သူတို့ကြုံတွေ့ခဲ့ရတဲ့ ၈၈ ရဲ့ ပုံရိပ်များ…

မြန်မာပြည်တဝန်း ရဟန်းရှင်လူ ကျောင်းသားပြည်သူအများ ပါဝင်ဖြတ်သန်းခဲ့ကြပြီး ထောင်နဲ့ချီတဲ့ အသက်သွေး တွေ ပေးဆပ်ခဲ့ကြရတဲ့ ၈၈၈၈ အရေးတော်ပုံကြီးဟာ အခု သြဂုတ်လ ၈ ရက်နေ့မှာ ၂၁ နှစ် မြောက် နှစ်ပတ် လည် ခဲ့ပါပြီ။ ဒါပေမယ့် ဒီအရေးတော်ပုံကြီးကို ကြုံတွေ့ခဲ့ကြရသူတွေရဲ့ ရင်ထဲမှာတော့ မနေ့က ဖြစ်ပျက်ခဲ့သလို အမှတ်ရ ဆဲ၊ မေ့မရဆဲပါ။ ဒါကြောင့် သူတို့ ရင်ထဲက မေ့မရနိုင်တဲ့ ၈၈ ရဲ့ပုံရိပ်တွေကို ဧရာဝတီက စုစည်းဖော်ပြ လိုက်ပါတယ်။


ဦးအောင်မျိုးမင်း
ညွှန်ကြားရေးမှူး၊ လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ) (HREIB)
(၈၈ အရေးတော်ပုံ ကာလက မော်လမြိုင်နဲ့ မွန်ပြည်နယ် ၁၀ မြို့နယ် စည်းရုံးရေးအတွက် ပါဝင်ခဲ့သူ)


အာဏာသိမ်းမယ်ဆိုပြီး ကြေညာလိုက်တဲ့ နောက်တနေ့ ကျနော်က မုဒုံမှာ။ လူထုက အာဏာသိမ်းတာကို တတ်နိုင်သလောက် ဆန့်ကျင်မယ်ဆိုပြီး သပိတ်စခန်းတွေကို ဆက်ဆွဲ ထားမယ်လို့ ဆုံးဖြတ်ထားတယ်။ စစ်တပ်က မြို့ကို ဝိုင်းထားတဲ့ အချိန်ပေါ့။ အဲဒီညက ဓမ္မာရုံမှာ ဆွမ်းချက်နေတဲ့ သူတွေကို စစ်တပ်က သေနတ်နဲ့ လာပစ်သွားပါတယ်။ လူ ၃ ယောက်လောက် သေသွားတယ်။ အလောင်းတွေ ကျနော်တို့ ရှေ့မှာ..။ လက်နက် မရှိတဲ့ ရပ်ရွာက လူတွေကို သပိတ်စခန်းက ကျောင်းသားတွေ ဆိုပြီး ဝင်ပစ်သွားတာ။ တကယ်က သပိတ် စခန်း က မြို့ထဲမှာ၊ ဓမ္မာရုံက မြို့ပြင်မှာ ဘာမှမဆိုင်ဘူး။ နောက်ရက်တွေမှာတော့ မြို့ထဲကို တကယ့် စစ်မြေပြင်လို ဝင်စီးတာ။ ပစ်သွားတာက မုဒုံမြို့ပြင်မှာ အခြေစိုက်တဲ့ အမှတ် (၆၂) ခြေမြန်တပ်ရင်းကပဲ။


မိဆူးပွင့်
ဥက္ကဌ
မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)


