အသင်းကြီးများ ပရိသတ် ခန့်မှန်းချက်အတိုင်း ဖြစ်မလာသေး

၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ စတင် ခဲ့သည်မှာ ၃ ရက်ရှိပြီ ဖြစ်သည်။ အိမ်ရှင် တောင်အာဖရိက အသင်းနှင့် ပွဲစဉ်များ စတင် ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် အုပ်စု (င) ဥရောပ နာမည်ကြီး အသင်းဖြစ်သည့် နယ်သာလန်၊ အုပ်စု (စ)မှ လက်ရှိ ချန်ပီယံ အီတလီ အသင်းတို့လည်း ပွဲဦးထွက် ပွဲစဉ်များကို ကစားကြရတော့မည်။

ယခုနှစ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်များတွင် ဗိုလ်စွဲမည်ဟု ရေပန်းစားခဲ့ကြသည့် နာမည်ကြီး ဘောလုံးအသင်းကြီး တချို့လည်း ထင်သလောက် ခြေစွမ်းမပြနိုင်သကဲ့သို့ အုပ်စုမှ မကျွတ်နိုင်ဟု ထင်မှတ်ထားသော အသင်းများလည်း နိုင်ပွဲရခဲ့သည်။

ဗိုလ်စွဲရန် ရေပန်း မစားသည့် ဂျာမနီ အသင်းသည် တိုက်စစ်ဖြင့် အစွမ်းကုန် ဖွင့်ပြီး ပြိုင်ဘက်ကို ဂိုးပြတ် အနိုင်ယူကာ ပရိသတ် အတွက် ဘောလုံးရသ ပေးနိုင်ခဲ့ သကဲ့သို့ အာရှမှ တောင်ကိုရီးယား အသင်း ကလည်း ဥရောပ၏၂၀၀၄ ခုနှစ် ယူရို ချန်ပီယံ ဂရိ အသင်း ကို အံ့ဖွယ် ခြေစွမ်းပြ၍ ၂ ဂိုးပြတ်ဖြင့် အဖိုးတန်အမှတ် သုံးမှတ်ယူကာ ဇယားထိပ်ရှိ အာဂျင်တီးနား အသင်းအထက်တွင် နေရာယူ ထားနိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဂျာမနီ ကမ္ဘာ့ဖလားတွင် အီတလီအသင်းကို  ပင်နယ်တီဖြင့် ရှုံး၍ ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် ပြင်သစ် အသင်းသည်လည်း ပွဲဦးထွက်တွင် တယောက်လျော့နေသည့် ဥရုဂွေးအသင်းကို အသာစီးမယူနိုင်ဘဲ ဂိုးမရှိ သရေဖြင့်သာ အမှတ် ၁ မှတ်စီ ခွဲယူကာ ကျေနပ်ခဲ့ရသည်။

လက်ရှိ ပြင်သစ်အသင်း အခြေအနေမှာ ကွင်းလယ်တွင် ဖန်တီးရှင် ဇီဒန်းကဲ့သို့ ဘောလုံးသမား မပါ ၀င်တော့ သကဲ့သို့ ဂေါ့ကပ်ဖ်မှာလည်း ထင်သလောက် အလုပ်မဖြစ်ပေ။ တောင်ပံကစားသမား ရီဘာရီ လည်း ပြီးခဲ့သည့် ပွဲတွင် ဥရုဂွေး နောက်တန်း၏ ထိန်းချုပ်ခြင်း ခံထားရသည်။

ရှေ့တန်းတွင် အနယ်လ်ကာနှင့် အွန်နရီသည်လည်း ထင်သလောက် အလုပ်မဖြစ်ခဲ့ပေ၊ လာမည့် ဒုတိယပွဲစဉ်တွင် ပြင်သစ်အသင်း အနေဖြင့် မက္ကဆီကိုအသင်းကို အနိုင်ကစားနိုင်မှသာ အုပ်စုမှ ကျွတ်မည်ဖြစ်သည်။ တတိယပွဲတွင် အိမ်ရှင်တောင် အာဖရိက အသင်းနှင့် တွေ့ဆုံမည်ဖြစ်၍ ပြင်သစ်အတွက် မလွယ်ကူပေ။

“ဘုရားပေးသောလက်”ပိုင်ရှင် နည်းပြ မာရာဒိုနာ၏ ဗိုလ်စွဲမည်ဟု ရေပန်းစားနေသည့် အာဂျင်တီးနား အသင်းသည် နိုင်ဂျီးရီးယား ကို အနိုင်ယူပြီး ပွဲဦးထွက်လှခဲ့သော်လည်း ကစားပုံမှာ အကောင်းဆုံး အခြေအနေ မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ဂျီးရီးယားနှင့် ပွဲတွင် ၄-၃-၃ ပုံစံဖြင့် တိုက်စစ်မှာ မက်ဆီ၊ ဟီဂွါရင်၊ တဲဗက်ဇ်တို့ ၃ ယောက် တွဲပြီး ပွဲ ထွက်ခဲ့သည်။ ကွင်းလယ်တွင် ၀ါရင့်ကစားသမား ဗီရွန်၊ မာရှေယာနိုနဲ့ ဒီမာရီယာတို့ ကစားခဲ့ပြီး နောက်တန်းတွင် ဂူတီယာရက်ဇ်၊ ဒီမစ်ချယ်လီ၊ ဝေါလ်တာ ဆင်မြူရယ်နှင့် ဟိန့်ဇီတို့ ကစားခဲ့ကြသည်။

