NLD ခေါင်းဆောင် သခင်စိုးမြင့် ကွယ်လွန်

Thursday, 20 May 2010 19:27
Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင် တဦး ဖြစ်သည့် သခင်စိုးမြင့်သည် ယနေ့ နေ့လယ် ၁ နာရီခွဲက  ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန် သွားသည်။

ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီ ဖြစ်သည်။

သခင်စိုးမြင့်သည် လွန်ခဲ့သည့် ၃ နှစ်ခန့်ကစပြီး နှလုံးကြွက်သား အလုပ် မလုပ် တော့ကြောင်း သမီးဖြစ်သူ ဒေါ်သစ်သစ်မြင့်က ဧရာဝတီသို့ ပြောသည်။

“ထိုင်နေရင်း ဆုံးသွားတာ၊ မဆုံးခင် အထိ သား သမီး မြေးတွေနဲ့ အတူ နေပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်းဆုံး လုပ်သွားတာပါ” ဟု ဒေါ်သစ်သစ်မြင့်က ပြောသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးကြွယ်နှင့် သားသမီး ၅ ဦး၊ မြေး ၁၁ ဦး ကျန်ရစ်ခဲ့သည်။ သခင်စိုးမြင့်ကို စနေနေ့၌ ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည်ဟု သတင်း ရရှိသည်။

သခင်စိုးမြင့်၏ တောင်ဥက္ကလာပ မြို့နယ်၊ ကေတုမာလာရိပ်သာ ၃လမ်း နေအိမ်သို့ NLD ခေါင်းဆောင်များ ဖြစ်သည့် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း နှင့် NLD အဖွဲ့ဝင်များ ယနေ့ သွားရောက်ပြီး သတင်းမေးကြကြောင်း သိရသည်။

သခင်စိုးမြင့် ကွယ်လွန်ကြောင်း ကြားသိရသဖြင့် ရန်ကုန်မြို့မှ သခင်ချန်ထွန်းက ၀မ်းနည်းမိကြောင်း ဧရာဝတီကို ပြောပြသည်။

“ဒီမိုကရေစီ တိုက်ပွဲမှာ ရှေ့တန်းက ပါဝင်ခဲ့တာလေ၊ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲ ၀င်နေတဲ့ ရဲဘော်တွေနဲ့ ပြည်သူ တရပ်လုံး အတွက်တော့ ဆုံးရှုံးမှုပေါ့” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး အဖွဲ့မှ သခင်ချန်ထွန်းက ပြောသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ဇာတိ သခင်စိုးမြင့်သည် လွတ်လပ်ရေး ကြိုးပမ်းမှုတွင်လည်း ပါဝင်ခဲ့သည့် အတွက် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။

သခင်စိုးမြင့်သည်  ဖဆပလခေတ်တွင် ဦးဗဆွေ၊ ဦးကျော်ငြိမ်း ခေါင်းဆောင်သည့် ဆိုရှယ်လစ်ပါတီ၏ မြောင်းမြမြို့နယ် အတွင်းရေးမှူး တဦး ဖြစ်သည်။ ပါတီ အတွင်းမှ ၀ိဓူရ သခင်ချစ်မောင်၊ သခင်လှကြွေ၊ သခင်လွင်တို့က အလုပ်သမားပါတီ (ဆိုရှယ်နီ) အဖြစ် ခွဲထွက်သွားသည့် အခါ သခင်စိုးမြင့်လည်း ဆိုရှယ်နီပါတီတွင် ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ်က စတင်ပြီး NLD တွင် ပါဝင် လှုပ်ရှားခဲ့ရာ အကြိမ်ကြိမ် ထိန်းသိမ်းခံရသည်။