အာဏာမသိမ်းခင် ၁၃ ရက်၊ ၁၄ ရက်လောက်ကပေါ့။ ကျမက ကယားပြည်နယ်မှာ ရှိနေတယ်။ ကျောင်းသား တွေ အခြေချထားတဲ့ မြို့နယ်ကောင်စီရုံးကို စစ်တပ်က လာဝိုင်းပြီး သပိတ်စခန်းအဖြစ် အသုံးပြုနေရာကနေ ဖယ်ပေးဖို့၊ ခွပ်ဒေါင်းအလံကို ၁ နာရီအတွင်း ဖြုတ်ချဖို့ လာပြောတယ်။ ကျောင်းသားတွေကလည်း မထွက်ဘူး၊ ခွပ်ဒေါင်းအလံကိုလည်း မဖြုတ်နိုင်ဘူးဆိုပြီး အလံတိုင်ကို ကျောင်းသားတွေက ဝိုင်းထားတယ်။ အဲဒီ ကျောင်း သားတွေကိုကျတော့ စစ်တပ်က လာဝိုင်းတယ်၊ အဲဒီသတင်းက တယောက်ကနေ တယောက် ပျံ့သွားပြီး မြို့ထဲက လူတွေဆီပါ ရောက်သွားတော့ လူထုက စစ်တပ်ကို အပြင်ကနေ လာပြန်ဝိုင်းထားတယ်။ ပြီးတော့ လူထုက စစ်သားတွေကို မေတ္တာရပ်ခံတဲ့စကားတွေပြော၊ ကြွေးကြော်တာတွေ လုပ်၊ တယောက်ချင်း စကားတွေ ထပြောတဲ့အခါမှာ ကျောင်းသား တွေကို ဝိုင်းထားတဲ့ စစ်သားတွေထဲက တချို့ မျက်ရည်ကျကြတယ်။ လူထုက ပြောတဲ့ “တပ်မတော် သား တွေလည်း လူထုနဲ့ တသားတည်းကျတဲ့ လူထုပါပဲ” ဆိုတဲ့ စကားကို ကြားတဲ့အချိန်မှာ သူတို့လည်း မခံနိုင် တော့ဘဲ မျက်ရည်ကျကြတာ။ အစကတော့ စစ်တပ်ဆိုရင် ငါတို့ကို ပစ်မှာပဲ ဆိုတဲ့စိတ်နဲ့ ကြိုဆိုခဲ့ကြတာ၊ ဒါပေမယ့် စစ်တပ်ကလည်း ကျမတို့ကိုမပစ်ဘူး၊ တပ်ကိုလည်း ပြန်ရုတ်သွား တယ်၊ အဲဒီမြင်ကွင်း လေးကတော့ အရေးတော်ပုံကာလမှာ လုံးဝမမေ့နိုင်တဲ့ မြင်ကွင်းပါပဲ။


ကိုသံခဲ
ဥက္ကဌ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)


ကျနော်တို့ ကျောက်ဆည်မြို့မှာ သံဃာတွေ၊ ကျောင်းသားတွေ၊ နောက် သပိတ်ကော်မတီကော အားလုံးပေါင်းပြီး ပြည်သူ့ကောင်စီရုံးကို သိမ်းတဲ့ နေ့ကတော့ ကျနော့်စိတ်ထဲမှာ မှတ်မှတ်ထင်ထင်အရှိဆုံးပဲ။ မြင်လိုက်တာကတော့ မဆလ အလံကြီးကို ဖြုတ်ချလိုက်ပြီး ကျောင်းသားအလံ .. ခွပ်ဒေါင်းအလံကို လွှင့်ထူလိုက်တဲ့အချိန်မှာ မိဘပြည်သူတွေက လက်ခုပ်တဖြောင်းဖြောင်း တီးပြီး တခဲနက် ကျေကျေနပ်နပ် အားပေးတာကို တွေ့ရတော့ အဲဒီအချိန်မှာ တကယ်ကိုပဲ ကြက်သီး တဖြန်းဖြန်းထအောင် ခံစားခဲ့ရပါတယ်။ အဲဒီအကြောင်းကို အခုပြန်ပြောရင် အခုကြက်သီးတဖြန်းဖြန်း ထပါတယ်။ အဲဒီအချိန်က ၁၉၈၈ ရဲ့ စက်တင်ဘာ ပထမအပတ်ထဲမှာပါ။


ဦးတိတ်နိုင်
အတွင်းရေးမှူး
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)


၈၈ အရေးတော်ပုံကာလက ကျနော်က ထားဝယ်မှာပါ။ ၈ ရက်နေ့ မနက် ၈ နာရီ၊ ၉ နာရီလောက်မှာ ထားဝယ် ဘုရားကြီးဝင်းထဲမှာ လူစုဖို့ ညကတည်းက ခေါ်ဖိတ် ထားတာရှိတယ်။ ထားဝယ်က ဘုရားကြီး ဝင်းထဲမှာ လူစုပေမယ့် ဘယ်သူကစမယ်ဆိုတာ မသိဘူး။ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်မှာတက်ခဲ့ဖူးတဲ့ ကျောင်းသား တစုနဲ့ လူငယ်တွေက အလံတခုကိုထူပြီး စထွက်တယ်။ အဲဒီအလံကက ဟိုးအရင် တို့ဗမာ အစည်း အရုံးမှာ လွှင့်ခဲ့တဲ့ အလံလို့ထင်တယ်။ အဲဒီနောက်က ဒေါင်းအလံ တွေလည်းပါတယ်။

