မိုးရရှိရန် ပဲခူးတွင် ပရိတ်ရွတ်၊ လွန်ဆွဲ

Monday, 17 May 2010 19:08
Print
အပူဒဏ် ခံနေရသည့် ပဲခူးမြို့တွင် မိုးရွာစေရန် အတွက် သံဃာများက မြို့တွင်း လှည့်လည်၍ ငါးရံ့မင်း ပရိတ် ရွတ်ဖတ်ကြပြီး မြို့သူ မြို့သားများက လွန်ဆွဲပွဲများ ပြုလုပ်နေ ကြသည်။

ယနေ့ နံနက်၈ နာရီ ခန့်တွင် သာမဏေကျော် ကျောင်းတိုက်မှ သံဃာတချို့ ပရိတ်ရွတ်ခြင်းကို အာဏာပိုင်တို့က စောင့်ကြည့်ခဲ့ ကြသည်ဟု သိရသည်။

“ဟိုင်းလတ်ကား အဖြူလေးနဲ့ သံဃာတော် ၇ ပါး လောက် ရှိမယ်။ ဟွန်း ၂ လုံး တင်ပြီး ပရိတ် လှည့်ရွက်နေတာကို သတင်း တပ်ဖွဲ့က လူတွေက ဓာတ်ပုံ လိုက်ရိုက်တယ်။ ကျနော်တို့ ထိုင်နေတဲ့ လက်ဘက်ရည်ဆိုင် ဘေးမှာ ဆိုင်ကယ် ရပ်ပြီး ရိုက်နေကြတာ” ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။

ပရိတ် ရွတ်ဖတ်နေကြောင်းကို သာမဏေကျောင်းတိုက်ခွဲမှ သံဃာတပါးက အတည်ပြု မိန့်ကြားသော်လည်း သံဃာဦးရေနှင့် မည်သည့်ရက် အထိ ရွတ်ဖတ်သွားမည်ကိုမူ မိန့်ကြားခြင်း မပြုပေ။

ယမန်နေ့ ညနေပိုင်းကလည်း သံဃာတော်များက ကားဖြင့် လှည့်လည်ကာ ပရိတ် ရွတ်ဖတ်ခဲ့ကြသည်ဟု သိရသည်။

“ဘယ်ကျောင်းတိုက်က ဆိုတာတော့ ကားမှာလည်း စာကပ်မထားလို့ မသိရဘူး၊ ကြခတ်ဝိုင်း ကျောင်းတိုက်ကလို့ ပြောနေတာတွေတော့ ရှိတယ်” ဟု ပဲခူးမြို့သားတဦးက ပြောသည်။

တချိန်တည်းတွင်ပင်  သံဃာတချို့က ရွှေအောင်ရွေးစေတီ အနီးတွင် ငါးရံ့မင်း ပရိတ် ရွတ်ဖတ်ကြသည်။

မိုးရရှိရေး ရည်ရွယ်ချက်ဖြင့် သံဃာများက ရွှေအောင်ရွေးစေတီ အနီး ထိုသို့ ဆောင်ရွက်နချိန်တွင် မြို့သူ မြို့သားများက ထိုစေတီ နဘေးတွင် လွန်ဆွဲပွဲများ ပြုလုပ်ကြသည်။

ဖုန်တထောင်းထောင်ထနေသည့် ကွင်းပြင်တွင် ကလေးလူကြီး အရွယ်စုံက လွန်ဆွဲပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။

လွန်ဆွဲခြင်း ဆိုသည်မှာ လူအုပ်စု ၂ စုက ခိုင်ခံ့ရှည်လျားသည့် ကြိုးကို တဘက်နှင့် တဘက် အပြိုင်ဆွဲကြခြင်း ဖြစ်သည်။ လွန်ဆွဲပွဲများ ပြုလုပ်ခြင်းဖြင့် မိုးရွာနိုင်သည်ဟု မြန်မာနိုင်ငံ ဒေသ အများအပြားတွင် ယူဆကြသည်။

ယခုနှစ် ပြင်းထန်သည့် အပူရှိန်ကြောင့် ပဲခူးတိုင်း အတွင်း ကျေးရွာပေါင်း ၆၀  ကျော်တွင် သောက်သုံးရေ ရှားပါးနေသဖြင့် ပုဂ္ဂလိက အလှူရှင်များက ရေလှူဒါန်းမှုများ ပြုလုပ်နေကြသည်။ ထိုအလှူများသည် နာဂစ်ကာလ အလှူများကဲ့သို့ပင် အာဏာပိုင်တို့၏ အနှောင့်အယှက်နှင့် ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ရက်လောက်က စပြီး အာဏာပိုင်တွေက ကျနော်တို့ ကားတွေ လာတာနဲ့ ရေ၀ိုင်းချ၊ ဓာတ်ပုံရိုက်နဲ့ သူတို့ကပဲ လှူသလိုလို လုပ်လာတယ်ဗျာ။ သူတို့လည်း ပြည်သူတွေနဲ့ ပူးပေါင်း ပါဝင်တယ် ဆိုတာမျိုး လုပ်ပြီး သတင်းစာထဲ ထည့်နေတယ်ဗျာ" ဟု ရေရှားသည့် ဝေါ၊ သနပ္ပင်၊ က၀ မြို့များတွင် ရေလှူနေသည့် အဖွဲ့တခု၏ တာဝန်ခံက ပြောသည်။

ပဲခူးတွင် အာဏာပိုင်များက စေတနာရှင်များထံမှ ရေလှူဒါန်းသည့် ကားများ သွားမည့် နေရာ အပါအ၀င် အချက်အလက်များ ကောက်ယူနေသည်ဟု ဆိုသည်။

“မနေ့ ညနေပိုင်းက သနပ္ပင်ဘက် သွားမယ့် ကားတချို့ပေါ်ကို စစ်သား တယောက်စီ တင်ပေးတယ်။ ကားတွေမှာ ကြံ့ဖွံ့ အလံကိုလည်း စိုက်ခိုင်းတယ်" ဟု မြို့ခံ တဦးက ပြောသည်။

သူပြောသည့် ကြံ့ဖွံ့ ဆိုသည်မှာ ဗိုလ်ချုပ်ကြီးတို့၏ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း ဖြစ်သည်။

ထိုသို့ ကြံ့ဖွံ့အလံ လွှင့်ထူရန် စေခိုင်းခြင်းကို ရန်ကုန်တိုင်းတွင်လည်း တွေ့ရသည်။

သောက်သုံးရေ ပြတ်နေသော ရန်ကုန် တဘက်ကမ်း ဒလမြို့တွင်လည်း ရေလှူကားများကို ကြံ့ဖွံ့အလံ လွှင့်ထူခိုင်းခြင်းကြောင့် အလှူရှင်တချို့က လှူဒါန်းမှု ရပ်တန့်ထားကြကြောင်း သိရသည်။

မနက်ဖြန်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ရေနံချောင်းမြို့နယ်ရှိ ဒေသခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များက
ဥသျှစ်ကုန်း ကျေးရွာတွင် သောက်ရေသန့် လှူဒါန်းရန် စီစဉ်ထားကြသည်။ အင်္ဂါနေ့သည် အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးရက် ဖြစ်သောကြောင့် ထိုနေ့ကို ရွေးချယ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။