ချင်းပြည်နယ်တွင် အကြွေးတင်သူ ၈၅ ရာခိုင်နှုန်းရှိ

Friday, 26 June 2009 19:28
Print
ပိုက်ဆံချေးပြီး အစားအစာ ဝယ်ယူရသည့် အတွက် ချင်းပြည်နယ်ရှိ ဒေသခံ ၈၅ ရာခိုင်နှုန်းမှာ အကြွေး တင်လျက်ရှိသည်ဟု ရန်ကုန်မှ ကုလသမဂ္ဂ အရာရှိ တဦးက ဧရာဝတီကို ပြောသည်။

“ချင်းတိုင်းရင်းသားတွေ စားနပ်ရိက္ခာ ပြတ်နေတယ်။ အကြွေးလည်း ဆပ်ရမယ်၊ အစား အသောက်၊ ကျန်းမာရေး၊ ပညာရေး အတွက်လည်း ပိုက်ဆံ မပေးနိုင်ကြဘူး” ဟု ကုလသမဂ္ဂ အဖွဲ့ခွဲတခု ဖြစ်သော ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အရာရှိ Siddharth Krishnaswamy က ပြောသည်။

ပြီးခဲ့သည့်လအတွင်း ချင်းပြည်နယ် မြို့နယ် ၇ ခုတွင် လေ့လာခဲ့သည့် တွေ့ရှိချက်များအရ ထန်တလန်၊ တီးတိန်၊ တွန်းဇံမြို့များရှိ ကျေးလက်လူထုမှာ အဆိုးရွားဆုံး ကြုံနေရသူများ ဖြစ်သည် ဟု WFP ၏ အစီရင်ခံစာတစောင်တွင် ရေးသားထားသည်။

ချင်းပြည်နယ်တွင် စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေ ကျဆင်းလာသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်ပြီး အလုပ်လက်မဲ့ ပေါများလာခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

ချင်းပြည်နယ်တွင် လူဦးရေ ၅ သိန်း ဝန်းကျင် ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်ရှိ ပြည်သူလူထုသည် အလုပ် ၆လ လုပ်ပါက ရရှိသည့် ငွေမှာ ရိက္ခာ ၃ လစာ အတွက်သာ ဖြစ်သည်ဟု  ရန်ကုန် အခြေစိုက် အကူအညီပေးရေး အဖွဲ့တခုဖြစ်သော Country Agency For Rural Development (CAD) အဖွဲ့မှ ညွှန်ကြားရေးမှူး ကိုဝင်းလှိုင်ဦးက ဧရာဝတီသို့ ပြောပြသည်။

စိုက်ခင်း အတွင်းရှိ သီးနှံများကို ကြွက်များ ဝင်ရောက် စားသောက် ဖျက်ဆီးခဲ့ရာမှ အစာရေစာ ရှားပါးသည့် ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။

CAD အဖွဲ့က ဟားခါးမြို့တော်၊ ထန်တလန်မြို့၊ မတူပီမြို့တို့တွင် “Food for Work” အမည်ရှိ စားနပ်ရိက္ခာ ရရှိရေး စီမံကိန်း တခုကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းအရ လမ်းဖောက်လုပ်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် ဒေသခံများ ပါဝင် ဆောင်ရွက်ပါက ရိက္ခာ ရကြမည် ဖြစ်သည်။

ထိုစီမံကိန်းက ဒေသခံ သုံးသောင်းအတွက် ရိက္ခာ အဆင်ပြေစေမည်ဖြစ်သည်။ သို့သော်လည်း စီမံကိန်းဒေသတွင် နေထိုင်သူ လူဦးရေ ၂ သိန်း ရှိနေသည်။

စစ်အစိုးရက ချင်းတိုင်းရင်းသားများထံ ကူညီ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်းကို ပိတ်ပင်ထားသည်။ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်စေပြီး ရိက္ခာ ရယူရေး အစီအစဉ်များကိုသာ ခွင့်ပြုထားသည်။

“လူတွေက အလုပ်လုပ်ပြီး အစားအစာပဲ ရတဲ့အတွက် သိပ်တော့ မကျေနပ်ကြဘူး” ဟု ကိုဝင်းလှိုင်ဦးက ပြောသည်။

“ပညာရေး ကျန်းမာရေးအတွက်လည်း သူတို့ ငွေလိုတယ်လေ” ဟု သူက ရှင်းပြသည်။

မတူပီမြို့နယ်ရှိ ဒေသခံ အများစုမှာ အစားအစာ အလုံအလောက် မရှိကြောင်း အိန္ဒိယ မြန်မာ နယ်စပ်ဒေသမှ အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်သူ ချင်းတိုင်းရင်းသားတဦးက ပြောသည်။

မိုးရာသီတွင် ရိက္ခာအခက်အခဲ ကြုံရသူအရေအတွက် ပိုမို များပြားလာဖွယ် ရှိကြောင်း၊ လိုအပ်သည့် ရိက္ခာများ ဝယ်ယူရန် အိန္ဒိယနယ်စပ်သို့ သွားရောက်ရန် ခက်ခဲသောကြောင့်ဖြစ်ကြောင်း ချင်းတိုင်းရင်းသားများ ကူညီ ကယ်ဆယ်ရေးအဖွဲ့ မှ ဆလိုင်းဗန်လျံထန် က ပြောသည်။

နိုင်ငံတကာရောက် မြန်မာပြည်သားများ ပေးပို့လှူဒါန်းသည့် ရိက္ခာများကို လက်ခံခြင်းမပြုရန် အာဏာပိုင်တို့က ချင်းတိုင်းရင်းသားများကို တားမြစ် ပိတ်ပင်ထားမှုကို CHRC က ဝေဖန် ပြစ်တင်ခဲ့ဖူးသည်။

ချင်းပြည်နယ်အတွင်း စိုက်မြေဧရိယာ ၇၅ ရာခိုင်နှုန်းကို ကြွက်များက ဖျက်ဆီးခဲ့သည်ဟု WFP အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စိုက်ခင်းအတွင်း ကြွက်များ ဝင်ရောက် ဖျက်ဆီးမှုမှာ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလတွင် အစပြုခဲ့ခြင်း ဖြစ်သည်။ ရိက္ခာ ပြတ်လပ်သည့် ဒေသခံအများအပြား အိန္ဒိယနယ်စပ်သို့ သွားပြီး တရားမဝင် အလုပ်သမားများအဖြစ် ရပ်တည်ကြရသည်။

ဤကပ်ဘေးသည် ချင်းပြည်နယ်တွင် လွန်ခဲ့သော နှစ် ၅ဝ ခန့်က တကြိမ် ပေါ်ပေါက်ခဲ့ဖူးသည်ဟု သိရသည်။

ဝါးအပွင့်များကို စားသုံး၍ ကြွက်များ ပိုမို မျိုးပွားလာပြီး လယ်ကွင်း နှင့် သီးနှံ စိုက်ခင်းများကို ဝင်ရောက် ဖျက်ဆီးကြသဖြင့် ရိက္ခာရှားပါးသည့် ကပ်ဘေး ဖြစ်လာရသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ကြွက်များ၏ ဖျက်ဆီးမှု အပြင် ပြီးခဲ့သည့် နှစ်အတွင်း ချင်းပြည်နယ်တွင် မိုးခေါင် ရေရှားမှုကြောင့် သီးနှံ အထွက်နှုန်း အလွန်အမင်း နည်းပါးခဲ့ရသည်။