အာဂျင်တီးနား အသင်းသည် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ အကောင်းဆုံး ချိတ်ဆက်နိုင်မှု မရှိခဲ့သည့်အပြင် ရှေ့တန်းတွင် ဟီဂူအင် နှင့် တဲဗက်ဇ်တို့ ပုံမှန်ခြေစွမ်း မရခဲ့ပေ။ အသင်းလိုက် စုစည်းမှု အားနည်းခဲ့ပြီး တိုက်စစ်မှူး မက်ဆီ အနေဖြင့်လည်း တကိုယ်တော် ထိုးဖောက်မှုများကိုသာ ပြုလုပ်ခဲ့သည်။

အထူးသဖြင့် အာဂျင်တီးနားကွင်းလယ်လူ ဗီရွန်လည်း တိကျသေသပ်သည့် ဘောလုံးပေးပို့မှုမျိုး မလုပ်နိုင်သည့်အတွက် ဘောလုံး အပျက်များပြီး ကွင်းလယ်ကစားကွက် မစိုးမိုးထားနိုင်သောကြောင့် နိုင်ဂျီးရီးယားအသင်း ၏ အပြန်အလှန် ထိုးဖောက်ခြင်းကို ခံခဲ့ရ သည်။

အာဂျင်တီးနား ခံစစ် ကစားပုံမှာလည်း တည်ငြိမ်မှုလိုနေသေးသကဲ့သို့ အထူးသဖြင့် ခံစစ် တောင်ပံနှစ်ဘက်သည် နိုင်ဂျီးရီးယား အသင်း ၏ တိုက်စစ်ကို ထိန်းချုပ်နိုင်ရန် ပိုမိုကြိုးစားခဲ့ရသည်။

လက်ရှိ အခြေအနေတွင် အာဂျင်တီးနား အသင်းအနေဖြင့် သုံးမှတ်ရယူထားသော်လည်း ဂိုး အရေအတွက် အသာဖြင့် ဇယား ထိပ် ဆုံးတွင် နေရာယူထားသည့် တောင်ကိုရီးယား အသင်းကို အုပ်စုဗိုလ် နေရာအတွက် အနိုင်ကစားနိုင်မှသာ ဖြစ်ပေမည်။

အဆိုပါ အုပ်စုတွင် တောင်ကိုရီးယား အသင်းသည်လည်း မထင်မှတ်ဘဲ ယူရို ၂၀၀၄ ချန်ပီယံ ဂရိအသင်းကို ပွဲစလျှင် စချင်း ၆ မိ နစ် တွင် အလွတ်တည်ကန် ဘောဖြင့် လီဂျန်ဆူး ကအဖွင့်ဂိုး စတင်သွင်းယူခဲ့ပြီး ၅၁ မိနစ်တွင် မန်ယူ အသင်းသား ပက်ခ် ဂျီဆန် က ကွင်းအလယ် စက်ဝိုင်းမှနေ၍ ဂရိ နောက်တန်း လူများကို ဖြတ်ကျော်လိမ်ခေါက်ပြီး ဒုတိယ မြောက်ဂိုး ကို သွင်းယူ၍ အဖိုးတန် အမှတ် ၃ မှတ်ကို ရယူခဲ့သည်။

တောင်ကိုရီးယား အသင်းကို သရေ ကစားခဲ့လျှင် ရှုံးထွက်အဆင့်ကို တက်ရန် အလှမ်းကွာဝေးခြင်း မရှိတော့ပေ။

၂၀၁၀ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည်ဟု တစ်ပေးခြင်း ခံရသည့် နာမည်ကျော် နည်းပြ ကာပယ်လို ၏ အင်္ဂလန် အသင်းသည် အမေရိကန် အသင်းကို ၁ ဂိုးစီ သရေကျခဲ့ခြင်းဖြင့် နည်းပြ၏ လူရွေးချယ်ပုံ မတည်ငြိမ်သေးသည်ကို ထိုပွဲတွင် ပြသခဲ့သည်။

ခံစစ်မှာ ဂျွန်ဆင်၊ လက်ဒလေကင်း၊ တယ်ရီ၊ အက်ရှ်လေကိုး တို့ကို ပွဲထုတ်ခဲ့သော်လည်း ဒုတိယပိုင်းတွင် လက်ဒလေကင်း ကို  ကာရေဂါနှင့် အစားထိုးခဲ့ပြီး ကွင်းလယ်တွင် ဂျရတ်နှင့် လမ်းပတ်၊ တောင်ပံနှစ်ဘက်တွင် လင်နွန်နှင့် မီလ်နာတို့ဖြင့် ပွဲထွက်ခဲ့ သည်။

