တချို့အရုပ်တွေက ကြိုတင်ရောင်းထားပြီးသားတွေလည်း ရှိတယ်၊ ပန်းပုရုပ်တွေ အားလုံး ကို တရားဝင်ဈေးမသတ်မှတ်ရသေးပေမယ့် လက်ရာမြောက်တဲ့ပန်းပုရုပ်တုကြီးတရုပ်ကို အနည်းဆုံး ဒေါ်လာ သုံးသောင်း ကျော်ကနေ အများဆုံးဒေါ်လာခြောက်သောင်းကျော် ဈေး ရှိမယ်လို့ ခန့်မှန်းခြေပြောလို့ရပါတယ်”ဟု ကောင်းမြန်မာကုမ္ပဏီ ၀န်ထမ်းက ရှင်းပြသည်။

ယင်း နာဂစ်အလွန်ပန်းပုရုပ်တုများမှာ နိုင်ငံခြားသားနှင့် ငွေကြေးချမ်းသာသော လူတန်းစားများကိုသာ ရည်ရွယ် ရောင်းချလိုဟန်ရှိသည်ဟု ပြပွဲသို့ သွားရောက်ခဲ့သည့် သတင်းသမားတဦးက သုံးသပ်သည်။

“ပန်းပုရုပ်တုတွေက အများပြည်သူတွေအတွက် နာဂစ်အမှတ်တရ၀ယ်နိုင်ဖို့ ရည်ရွယ်တာမဟုတ်ဘူးဆိုတာက ထင်ရှားတယ်”ဟု အဆိုပါရန်ကုန် အခြေစိုက်သတင်းသမားက ဆိုသည်။

ယခု ပန်းပုအရောင်းပွဲတော်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ပြင်ပမှကင်မရာများ ယူဆောင်ရိုက်ကူးခွင့်မပြုဘဲ ဓာတ်ပုံရိုက်သူများကို တွေ့ရှိပါက ရိုက်ကူးထားသည့်ပုံများ ဖျက်ခိုင်း၍ ပြပွဲ အတွင်းမှနှင်ထုတ်သည်ဟု သိရ သည်။

“ဒီပြပွဲက အံ့မခန်းလက်ရာမြောက်တဲ့ပန်းပုရုပ်တွေနဲ့ပြည့်နေမယ်လို့ ထင်မထားပါဘူး၊ ပထမထပ်မှာ ပြထားတဲ့ ပျူစောထီးရုပ်တုကြီးရယ်၊ လျောင်းတော်မူ ဘုရားပန်းပုရုပ်ကြီးရယ်ကိုမြင်လိုက်တော့ အရမ်းအံ့သြသွားတယ်”ဟု အမျိုးသမီးသတင်းထောက်တဦးက ပြောသည်။

နာဂစ်အလွန်မြန်မာ့အနုပညာနှင့် ပန်းပုအရောင်းပွဲတော်ကို ဆရာစံပလာဇာ ပထမထပ်တွင် မြန်မာ့ ရိုးရာ အနု ပညာ လက်ရာ ပြခန်း၊ ဒုတိယထပ်တွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ လက်ရာရုပ်တုပြခန်း၊ တတိယထပ်တွင် ဥရောပ လက်မှုပညာပုံစံရုပ်တုများ နှင့်မော်ဒန်လက်ရာရုပ်တုပြခန်းဟူ၍ သုံးခန်းခွဲခြားပြသထားသည်။

ပထမထပ် မြန်မာ့ရိုးရာအနုပညာ လက်ရာပြခန်းတွင် ၁၂ ပေခန့် မြင့်မားသည့် ပျူခေတ်သူရဲကောင်း ပျူစောထီး ၏ မြားနှင့်လေးကိုင်ဆောင်ထားသည့်ပန်းပုရုပ်တုအပါအ၀င် ပျူခေတ်၊ပုဂံ၊အင်းဝ၊ပင်းယ၊တောင်ငူနှင့် ကုန်းဘောင် ခေတ် ဘုရားပန်းပုရုပ်တု၊ မင်္ဂလာစည်တော်ပန်းပု၊ ခြင်္သေ့ပန်းပုရုပ်တုနှင့်နန်းတွင်းမြန်မာအမျိုးသမီး ပန်းပုရုပ်တု၊ ကလေးငယ်ကို နို့ချိုတိုက်ကျွေးနေသော မြန်မာ့မိခင်ပန်းပု အပါအ၀င် အခြားစိတ်ဝင်စားဖွယ်မြန်မာ့ ရိုးရာပန်းပု၊ ဥရောပနှင့် မော်ဒန်ပန်းပုရုပ်တုပေါင်း ၅၀၀ ကျော်ပြသထားပြီး မှန်ပြားတီဗီများဖြင့် နာဂစ်အလွန်ပန်းပု ရုပ်တုများ ထုလုပ်ရန် စစ်အစိုးရက မည်သို့မည်ပုံ ကြိုးပမ်းခဲ့ရသည်ဆိုသော မှတ်တမ်းဗီဒီယိုများ စဉ်ဆက်မပြတ်ထုတ်လွှင့် ပြသနေသည်။

