ဥရုဂွေးနှင့် ပြင်သစ် တမှတ်စီခွဲယူ

ကမ္ဘာ့ဖလား ဒုတိယ ပွဲစဉ်အဖြစ် ပြင်သစ် အသင်းနှင့် ဥရုဂွေး အသင်း နှစ်သင်း တောင်အာဖရိက နိုင်ငံ ကိပ်တောင်း မြို့ ကိပ်တောင်း အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားရာ ဂိုးမရှိ သရေကျခဲ့သည်။

ပွဲစပြီး ၇ မိနစ်အကြာ ရီဘာရီနှင့် ဂိုဗူးတို့ အပေးယူလုပ်ပြီး ဥရုဂွေးဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် ပြင်သစ်အသင်းက ဥရုဂွေးအသင်းဘက်သို့ ဖိကစားထားပြီး ဥရုဂွေးအသင်း၏ တိုက်စစ်မှူး ဒီယေဂို ဖော်လန် နှင့် လူးဝစ္စဆွာရက်တို့ တခါတရံမှသာ ပြင်သစ်နောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့သည်။

၁၁ မိနစ်တွင် ဥရုဂွေး ဘောလုံး သမားတဦးကို အင်္ကျီဆွဲ သဖြင့် ပြင်သစ် အသင်း ခေါင်းဆောင် အီဗရာ အ၀ါ ကတ် ပြခံရသည်။ ၁၇ မိနစ်တွင် ရီဘာရီကို ဥရုဂွေး နောက်တန်းက ဖျက်ထုတ်ရာ ကြမ်း၍ ပြစ်ဒဏ်ဘော ရရှိသည်။ ပြင်သစ် အလယ်တန်းလူ ဂေါ့ကပ်ဖ် ကန်သွင်း လိုက်သည့် ဘောလုံးကို ဥရုဂွေး ဂိုးသမား ကာကွယ် လိုက်နိုင်ခဲ့သည်။

ပထမပိုင်း မိနစ် ၂၀ အထိ ပြင်သစ်အသင်းဖိကစားနိုင်သော်လည်း နောက်ပိုင်း ဥရုဂွေး အသင်းမှ ပြင်သစ် အသင်းဘက်သို့ ထိုးဖောက် တိုက်စစ်ဆင်လာခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန်တွင် တဘက်နှင့် တဘက် ဂိုးမသွင်းနိုင်ဘဲရှိနေခဲ့သည်။ ပြင်သစ်အသင်း ၏ ရှေ့တန်း တိုက်စစ်မှူး  အနဲလ်ကာ ခြေမပေါ်သည့်အတွက် ၇၂ မိနစ်တွင် တိုက်စစ်မှူး အွန်နရီနှင့် လဲလှယ်ခဲ့သည်။

ဥရုဂွေးအသင်း ဘက်ကလည်း တိုက်စစ်မှူး ဆွာရက်စ် ခြေမပေါ်သည့် အတွက် အဘရူနှင့် လဲလှယ်ခဲ့သည်။

ဒုတိယပိုင်း ၈၁ မိနစ်တွင် ဥရုဂွေးကစားသမား လိုဒီရီယို  ပြင်သစ်နောက်ခံလူ ဆက်ဂ်နာကို ဖျက်ထုတ်ရာ ကြမ်းသည့်အတွက် နှစ်ဝါ တနီဖြင့် ကမ္ဘာ့ဖလား တွင် ပထမဆုံး အထုတ်ခံရသည့် ကစားသမားဖြစ်ခဲ့သည်။

ပြင်သစ် အသင်းမှ တယောက်လျော့နေသည့် ဥရုဂွေးအသင်းကို အနိုင်ယူနိုင်ရန်အတွက် ဂေါ့ကပ်ဖ်နှင့် မာလူဒါ ကို လဲလှယ် ကစားခဲ့သည်။

သို့သော် ဥရုဂွေးအသင်းက တသင်းလုံး နောက်တန်းဆင်း၍ ပိတ်ဆို့ကစားသဖြင့် ပြင်သစ်အသင်း ဂိုးမရှိ သရေဖြင့် ကျေနပ်ခဲ့ရသည်။

အုပ်စု (က) တွင် အသင်းအားလုံး ရမှတ် ၁မှတ်စီရရှိထားသည်။

ယနေ့ပွဲစဉ်များမှာ အုပ်စု(ခ)မှ အာဂျင်တီးနားအသင်းနှင့် နိုင်ဂျီးရီးယား၊ တောင်ကိုရီးယား နှင့် ဂရိ၊ အင်္ဂလန်နှင့် အမေရိကန် တို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်