ချီတက်သွားကြရင်း အမှတ် ၂ အခြေခံပညာ အထက်တန်း ကျောင်းကိုရောက်တော့ ကျောင်းသားတွေ ဆင်းလာတဲ့ မြင်ကွင်းက ကျနော့်အတွက် အမှတ်ရဆုံးပဲ။ အဲဒီကျောင်းက လယ်ကွင်းထဲမှာ ဆောက်ထားတာ ဆိုတော့ ဆင်းလိုက်လာတဲ့ ကျောင်းသားတွေကြောင့် လယ်ကွင်းတခုလုံးမှာ အဖြူအစိမ်းတွေ ဖုံးသွားတယ်။ အထက်တန်းကျောင်းသားလေးတွေ တက်ကြွပြီး ပါဝင်လာခဲ့လို့လည်း တခြားပြည်သူ တွေပါ မနေနိုင်တော့ဘဲ ပါလာတယ်လို့ မြင်တယ်။ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကလည်း တကယ့်ကို အရှိန်အဟုန်ကြီးကြီး ရခဲ့ပါတယ်။


နှင်းခါးမိုး
တာဝန်ခံအယ်ဒီတာ
အလုပ်သမားရေးရာ ဂျာနယ်


ကျနော်တို့ ရန်ကုန် တောင်ဥက္ကလာပက လူတွေက တော်တော်လေး သွေးဆူကြတယ်လို့ ပြောရမယ်။ စက်တင် ဘာ ၈ ရက်၊ ၉ ရက် လောက်မှာ လူတွေကြားထဲမှာ ပျံ့နေတဲ့ ကောလာဟလတွေကြောင့် ပြဿနာတွေ စဖြစ်ပြီ။ ပထမဆုံး မြင်ကွင်းက ကျနော်နဲ့ သူငယ်ချင်း လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့အချိန်မှာ လူတယောက် ဆိုက်ကားပေါ်မှာ ခေါင်းပြတ်ကြီးတခုကို ကိုင်ပြီး ဖြတ်သွားတဲ့ မြင်ကွင်းပဲ။

နောက်တခါကတော့ သူလျှိုတွေလို့ ယူဆရတဲ့သူ အယောက် ၂၀ လောက်ကို လူထုက ဖမ်းလာပြီး လမ်းဆုံ တိုင်းမှာ ၃ ယောက်စီချပေးပြီး လူထုကိုအပ်တယ်၊ ကြိုက်သလိုလုပ်ဆိုပြီး လွှတ်လိုက်တာ။ အဲဒီလိုချခဲ့ပြီး ၁၀ ယောက်လောက်ပဲ ကျန်တော့တဲ့အချိန်မှာ ငွေကြာယံကျောင်းတိုက်က ဆရာတော်ကြီးက ကျန်တဲ့သူတွေ သူ့ကိုအပ်ပါလို့ တောင်းဆိုလို့ အဲဒီလူတွေအသက်ချမ်းသာရာရသွားခဲ့တယ်။ လမ်းဆုံမှာ ချပေးခဲ့တဲ့ လူတွေကတော့ အားလုံး အသတ်ခံရတာပဲ။

ကျနော့်ရှေ့မှာဖြစ်တာက လူအုပ်ကြီးထဲက တယောက်က ဖမ်းလာတဲ့လူကို ပုဆိန်နဲ့ ခုတ်ချလိုက်တယ်၊ အဲဒီလူက မသတ်ခင်ကတည်းက ဘာအသိမှမရှိတဲ့ပုံ ကြောင်ကြောင်ကြီးကြည့်နေတာ။ ခုတ်ချလိုက်တော့လည်း မသေ သေး ဘူး။ အဲဒီအတိုင်းခေါင်းကြီးမော့လာပြီး ကြောင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ အဲဒီမသေသေးတဲ့ သူကို ဓာတ်ဆီလောင်းလိုက်တယ်။ ကျနော်မကြည့်နိုင်တော့လို့ လှည့်ထွက်လိုက်တဲ့အချိန် ကျနော့်နောက်မှာ မီးတောက်ကြီး ဝုန်းခနဲတက်လာတာကို မြင်ဖြစ်အောင်မြင်လိုက်ရတယ်။