ဒုတိယထပ်တွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ ပန်းပုရုပ်တုများကို အဓိကထားပြသထားရာ တရုတ်ဘုံကျောင်းများ တွင် တွေ့မြင်ရလေ့ရှိသည့် ဗိုက်ပူအန်းကုန်းရုပ်တုအများဆုံးပါဝင်ပြီး တရုတ်လူမျိုးတို့၏ သင်္ကေတ နဂါးရုပ်တု အများအပြားအပါအ၀င် ပန်းပုလက်ရာ ၁၅၀ နီးပါးပြသထားသည်။

“ဒုတိယထပ်က တရုတ်လူမျိုးဖောက်သည်တွေ အကြိုက်တွေ့မယ့် ပန်းပုမျိုးတွေချည်းပဲ၊ ဒါပေမယ့် ပထမထပ်က ပန်းပုလက်ရာတွေလောက်တော့ စိတ်ဝင်စားဖို့မကောင်းဘူး”ဟု ပြပွဲသွားရောက်ကြည့်ရှုသည့် ရန်ကုန်မြို့ခံ တဦး က ဆိုသည်။

တတိယထပ်တွင် ဥရောပနှင့် မော်ဒန်ပန်းပုလက်ရာများနှင့်အတူ ပန်းပုလက်ရာထိုင်ခုံများနှင့် တည်ခင်းရောင်းချ နေသော စားသောက်ဆိုင်တခုဖွင့်လှစ်ထားပြီး မြန်မာ့ရိုးရာတူရိယာများ တီးခတ်ဖျော်ဖြေနေသည့် စင်တင်တေး ဂီတနှင့် ပါတွဲဖက်၍ အစားအသောက် များပါရောင်းချနေသည်။

“ဒီပန်းပုပြပွဲမှာ ပြထားတဲ့ ပန်းပုရုပ်တုတွေကို မြင်တော့ လူတသိန်းကျော်သေခဲ့ရတဲ့ နာဂစ်မုန်တိုင်းက မနေ့ တနေ့ကမှ တိုက်သွားသလို ခံစားရတယ်”ဟု ပန်းပုပြပွဲလာရောက် ကြည့်ရှုသည့် ဒဂုံတက္ကသိုလ်မှ မြန်မာစာ အထူးပြု တက္ကသိုလ်ကျောင်းသူ တဦးက ပြောသည်။

နာဂစ်အလွန်ပန်းပုရုပ်တုများထုလုပ်ရန် မြန်မာနိုင်ငံတ၀န်းလုံးမှပန်းပုပညာရှင်ပေါင်း ၄၀၀ ကျော်ကို စစ်အစိုးရက စုစည်းခေါ်ယူခဲ့ပြီးပန်းပုရုပ်ပေါင်း ၇၀၀ကျော်ကို အချိန်ကိုးလကျော်ကြာ ထုလုပ်ခဲ့ကြောင်း၊ ယခုပြပွဲကို မေလ ၇ ရက် နေ့အထိ အခမဲ့ပြသသွားမည်ဖြစ်ကြောင်း ၊ သမ၀ါယမ၀န်ကြီးဌာနနှင့် ဗဟို သမ၀ါယမအသင်း လီမိတက် (ကောင်းမြန်မာကုမ္ပဏီ)တို့က ပူးတွဲကျင်းပခြင်း ဖြစ်ကြောင်း သိရှိရ သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်တွင် တိုက်ခတ်သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် ရန်ကုန် တမြို့လုံးတွင် သစ်ပင်ပေါင်း ၁ သိန်းကျော် ပြိုလဲခဲ့ပြီး ယင်းသစ်ပင်များ၏ သစ်မြစ်၊ သစ်ဆုံများဖြင့် ပန်းပုရုပ်တု များ ထုလုပ် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကျေ ပျောက်ဆုံးခဲ့ကြရပြီး ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မြစ်ဝကျွန်းပေါ် ဒေသသည် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်