မန္တလေး ရေဘေး ဒုက္ခသည် သောင်းနှင့်ချီ အကူအညီ လိုဆဲ

Monday, 11 October 2010 18:44
Print
မန္တလေးမြို့တွင် မိုးရွာသွန်းမှု ရပ်တန့်သွားသော်လည်း ရေကျဆင်းသွားခြင်း မရှိသည့်အတွက် ရေဘေးဒုက္ခသည်များကို မြို့ခံ လူမှု ကယ်ဆယ်ရေး အဖွဲ့များက ထမင်းထုပ်များ ဝေငှ၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

မန္တလေးမြို့တောင်ဘက်ရှိ ပြည်ကြီးတံခွန် မြို့သစ်၊ မဟာအောင်မြေ၊ ၆၂လမ်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ရှိ လူနေအိမ်ခြေများ ရေနစ်မြုပ်နေကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းမျာကို လှေများဖြင့် သွားလာလုပ်ကိုင်နေရသည်ဟု မန္တလေးမြို့ ချမ်းမြ မေတ္တာ လူ မှုရေး အသင်းမှ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ဧရာဝတီသို့ ပြောသည်။

“ရေက တချို့နေရာတွေမှာ လက်ခုပ်တဖောင်၊ တချို့နေရာတွေမှာ ရင်ဆို့လောက် ရောက်နေတာ၊ မိုးက မနေ့က တောက်လျှောက် ရွာတယ်၊ ရေပတ်လည် ၀ိုင်းနေသလို ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ရေဘေး ဒုက္ခသည်ပေါင်း၂၀၀၀၀ နီးပါးခန့် ရှိသည့် အတွက် ယခုအခါ မန္တလေးမြို့ရှိ လူမှုကယ်ဆယ်ရေး အသင်းများမှ တနေ့လျှင် ထမင်းထုပ်ပေါင်း ၄၀၀၀၀ ကျော် ဝေငှနေရကြောင်း အထက်ပါ ကယ်ဆယ်ရေး လုပ်ကိုင်နေသူက ပြောသည်။

မီးသတ်တပ်ဖွဲများ၊ လောကပါလ၊ ချမ်းမြ သုခ၊ ချမ်းမြ မေတ္တာ၊ စိမ်းရောင်စို စသည့် လူမှုရေး အဖွဲ့များ ၊ ဆရာတော် ဦးသုမင်္ဂလာ၏ ဗုဒ္ဓ ဝေယျာဝစ္စ အဖွဲ့များ၊ အစ္စလမ် ဘာသာရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သည့် Mother Trading Co Ltd မှ ဦးစိုးစိုး တို့က ဦးဆောင်ပြီး နေ့စဉ် လှူဒါန်းမှုများကို ပြုလုပ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ဆည်တော်ကြီးဆည်မှ ရေများလွှတ်လိုက်သည့် အတွက် မန္တလေးမြို့တွင်းရှိ ပန်းရံတော်၊ ရွှေတချောင်း၊ ရေနီ စသည့် ရေစီးမြောင်း များသို့ ရေများဝင်လာသည့်အတွက် အနိမ့်ပိုင်းဒေသများ ရေမြုပ်ရခြင်း ဖြစ် သည်ဟု ကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ရှင်းပြသည်။

ရေဘေး ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများကို သင်္ဃန်းကုန်း၊ အင်းခရု၊ ကံသာယာ၊ အောင်သာယာ၊ ထွန်တုံး၊ ၆၂ လမ်း UPG ဂိုထောင်၊ အောင်ပင်လယ်၊ ရတနာပုံမြို့သစ်၊ အမှတ် ၁၂ မူလတန်းကျောင်း၊ တောရမဂ္ဂင်၊ သာသန ရံသီ ဘုန်းကြီးကျောင်း၊ မွေတော် ကျီကုန်း ကျောင်းတိုက် စသည့် နေရာများတွင် ဖွင့်လှစ်ထားကြောင်း ကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။

တခြားသော မန္တလေးမြို့ခံစာရေးဆရာတဦးကလည်း တောင်ကျရေများ ၀င်ရောက်ခဲ့သည့် ပုသိမ်ကြီးမြို့နယ်၊ နန်းရှေ့မြို့နယ်၊ ပြည်ကြီး တံခွန်မြို့နယ်များတွင် ရေကျဆင်းသွားခြင်း မရှိသေးကြောင်း ပြောဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ ကမူ ထမင်းထုပ်နှင့် အစားအသောက်များ ဝေငှခြင်းမရှိဘဲ ၎င်းတို့ ပါတီတံဆိပ် ရိုက်နှိပ် ထားသည့် တီရှပ်များကို လိုက်လံဝေငှနေကြောင်း အဆိုပါ မြို့ခံစာရေးဆရာက ဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဆည်တော်ကြီး၊ ဆည်တော်လေး ဆည် များမှ ရေလျှံခြင်းနှင့် မြစ်များ ရေလျှံခြင်းတို့ကြောင့် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်အတွင်း လူနေ အိမ်ခြေ ၃၀၀၀ ကျော် ရေမြုပ်သွားခဲ့ ကြောင်း သိရှိရသည်။

စစ်အစိုးရ သတင်းစာများတွင် မန္တလေး မိုးရွာသွန်းမှုသည် မိုးရေချိန်မှာ ၁၁ လက်မ ကျော်ကြောင်း၊ ၆၄ နှစ်တာ ကာလအတွင်း အမြင့်ဆုံးအဖြစ် စံချိန်သစ် တင်သွားကြောင်း ဖော်ပြထားသည်။