ကိုမိုးဇော်ဦး
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ထိုင်းနိုင်ငံ) (NLD-LA) နိုင်ငံခြားရေးဌာန


၈၈ တုန်းက ကျနော်က ၁၉ နှစ်။ ရန်ကုန်၊ ပန်းပဲတန်းမြို့နယ်မှာနေတယ်။ ၈ ရက်နေ့မှာ ဆင်ခြေဖုံးမြို့နယ်တွေ ကနေ မြို့တော်ခန်းမကို လာကြတာ။ ကျနော်က အဲဒီနားမှာနေတော့ တောက်လျှောက်ရှိနေတာ။ အဲဒီညမှာပဲ ပစ် တယ်လေ။ ဒါကလူတိုင်းသိပြီးသားမို့ ဘာမှမပြောလိုတော့ဘူး။ ဒါပေမယ့် သေနတ်သံဆိုတာ အဲဒီအရင် ကျနော့်ဘဝမှာ တခါမှ မကြားဖူးဘူး။ အဲဒီညကမှ ပထမဆုံးကြားဖူးခြင်းပဲ။ တော်တော်လည်း ခြောက်ခြားသွား တယ်။ ပြေးကြလွှားကြတာပဲ။ ကျနော်လည်း ပြေးရတယ်။ တော်တော်ကို တုန်တုန်ရီရီဖြစ်သွားတာ။ ပစ်တဲ့နေရာ မှာတော့ကျနော်မရှိဘူး။ ဆူးလေ ဟိုဘက်မှာဆိုတော့ မြင်တော့မမြင်ရဘူး၊ ဒါပေမယ့် အကုန်ကြားနေရတယ်။ ဘဝမှာ ပထမဆုံးကြုံရတဲ့ ကြောက်စရာအဖြစ်အပျက်ပေါ့။ ဒါပထမဆုံးနဲ့ မမေ့နိုင်တဲ့အဖြစ်ပဲ။


ကိုအောင်နိုင်ဦး
မြန်မာ့အရေးလေ့လာသူ

၈၈ အရေးတော်ပုံကာလမှာ ကျနော်က သက္ကလမှာ။ သက္ကလဘက်က ရွာတွေမှာ စည်းရုံးရေးဆင်းနေတဲ့ ကာလ ပေါ့။ အဲဒီလိုစည်းရုံးရေးဆင်းရင်း တရက် ရွာတရွာရောက်တော့ အသက်ကြီးတဲ့ အဘိုးကြီးတွေ ချည်းပဲ စုပေး ထားတာတွေ့ရတယ်။ ကျနော်ကလည်း အားတက်သရော စည်းရုံးတာပေါ့ .. ဒါပေမယ့် သူတို့တွေက ငုတ်တုတ်ကြီးတွေ ဘာမှလည်း မပြော၊ အားလည်း မပေးကြဘူး။ ဒါနဲ့ ကျနော်က စိတ်တိုသွားပြီး “ခင်ဗျားတို့ကို မဆလက တနှစ်ကို ချေးတတုံးကျွေးလာတာ ခု ၂၆ တုံးရှိနေပြီ ဒါတောင် မမှတ်ဘူးလား” ဆိုတာမျိုး ရိုင်းရိုင်း စိုင်း စိုင်းတွေပြော၊ ပြီးတော့ ဒီမိုကရေစီဆိုတာ ဘာညာနဲ့ ပြောတာပေါ့။ “ခင်ဗျားတို့ထဲက ဘာမကျေနပ်လဲ ပြောကြ” ဆိုပြီး အော်တော့မှ အဘိုးကြီးတယောက်က ထလာပြီး “အဘတို့လယ်ကို အစိုးရက သိမ်းထားတယ်။ ဒီမိုကရေစီ က အဲဒီလယ်ပြန်ရအောင်လုပ်ပေးမှာလား” ဆိုပြီး မိုက်ကရိုဖုန်းလေးကိုင်ပြီး ထပြောတယ်။ အဲဒီအဖြစ်အပျက် ကတော့ တော်တော်လေးကို မှတ်မိနေတာ။


အေးချမ်းမြေ့ စုစည်းဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်