ဘင်္ဂလားပင်လယ်အော် MTV ခိုးကူးသူများကို လေးဖြူဒေါသထွက်

Tuesday, 09 June 2009 16:15
Print
ရော့ခ် အဆိုတော် လေးဖြူ နောက်ဆုံးထွက်ခဲ့သည့် ဘင်္ဂလား ပင်လယ်အော် စီးရီး MTV မထွက်သေးမီကပင် ရန်ကုန်မြို့လယ် ခိုးကူးခွေ ဆိုင်များတွင် ရောင်းချလျှက်ရှိ သောကြောင့် အဆိုတော် လေးဖြူအပါအဝင် Iron Cross (IC) ဝိုင်းတော်သားများ အားလုံး ဒေါသထွက် နေကြကြောင်း ကြားသိရသည်။

ယင်း MTV မှာ ရိုက်ကူး၍ မပြီးစီးသေးသော်လည်း ကိုရီးယားဇာတ်လမ်းတွဲ နောက်ခံပုံများ၊ မြန်မာ မိန်းကလေးတဦး သရုပ်ဆောင်ထားသည့် နောက်ခံအရုပ်များဖြင့် အဆိုတော်လေးဖြူ၏ အသံကို ထပ်ကာ ပြုလုပ် ရောင်းချလျှက်ရှိကြောင်း IC အဖွဲ့ဝင်တဦးဖြစ်သူ ဘေ့စ် ဂစ်တာ သမား ကိုခင်မောင်သန့် က ပြောသည်။

ထိုသို့ MTV မထွက်မီကပင် ဖန်တီးထားသော ခိုးကူးခွေများ ထွက်ရှိနေသဖြင့် အဆိုတော် လေးဖြူက လသာမြို့နယ်အတွင်း၊ မဟာဗန္ဓုလ လမ်းပေါ်တွင် ရောင်းချနေသော ခိုးကူးခွေ ဆိုင်တဆိုင်မှ အခွေဗန်းကို ကန်သွားသည်ဆိုသည့်သတင်း ပျံ့နှံ့လျှက်ရှိသည်။

သို့ရာတွင် IC အဖွဲ့ဝင်များဖြစ်ကြသော လိဒ်ဂစ်တာတီးသည့် ကိုချစ်စမ်းမောင်နှင့် ကိုခင်မောင် သန့်တို့ကမူ ထိုသတင်းကို မကြားမိဟု ဆိုသည်။

“လသာမှာတော့ နာမည်ကြီးနေတယ်။ လေးဖြူက သူ့အခွေ ဗီစီဒီ မထွက်သေးဘဲ တခြားပုံတွေနဲ့ MTV ထွက်လာတော့ ခိုကူးရောင်းတဲ့ ဆိုင်တွေကို စိတ်ဆိုးပြီး လုပ်တယ်လို့ ကြားနေတယ်” ဟု ယုဇနပလာဇာမှ ခိုးကူခွေများဖြန့်ဖြူး ရောင်းချနေသူ တဦးက ပြောသည်။

အဆိုတော် လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် ကိုယ်ပိုင်သံစဉ် တေးစီးရီးမှာ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက တိပ် နှင့် စီဒီ အဖြစ်ထွက်ရှိပြီး လူကြိုက်အများဆုံး တေးစီးရီးခွေဖြစ်ခဲ့သည်။ ခိုးကူးခွေများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ် အများစုက မူရင်းအခွေကို ဝယ်ယူအားပေး ကြသောကြောင့် များစွာ ထိခိုက်မှုမရှိခဲ့ကြောင်း အဆိုတော်လေးဖြူက ပြောခဲ့သည်။

နာမည်ကြီး အဆိုတော်များသာမက နာမည်သိပ်မရှိသေးသည့် အဆိုတော်များ စီးရီးသစ် တခွေထွက်လိုက်သည်နှင့် ခိုးကူးလောကတွင် တပြိုင်နက်တည်း ဖြန့်ဖြူး ရောင်းချပြီး ဖြစ်သော ကြောင့် တေးထုတ်လုပ်သူများ၊ အဆိုတော်များနှင့် ဂီတဖြင့် အသက်မွေးဝမ်းကျောင်းသူများ အားလုံး စီးပွားရေးအရ ထိခိုက်နစ်နာရကြောင်း ဂီတလောကသားတဦးက ပြောပြသည်။

ယခုနောက်ပို်င်းတွင် ခိုးကူးခွေများရန်ကို ကြောက်သဖြင့် စီးရီးသစ်များ အထွက်ကျဲလာရာ ခိုးကူးသမားများမှာ ဗီဒီယို ဇာတ်ကားများဘက်သို့ ခြေဦးလှည့်လာကြပြီဖြစ်ကြောင်း ရုပ်ရှင်နှင့် ဂီတ အသိုင်းအဝန်းမှ ကြားသိရသည်။

စစ်အစိုးရအနေနှင့် ခိုးကူးခွေများ ရောင်းချခြင်းကို နှိမ်နင်းသည်ဟု ဆိုသော်လည်း ရောင်းချ ပေးသည့် လမ်းဘေးဈေးသည်များကို ဖမ်းဆီးခြင်း၊ ခိုးကူးခွေများကို ဖျက်ဆီးခြင်း မျှသာ ပြုလုပ်နိုင်ပြီး ခိုးကူးခွေများ ထုတ်လုပ်ဖြန့်ဖြူးနေသည့် အဓိက ပင်ရင်းဒိုင်ကြီးများကို တခါမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

အဆိုတော်လေးဖြူသည် ၂၀၀၅ ခုနှစ်အတွင်းက Live show သီဆိုခြင်းကို အကြောင်း ကြောင်းကြောင့် ရပ်နားခဲ့ပြီး ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသမှ လေဘေးသင့်သူများအတွက် ရန်ပုံငွေအဖြစ် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် Live show ပြန်လည်သီဆိုခဲ့သည်။

၎င်းသည် လွယ်ဟိန်းကုမ္ပဏီ နှင့် Iron Cross Entertainment ပူးပေါင်း ဆောင်ရွက်သည့် Alpine Music Show ပွဲများတွင် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအထိ ဖျော်ဖြေရန် ၂၀၀၉ နှစ်ဆန်းမှ စတင်၍ စာချုပ် ချုပ်ဆိုထားသည်။

ဤသတင်း ပေးပို့ချက်တွင် အေးချမ်းမြေ့ ပါဝင်ရေးသားသည်။