မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်မှု ကန့်သတ်ခံရ

Monday, 01 November 2010 15:41 ရွေးကောက်ပွဲ သတင်းတို
Print
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) ၏ မဲဆွယ် စည်းရုံးမှုများကို မြို့နယ် ကော်မရှင်က ကန့်သတ်မှုများ ပြုလုပ်ကြောင်း AMRDP ဥက္ကဌက ပြောသည်။

“ကော်မရှင်က ကျနော်တို့ကို ကား မသုံးရ ၊ အသံချဲ့စက် မဖွင့်ရ ၊ ကားမှာ ပိုစတာ ကြော်ငြာတွေ မကပ်ရ ၊ လမ်းဆုံ လမ်းခွ တွေမှာလည်း စည်းရုံး ဟောပြော တာတွေ မလုပ်ရဘူးလို့ ကန့်သတ်ထားပါတယ်”ဟု AMRDP ဥက္ကဌ နိုင်ငွေသိန်း ကပြောဆို သည်။

AMRDP အနေနှင့် မော်လမြိုင်မြို့မှ လွဲ၍ မွန်ပြည်နယ်ရှိ တခြားသော ဒေသများတွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ရကြောင်း၊ ယခုကဲ့သို့ ကန့်သတ်ခြင်းမှာ အောက်တိုဘာ ၂၉ ရက်မှစတင်၍ နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားခြင်းဖြစ်သည်ဟု သိရကြောင်း၊ မော်လမြိုင်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရရှိမည့် မဲ အရေအတွက် နည်းပါးမည်ကို စိုးရိမ်သောကြောင့် ကန့်သတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်း ကဆိုသည်။