မိုက်ကယ် ဂျက်ဆင် သီချင်းများ MRTV 4 ထုတ်လွှင့်မည်

E-mail Print
ယမန်နေ့ညက ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် ပေါ့ပ် အဆိုတော် မိုက်ကယ် ဂျက်ဆင် အမှတ်တရ အနေနှင့် သူ၏ ကျော်ကြားခဲ့သော သီချင်းများကို မြန်မာ့ ရုပ်သံ MRTV 4 ၏ VJ choice အစီအစဉ်တွင် လာမည့် တနင်္ဂနွေနေ့ ၌ ထုတ်လွှင့်မည်ဖြစ်ကြောင်း ယင်းအစီအစဉ်တင်ဆက်သူ အဆိုတော် အနဂ္ဃ က ပြောသည်။  

မိုက်ကယ် ဂျက်ဆင် သီချင်းများကို ထုတ်လွှင့်မည့် အဆိုပါ MRTV 4 ၏ VJ choice အစီအစဉ်သည် နိုင်ငံခြား တေးသီချင်းများကို ထုတ်လွှင့်သည့် အစီအစဉ်တခုဖြစ်ပြီး ဟစ်ပ်ဟော့ပ် အဆိုတော် အနဂ္ဃ က တာဝန်ယူ တင်ဆက်နေခြင်း ဖြစ်သည်။

အနဂ္ဃ က“ကျနော်က MRTV 4 မှာ VJ choice ဆိုတဲ့ နိုင်ငံခြား သီချင်းတွေကို လွှင့်တဲ့ အစီအစဉ် လုပ်နေပါတယ်၊ နာရီ ဝက်မှာ သီချင်းငါးပုဒ်ကို လွှင့်တာပေါ့နော်၊ အဲဒီမှာ လာမယ့် တနင်္ဂနွေနေ့ သူ့ရဲ့စပယ်ရှယ်သီချင်းတွေ လွှင့် ပေးဖို့ ရွေးထားပါတယ်၊ စစခြင်းမှာ သူ့ရဲ့ “Heal the World” သီချင်းနဲ့ စလွှင့်သွားမှာပါ၊ ဘာလို့လဲ ဆိုတော့ ဒီသီချင်းက ကျနော်တို့ အကုန်လုံးကို ငြိမ်ချမ်းစေတဲ့ သီချင်းဖြစ်လို့ အဲဒါနဲ့ စလွှင့်ပေးမှာပါ၊ အဲသီချင်းက ငြိမ်းချမ်း ရေး အသွင်ကိုဆောင်တဲ့သီချင်းဆိုတော့ လူတွေက ပူနေကြတာအကုန်လုံးဆိုတော့ ဒီသီချင်းကိုကြားရင် အားဆေး တခွက်တော့ ဖြစ်မယ်ထင်ပါတယ်”ဟု ပြောသည်။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် မြို့ရှိ နေအိမ်တွင် နှလုံးရောဂါဖြင့် ယမန်နေ့ညက ကွယ်လွန်ခဲ့သည့် အသက် ၅၀ အရွယ်ရှိ မိုက်ကယ် ဂျက်ဆင်သည် အစားထိုးဖွယ်မရှိသော ဂီတအနုပညာရှင် တဦးဖြစ်သည်ဟုလည်း ၎င်း က ဆိုသည်။

“ကိုယ် ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ရူးခဲ့ရတာ ဆိုတော့ ကြားရတာ စိတ်မကောင်းပါဘူး၊ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ Moon Walk (လပေါ်လမ်းလျှော်ဟန်) အက က တနိုင်ငံလုံးကို ရူးသွပ်တဲ့ အက ဖြစ်ခဲ့ တာကိုး၊ သူ့သီချင်း ရေးစပ်ပုံနဲ့ သီချင်းဆိုပုံကတော့ ဘယ်တော့မှ အစားထိုးလို့ရမှာ မဟုတ်ပါဘူး၊ ကျနော်တို့အတွက် အတုယူစရာ နမူနာယူ စရာထက် သူ့ဆိုပုံက ကျနော်တို့ ရင်ထဲကို စွဲငြိတာက သူ့ရဲ့ဆိုပုံ ဆိုနည်း မူဟန်ပါပဲ၊ အဆိုတော်တိုင်း အနုပညာ ရှင်တိုင်းလည်း ဒီပုံစံမထွက်ကြပါဘူး၊ ဒါက ကျနော်တို့ ဗမာစကားနဲ့ပြောရင် သူ့ရဲ့ ပါရမီကံ ပါပဲ”ဟု အနဂ္ဃ က ပြောသည်။