ပွဲစလျှင် စခြင်း အသင်းခေါင်းဆောင် စတီဗင် ဂျရတ်၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း အင်္ဂလန်အသင်း ကစားပုံမှာ အားရစရာ မကောင်းဘဲ အမေရိကန်၏ ကစားကွက်အောက်မှာ ကစားကွက်တည်မရဘဲ ဖြစ်နေခဲ့သည်။

ညာတောင်ပံက လင်နွန် ပုံမှန်ခြေစွမ်းပြနိုင်ပြီး အသင်းခေါင်းဆောင် ဂျရတ်သည်လည်း တကွင်းလုံးလိုက်ကစားခဲ့ရာ ဒုတိယပိုင်း ကုန်ခါနီးမှာတော့ ပုံစံကျသွားခဲ့သည်ကို တွေ့ရသည်။

လမ်းပတ်၊ တယ်ရီ၊ ရူနီ၊ ဟက်စကီး တို့သည်လည်း ပုံမှန် အနေအထားသာ ကစားနိုင်ခဲ့ပြီး အသင်းလိုက် ချိတ်ဆက်မှု အပိုင်းတွင်  အားနည်း နေခဲ့သည်။

အင်္ဂလန် အသင်း၏ အဓိက ပြဿနာမှာ အတွေ့အကြုံရှိသည့် ဂိုးသမား မရှိခြင်းပင်ဖြစ်သည်။ နည်းပြကာပယ်လို ရွေးချယ်သည့် ဂိုးသမားများသည် ချန်ပီယံလိဂ် ကဲ့သို့သော ပွဲကြီးများကို ကစားဖူးခြင်းမရှိသည့်အတွက် အဆင့်မရှိကြောင်းကို စပိန် ဂိုးသမား ကားဆီး လက်စ် ကလည်း ပြောဆိုခဲ့သကဲ့သို့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးကလည်း အင်္ဂလန်အသင်းသည် ယခုရွေးချယ် သည့် လူများနှင့်မှ ဖလားမရလျှင် နောင်ဘယ်သောအခါမှ ရတော့မည်မဟုတ်ဟု ဝေဖန်ထားသည်။

အင်္ဂလန်အသင်းသည် အုပ်စု ပထမအနေဖြင့် ရှုံးထွက် အဆင့်ကို တက်ရောက်မှသာလျှင် တဘက်အုပ်စုမှ တက်လာမည့် အသင်း ကြီးများကို ရှောင်နိုင်ပေမည်။ လက်ရှိခြေစွမ်းနှင့်ဆိုလျှင် ချန်ပီယံဖြစ်မည်ဟု ပြောရန် စောသေးသည်။

လက်ရှိ အခြေအနေတွင် အစဉ်အလာကြီးသည့် ဘောလုံးအသင်းကြီးများတွင် ဂျာမနီအသင်း တသင်းသာ သြစတြေးလျအသင်း ကို ၄ ဂိုးပြတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သေးသည်။

ရှေ့တန်းတွင် ၀ါရင့်တိုက်စစ်မှူး ကလိုဆေး၊ ပိုဒေါ့စကီး၊ သော့မတ်စ်မူလာ တို့နှင့် အလယ်တန်းလူ ရှဝိန်းစတိုက်ဂါ၊ အိုဇေး တို့၏ တွဲ လုံး များသည် တဘက်အသင်း၏ ဂိုးပေါက်ကို အဆက်မပြတ် ခြိမ်းခြောက်နိုင်ခဲပြီး နောက်တန်းမှ ဖိလစ်လမ်း ဦးဆောင်သည့် ဖရက် ဒရစ်၊ မာတီ ဆက်ကာတို ကလည်း ခံစစ်တွင်သာမက တိုက်စစ်ကိုပါ လိုက်ပါကစားသွားသည်ကို သြစတြေးလျနှင့်ပွဲတွင် တွေ့ရသည်။

လက်ရှိ အခြေအနေတွင်မူ ဂျာမနီအသင်းသည် ဂိုးမှ အစ ရှေ့နောက် အလယ် အားလုံး အချိတ်အဆက်မိမိနှင့် ကစားသွားနိုင် သည်။

ယနေ့တွင် ဥရောပ အသင်းကြီးဖြစ်သည့် နယ်သာလန်နှင့် ဒိန်းမတ်၊ လက်ရှိ ချန်ပီယံ အီတလီအသင်း နှင့် ပါရာဂွေး အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်ရာ အီတလီအသင်းနှင့် နယ်သာလန်အသင်းတို့၏ ခြေစွမ်းကို ဆက်လက်စောင့်ကြည့် ရမည်ဖြစ်သည်။

အောင်ကောင်းသက်နှင့် ကျော်ညွန့်ချိန် ပူးပေါင်းရေးသားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်