မြန်မာပြည်ရှိ ဘောလုံး လောင်းကစား သူများသည် ပြင်သစ်၊ အင်္ဂလန်စသည့်အသင်းကြီးများကို ကြိုက်နှစ်သက်ကြပြီး ယင်း အသင်းများ ထင်သလောက်ခြေစွမ်းမပြနိုင်သည့်အတွက် လောင်းကြေးထပ်သူများ အရှုံးပေါ်နေကြောင်း မန္တလေး မြို့ခံတဦးက ဧရာဝတီသို့ပြောသည်။
“ပြင်သစ်က ရှုံးတယ်၊ တောင်ကိုရီးယားက သရေကျတယ်၊ ပြင်သစ်ကို အုပ်စုက တက်အောင် ခံကန်မယ် ထင်တာ”ဟု ၎င်းက ဆိုသည်။
ယမန်နေ့က ပွဲစဉ်တွင် လောင်းကစား သူများက ပြင်သစ် အသင်းကို အုပ်စုမှ တက်ရန် အပြင်းအထန် ကြိုးစား ကစားမည် ထင်ပြီး လောင်းကြခြင်း ဖြစ်ကြောင်း၊ အာဂျင်တီးနား အသင်းသည် အုပ်စုမှ တက်ရန် သေချာနေသော အသင်းဖြစ်ပြီး ကြိုးစား မကစားဘဲ သက်သောင့် သက်သာစွာ ကစားသွားမည် ထင်သည့်အတွက် ယင်းအသင်းဘက်မှ လောင်းကြေး မထပ်ခြင်း ဖြစ်ကြောင်းလည်း မန္တလေးမြို့ခံ ကဆက်လက် ပြောဆိုသည်။
ယမန်နေ့က ကန်ခဲ့သည့် ပွဲစဉ်များတွင် လောင်းကစားဒိုင်များ ဖွင့်သည့် ပေါက်ဈေးမှာ ပြင်သစ်နှင့် တောင်အာဖရိက ပွဲစဉ်တွင် လယ်ဗယ်ပြား ၈၀ ရှုံး၊ တောင်ကိုရီးယားနှင့် နိုင်ဂျီးရီးယားပွဲတွင် လယ်ဗယ် ၄၀ ရှုံး၊ ဥရုဂွေးနှင့် မက္ကဆီကိုအသင်းပွဲတွင် လယ်ဗယ် ၁၀ပြားရှုံး၊ အာဂျင်တီးနားနှင့် ဂရိပွဲတွင် တလုံး ၁၀ပြားရှုံး ဈေးဖွင့်သည်ဟု သိရသည်။
လယ်ဗယ် ပြား ၈၀ ရှုံးဆိုသည်မှာ ပြင်သစ်အသင်းက တောင်အာဖရိကအသင်းကို သရေကစားလျှင် ပြင်သစ်အသင်းဘက်မှ လောင်းထားသူက ငွေ ၁၀၀ ကျပ်လောင်းလျှင် ငွေကျပ် ၈၀ ရှုံးမည်ဖြစ်ပြီး တောင်အာဖရိကအသင်းဘက်မှ လောင်းသူက ငွေကျပ် ၈၀ နိုင်မည်ဖြစ်သည်။
ယမန်နေ့ ပွဲစဉ်များတွင် ပြင်သစ်အသင်းကို တောင်အာဖရိကအသင်းက ၂ ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲပြီး တောင်ကိုရီးယားအသင်းမှာ နိုင်ဂျီးရီးယားအသင်းနှင့် ၂ ဂိုးစီ ဖြင့် သရေကျခဲ့သည်။ ထို့အတူ ဂိုးသွင်းမည်မထင်သည့် အာဂျင်တီးနားအသင်းကလည်း ဂရိ အသင်း ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားသည်။
ပြီးခဲ့သည့် အုပ်စုပွဲစဉ်များတွင်လည်း ပြင်သစ်အသင်းသာမက မြန်မာအများစု သဘောကျသည့် အင်္ဂလန်အသင်းသည် အမေရိကန် နှင့် အယ်လ်ဂျီးရီးယား ကို သရေကစားခဲ့ပြီး စပိန်အသင်းသည်လည်း မထင်မှတ်ဘဲ ဆွစ်ဇာလန်အသင်းကို ရှုံးနိမ့် ခဲ့သည်။
ရန်ကုန်မြို့မှ လောင်းကစားဒိုင်တဦးက“စပိန်အသင်းကန်တဲ့ ပွဲတွေမှာ ထိုးသားတော်တော်များများ ရှုံးတယ်၊ သူတို့ အသင်းကြီးတွေ ကို အထင်ကြီးထားတာ”ဟု ဆိုသည်။
ပြီးခဲ့သည် တနင်္လာနေ့က ယှဉ်ပြိုင်ခဲ့သည့် စပိန်အသင်းနှင့် ဟွန်ဒူးရပ်စ် ပွဲစဉ်ကို လောင်းကစားဒိုင်များက စပိန်အသင်းမှ ဟွန်ဒူးရပ်စ်ကို ၂ ဂိုး သွင်းလျှင် ပြား ၅၀ ရှုံး( ၂လုံး ငါးမူးရှုံး) ဈေးဖွင့်ထားရာ စပိန်က ဟွန်ဒူးရပ်စ်အသင်းကို ဂိုးပြတ်သွင်းခြင်းမရှိ ဘဲ ၂ဂိုးသာ သွင်းခဲ့သည့်အတွက် ထိုးသားများရှုံးကြကြောင်း အဆိုပါ လောင်းကစားဒိုင်က ဆိုသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းနေသည့်အတွက် ကုန်သည် ပွဲစားမှအစ အောက်ခြေလူတန်းစား အထိ ယခုကျင်းပနေသည့် ကမ္ဘာ့ဖလားတွင် ငွေ သိန်းရာချီ၍ လောင်းကစားနေကြောင်း မန္တလေးမြို့ရှိ နက္ခတ္တဗေဒင် ပညာရှင်တဦးကလည်း ပြောသည်။
“ဗေဒင်ဆရာတွေလည်း ကမ္ဘာ့ဖလားရာသီမှာတော့ ဟောခန်းပိတ်ပြီး ဘောလုံးအရှုံးအနိုင်နဲ့ ဘယ်လောက် ဂိုးပြတ်နိုင်သလဲဆိုတာ ကို အာရုံခံပြီး တွက်ချက်ပေးနေရတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဘောလုံးလောင်းကစားခြင်းသည် တရားမ၀င်စီးပွားရေး လုပ်ငန်းဖြစ်သော်လည်း ကမ္ဘာ့ဖလားပွဲ ကျင်းပသည့် တလလုံးလုံး အုံးအုံးကြွက်ကြွက် ကစားကြကြောင်း၊ လောင်းကစားလုပ်ငန်းဖြစ်သည့် အတွက် ငွေပမာဏမည်မျှ လည်ပတ်နေ သည်ကို မခန့်မှန်းနိုင်ကြောင်း ထိုသို့ဖြစ်ရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း၊ စီးပွားရေး ကျပ်တည်းခြင်း တို့ကြောင့် ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောဆိုသည်။
< Prev | Next > |
---|