ထို့အတူ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားမြို့တွင်ရောက်ရှိနေသည့် ဟစ်ပ်ဟော့ပ် အဆိုတော်သားစိုး ကလည်း အလွန် နှစ်သက်ခဲ့သည့် မိုက်ကယ် ဂျက်ဆင်၏ သတင်းကို ကြားသိလိုက်ရသည့်အတွက် ဝမ်းနည်းမိကြောင်း ပြောသည်။

“ငယ်ငယ်ကတည်းက ကျနော်အရမ်းကြိုက်တဲ့ Role Model တယောက်ပါ၊ ဒီမှာကျတော့ ဆုံးဆုံးခြင်း ကြားရတာ တမျိုးကြီးပဲဗျ၊ ရေဒီယိုကလည်း နားထောင်နေတဲ့အချိန်ဆိုတော့ ချက်ချင်းကြားနေရတာပေါ့၊ ကျနော်တို့ ငယ်ငယ် တုန်းကတည်းက ဂျက်ဆင် အက ဆိုတာ ရှိတယ်လေ၊ အဲဒီအကတွေကို ရူးပြီးလိုက်က ခဲ့တာပေါ့၊ သူ့သီချင်းတွေ ကြားပြီး ကျနော်တို့က အဆိုတော်ဖြစ်လာရတာလေ”ဟု သားစိုးက ပြောပြသည်။

မိုက်ကယ် ဂျက်ဆင် သေဆုံးမှုသည် မော်ဖင်းနှင့်ဆင်တူသော Demerol အမည်ရှိ ဆေးတမျိုးကို မူးယစ်ဆေးဝါး အနေဖြင့်သုံးစွဲခဲ့ရာကနေ သေဆုံးရခြင်းဖြစ်သည်ဟု ယူဆကြောင်းလည်း နိုင်ငံတကာသတင်းများတွင်ဖော်ပြထား သည်။

မိုက်ကယ်ဂျက်ဆင်သည် လူမည်း အမျိုးသား တဦးဖြစ်ပြီး သူ၏ မျက်နှာကို ခွဲစိတ်အရောင်ပြောင်းခဲ့သည့်အတွက် လည်း လူအများကြားတွင် ထူးခြားနေခဲ့သည်။ 

သူ့ကို ၁၉၅၈ ခုနှစ် သြဂုတ်လ ၂၉ ရက် တွင် အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ၉ ဦးရှိသည့် အနက် ၇ ဦးမြောက်ဖြစ်သည်။

အသက် ၆ နှစ်အရွယ်မှစပြီး  ညီအစ်ကို ငါးဦးအဖွဲ့ ဖွဲ့ကာ ပြိုင်ပွဲဝင်ဖျော်ဖြေခဲ့သည်။ သူတို့အဖွဲ့သည် “ဂျက်ဆင်ငါးယောက်”ဟု အမည်တွင်ခဲ့ပြီး ၁၉၆၀ ခုနှစ် နှောင်းပိုင်းကာလများတွင် အသံသွင်းဖြန့်ချိမှု စတင်ခဲ့ကြောင်း သိရသည်။

