ပြန်ကြားရေးဝန်ကြီး စာကြည့်တိုက် စီမံကိန်း သိန်းထောင်ချီ “လှူငွေ” ရ

E-mail Print
ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း တည်ထောင်သည့် ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း (Rural Library Foundation) ကို အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ကျပ် သိန်း ၇၀၀၀ ကျော်အလှူ ငွေထည့်ဝင်ကြောင်း သိရသည်။

ယင်းဖောင်ဒေးရှင်းကို ဦးကျော်ဆန်း နာယက အဖြစ် ဦးဆောင်ပြီး မူလက မတည်ငွေ ကျပ် သိန်း ၂၀၀၀ သတ်မှတ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ စာနယ်ဇင်းထုတ်ဝေသူများက ထည့်ဝင်သည့်အတွက် ငွေပမာဏ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း စာနယ်ဇင်းသမား တဦးက ဧရာဝတီသို့ပြောသည်။

“လုပ်ငန်းရှင်တွေ အစုံလာရတယ်၊ တယောက်ကို သိန်း ၃၀၀ စီ သတ်မှတ်ပေးလိုက်တာ စာရင်းပေါင်းတော့ သိန်း ၇၀၀၀ ကျော် သွားတာ”ဟု ၎င်းက ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် မက်စ်မြန်မာ ဦးဇော်ဇော်၊ အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ ထူးကုမ္ပဏီမှ ဦးတေဇ၊ ဦးချစ်ခိုင် (ဧဒင်)၊ မြန်မာတိုင်းမ်စ် ဂျာနယ်(အင်္ဂလိပ်၊ မြန်မာ)၊ သုတစွယ်စုံမဂ္ဂဇင်းနှင့် ပြည်မြန်မာဂျာနယ် ထုတ်ဝေသူလည်းဖြစ် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့အတွင်းရေးမှူးလည်းဖြစ်သည့် ဒေါက်တာ တင်ထွန်းဦး၊ တိုင်းနှင့်ပြည်နယ်များမှ စာနယ်ဇင်း အဖွဲ့များ၊ နယ်မြို့များရှိ စီးပွားရေးလုပ်ငန်းရှင်များက လှူဒါန်းကြသည်ဟု အဆိုပါ စာနယ်ဇင်းသမားက ပြောသည်။

ယင်းစီးပွားရေးလုပ်ငန်းရှင်များကို နာယကများ အဖြစ် ခန့်အပ်ပြီး အလှူငွေကိုလည်း ထပ်မံထည့်ခိုင်းထားကြောင်း၊ အဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ရုံးအဖွဲမှူး ၇ ဦးရွေးချယ်ထားပြီး တဦးလျှင် လစာ ၈၀၀၀၀ ကျပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် မြန်မာနိုင်ငံတ၀န်း အပူချိန်လွန်ကဲ၍ သောက်သုံးရေ ပြတ်လပ်နေသည့် ကျေးရွာများရှိ ပြည်သူများကို လှူဒါန်းခြင်းမရှိပေ။

စာကြည့်တိုက် တည်ထောင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် စနေနေ့က ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်း ဗဟိုဌာန(IBC)တွင် ကျင်းပခြင်းဖြစ်ပြီး အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးနှင့် အစိုးရ အဖွဲ့ဝင်များက လက်ခံရယူသည်ဟု မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

မန္တလေးမြို့မှ စာပေသမားတဦးကမူ“စာကြည့်တိုက်ထောင်တာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် တကယ်ကို လွတ်လွတ်လပ် လပ် စာပေကို လေ့လာနိုင်ဖို့ လိုတယ်”ဟု ၎င်းကဆိုသည်။

စာကြည့်တိုက် တတိုက် ထူထောင်ရာတွင် မည်သည့် စာပေမဆို အစုံအလင်ရှိရမည်ဖြစ်ပြီး အမှန်တကယ်စာဖတ်လိုသည့် မည်သူ မဆို အခမဲ့ ဖတ်နိုင်ရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက် ထိန်းသိမ်းမှု နည်းပညာ အထိုက်အလျောက် ကျွမ်းကျင် ထားရမည်ဖြစ် ကြောင်း ယင်း မန္တလေးမြို့ခံ စာပေသမားက ပြောသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးစာကြည့်တိုက်(ပြန်/ဆက်)များကို ယခင်ကတည်း ဖွင့်လှစ်ခဲ့ရာ ထိန်းသိမ်းမှုညံ့ဖျင်းခြင်း၊ အစိုးရ၏ ပေါ်လစီ စာအုပ်များကိုသာ ဖတ်ရှုခွင့် ရရှိခြင်းတို့ကြောင့်၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အရေအတွက်များများ ဖွင့်လှစ်ထားသော် လည်း အောင်မြင်မှုမရရှိကြောင်း အဆိုပါ မြို့ခံက ထောက်ပြပြောဆိုသည်။

စစ်အစိုးရ အာဏာရယူခဲ့ပြီးသည့် နောက်ပိုင်းတွင် စာပေဖတ်ရှု လေ့လာသူများကို လက်ဝဲစာပေနှင့် နိုင်ငံရေးစာပေများ လေ့လာ သည်ဆိုပြီး ဖမ်းဆီးခြင်း၊ ပုဂ္ဂလိကနှင့် လူငယ်စာကြည့်တိုက်များကို ဖွင့်လှစ်ခွင့် မပေးခြင်း၊ စာပေဟောပြောပွဲများကို အတိုင်းအတာ တခုဖြင့်သာ ခွင့်ပြုခြင်းများ ပြုလုပ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကမူ“ကျေးလက်ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ရှိပြီး အသိဉာဏ်ဗဟုသုတ မြင့်မားလာ ရန်၊ မီဒီယာခေတ်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မီဒီယာကိုယ်ခံစွမ်းအား တည်ဆောက်နိုင်ရန်၊ ဒီမိုကရေစီကို မှန်မှန်ကန် ကန် ကျင့်သုံးနိုင်ရန် ရည်ရွယ်ကြောင်း”အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်