မိုက်ကယ် ဂျက်ဆင်၏ တကိုယ်တော် အယ်လ်ဘမ်မှာ ၁၉၇၂ ခုတွင် စတင် ထွက်ရှိခဲ့သည်။

၁၉၉၄ ခုနှစ်တွင် မိုက်ကယ် ဂျက်ဆင်သည် အဲလ်ဗစ် ပရက်စလေ၏ တဦးတည်းသော သမီး လီဆာ မာရီ ကို လက်ထပ်ခဲ့ပြီး ၁၉၉၆ တွင် ကွာရှင်းခဲ့သည်။ ထိုနှစ်တွင်ပင် ဒယ်ဘီ ရိုဝီကို လက်ထပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကွာရှင်းခဲ့ပြန်သည်။ သူ့တွင်  စုစုပေါင်း သားသမီး ၃ ဦးကျန်ရစ်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင် သူ၏ တေးအယ်လ်ဘမ်မှာ အရောင်းရဆုံး ၁၀ စာရင်းတွင် ပါဝင်ခဲ့သည်။ အမေရိကန်တွင် အယ်လ်ဘမ် ၂၁ သန်းရောင်းရပြီး ကမ္ဘာတ၀န်း ၂၇ သန်း ရောင်းချရသည်။ ၁၉၈၃ ခုနှစ်တွင် မိုက်ကယ် ဂျက်ဆင် ၏ နာမည်ကျော် “လပေါ်လမ်းလျှောက်ဟန်” အကကို အခွေထုတ်ဖြန့်ချိခဲ့သည်။

မိုက်ကယ် ဂျက်ဆင်သည် ဂရမ်မီဆု ၁၃ ဆုရခဲ့သော ဆုငွေနှင့်ဆိုပါလျှင် ဘ၀တလျှောက်လုံး တေးဂီတမှ ၀င်ငွေ ဒေါ်လာ သန်း ၇၅၀ ခန့်ရှိမည်ဟု ခန်မှန်းရကြောင်းနှင့် လူ့သမိုင်းတလျှောက်တွင် အအောင်မြင်ဆုံး ဖျော်ဖြေသူ ဖြစ်သွားခဲ့သည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။

မိုက်ကယ် ဂျက်ဆင်သည် အရွယ်မရောက်သေးသည့် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုလုပ်မှုဖြင့် တရားစွဲဆို ခံရမှုများလည်း ရှိခဲ့သည်။

၁၉၉၃ ခုနှစ်တွင် အသက် ၁၃ နှစ်ရှိ ယောက်ျားလေးတဦးကို လိင်မှုဆိုင်ရာ မတော်တရော်ပြုလုပ်ခဲ့သည်ဟု စွပ်စွဲ ခံရပြီး ရဲ တပ်ဖွဲ့က ၎င်း၏ နဲဗားလန်း အိမ်ကို ၀င်စီးခံရသည်။ ၁၉၉၄ ခုနှစ်တွင် သူမတော်တရော်လုပ်ခဲ့သည် ဆိုသောကလေး၏ မိသားစုကို ဒေါ်လာ ၂၃ သန်းပေးပြီး ကြေအေးခဲ့ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်တွင်လည်း ၁၃ နှစ်သားတဦးကို ၂၀၀၃ ခုနှစ်အတွင်းက မတော်တရော်ပြုခဲ့သည်ဟူသော စွဲဆိုချက် အမှုရင်ဆိုင်ခဲ့ရကြောင်း၊ ယင်းပြစ်မှုသည် ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်သည့် အမှုဖြစ်ပြီး လေးလကြာပြီး နောက် အမှုမှ ကွင်းလုံးကျွတ်လွတ်သွားခဲ့ပြီးနောက်ပိုင်း ဘာရိန်း၊ အိုင်ယာလန်နှင့် ပြင်သစ်နိုင်ငံများတွင် နေထိုင် ခဲ့သည်။

ယင်းနောက်ပိုင်း စင်မြင့်ဖျော်ဖြေပွဲများကို လာမည့် ဇူလိုင် ၁၃ ရက်နေ့ လန်ဒန်၌ ပွဲပေါင်း ၅၀ လုပ်ပြုရန် စီစဉ်ခဲ့ပြီး မတ်လပိုင်းက ထိုပွဲလက်မှတ်များ စတင်ရောင်းချခဲ့ရာ လက်မှတ်ပေါင်း ၇ သိန်းခွဲကျော် ကုန်သွားခဲ့သည်ဟု လည်း သတင်းများတွင် ဖော်ပြထားသည်။ မိုက်ကယ်ဂျက်ဆင်ကို ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစာအုပ်တွင် သမိုင်း တလျှောက် အောင်မြင်မှုအရဆုံးသော ဖျော်ဖြေတင်ဆက်သူဟု မှတ်တမ်းတင်ထားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်