တရုတ်နိုင်ငံသား ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင်သတင်း ဖော်ပြခွင့်ကန့်သတ်

E-mail Print
အစိုးရက ဖမ်းဆီးထောင်ချထားစဉ် ငြိမ်းချမ်းရေး နိုဗဲလ်ဆုချီးမြှင့် ခံခဲ့ရသည့် တရုတ်နိုင်ငံမှ တက်ကြွလှုပ်ရှားသူ လျိုရှောင်ပေါ (Liu Xiaobo) ၏ သတင်းကို ပြည်တွင်း သတင်း မီဒီယာတချို့တွင် ဖော်ပြခွင့် မပြုကြောင်း သတင်းရရှိသည်။

liu xiaoစစ်အစိုးရသည် တရုတ်ကွန်မြူနစ် အစိုးရနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၂၀၁၀ ပြည့်နှစ်အတွက် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိသည့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူ တရုတ်နိုင်ငံသား လျိုရှောင်ပေါ၏
သတင်းကို ဖော်ပြခွင့် ပိတ်ပင်ခြင်း ဖြစ်နိုင်သည်ဟု စာနယ်ဇင်းအသိုင်းအ၀န်းက ပြောဆိုနေကြသည်။

“ဒေါ်အောင်ဆန်းစုကြည်လိုပဲ ဖမ်းဆီးချုပ်နှောင် ခံထားရရင်း နိုဗဲလ်ငြိမ်းချမ်းရေး ဆုရသွားတာ ဆိုတော့ မီဒီယာသမားတွေ အကုန်လုံးက စိတ်ဝင်တစား တင်ပြချင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ဂျာနယ်မှာတော့ ဖော်ပြခွင့်မရဘူး။ စစ်အစိုးရက တရုတ်အစိုးရ ငြိုငြင်မှာကို တော်တော်စိုးရိမ်ပုံရတယ်” ဟု ပြည်တွင်း သတင်းသမားတဦးက ပြောသည်။

ယနေ့ထုတ် Weekly Eleven စာစောင်တွင်မူ “တရုတ်နိုင်ငံသား လျိုရှောင်ဘိုအား ငြိမ်ချမ်းရေးနိုဗဲလ်ဆု ချီးမြှင့်ခြင်း တရုတ်ဝေဖန်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခွင့်ပေးထားသည်ကို တွေ့ရသည်။

လျိုရှောင်ပေါ နိုဗဲလ် ငြိမ်းချမ်းရေးဆု ရရှိသည့်သတင်းကို ဖော်ပြခွင့်မပြုသော်လည်း Weekly Eleven ဂျာနယ်မှ သတင်းကို ခွင့်ပြုသည်မှာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုအပေါ် ဆန့်ကျင်သည့်အမြင်နှင့် ရေးသားချင်းကို စာပေစိစစ်ရေးက ခွင့်ပြုသည့် သဘော ဆောင်ကြောင်း ရန်ကုန်အယ်ဒီတာတဦးက ဆိုသည်။

ငြိမ်းချမ်းရေးနိုဗဲလ်ဆုမှအပ ဆေးပညာနိုဗဲလ်ဆု အပါအ၀င် တခြားနိုဗဲလ်ဆု ရရှိသူများအကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြခွင့်ပြုသည်ကို တွေ့ရသည်။

“ငြိမ်းချမ်းရေး နိုဗဲလ်ဆုကလွဲရင် တခြားနိုဘဗဲလ်ဆုရသူတွေအကြောင်း မြန်မာ့အသံ၊ မြ၀တီ၊ MRTV 4 နဲ့ ရေဒီယိုတွေရဲ့ နိုင်ငံတကာ သတင်းကဏ္ဍတွေမှာ ကြေညာတယ်” ဟု သတင်းထောက်တဦးက ရှင်းပြသည်။

တရုတ်အစိုးရက လျိုရှောင်ပေါအား နိုဗဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းအပေါ် ရှုတ်ချသည့်အတွက် စစ်အစိုးရသည် တရုတ်အစိုးရ၏ သဘောထားကို အလေးထားကာ နိုဗဲလ်ငြိမ်းချမ်းရေးဆုအကြောင်း စိစစ်တည်းဖြတ်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု စာနယ်ဇင်းသမားများက သုံးသပ်သည်။

တရုတ် အစိုးရသည် မြန်မာအစိုးရအား စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် တခြား အကူအညီများစွာ ပေးနေသည့် နိုင်ငံဖြစ်ကြောင်း၊ စစ်အစိုးရအနေနှင့် လူထုအပေါ် ဖိနှိပ်မှုများ၊ သတ်ဖြတ်မှုများ ပြုလုပ်သည်ကိုပင် ပြည်တွင်းရေး ကိစ္စဟု ပြော၍ အမြဲတစေ ကာကွယ်ပေးနေသည့် အင်အားကြီး နိုင်ငံတခု လျော့သွားမည်ကို မြန်မာအစိုးရက စိုးရိမ်ကြောင်း သတင်း အယ်ဒီတာ တဦးက ဆိုသည်။

“မြန်မာအစိုးရဘက်က အမြဲကာကွယ်ပေးနေတဲ့ တရုတ်အစိုးရကြောင့် လျိုရှောင်ပေါ သတင်းကို သတိထားပြီး ကိုင်တွယ်တာ လို့ မြင်တယ်။ နိုင်ငံတော်တော်များများ မထောက်ခံတဲ့ ရွေးကောက်ပွဲကိုလည်း တရုတ်က ထောက်ခံတယ်လေ” ဟု ၎င်းကပြောသည်။

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗဲလ်ဆု ဆန်ခါတင်စာရင်းတွင် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) ပါဝင်ကြောင်း ပြည်ပ အသံလွှင့်သတင်းဌာနများက ကြေညာခဲ့သည့်အတွက် ပြည်သူများအကြား ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်မည့် သတင်းကို အလွန် စိတ်ဝင်စားခဲ့ကြသည်။

“လူတွေက DVB ရမလားဆိုပြီး ရင်ခုန်ကြတယ်၊ သိချင်ကြတယ်။ ဘာပဲပြောပြော လျိုရှောင်ပေါ ရသွားတာလည်း တရုတ်နိုင်ငံမှာ ဖိနှိပ်အုပ်ချုပ် ခံနေရတဲ့ လူတန်းစားဘက်က ရပ်တည်မယ့် သူတဦးကို ကမ္ဘာနဲ့ နိုင်ငံတကာအသိုင်းအ၀န်းက အာရုံ စိုက်လာကြမယ်။ သူ့အတွက် ဂုဏ်ယူပါတယ်” ဟု အသက် ၅၀ ကျော်အရွယ် သတင်းစာ ဆရာတဦးက ဆိုသည်။

စစ်အစိုးရသည် တရုတ်နိုင်ငံ၏ တနိုင်ငံတည်း မူဝါဒကို လက်ခံပြီး ထိုင်ဝမ်နိုင်ငံ ထူထောင်သည်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ထားသည်။ ထို့ပြင် ထိုင်ဝမ်သည် တရုတ်ပြည်၏ အစိတ်အပိုင်း တခုအဖြစ်သာ အသိ အမှတ်ပြုသောကြောင့် ပြည်တွင်း သတင်း မီဒီယာများတွင် ထိုင်ဝမ် ဆိုသော စကားလုံးအစား တရုတ် (တိုင်ပေ)ဆိုသော စကားလုံးကိုသာ အသုံးပြုရမည်ဟု ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွက် ငြိမ်းရေးနိုဗဲလ်ဆုရရှိသူ လျိုရှောင်ပေါသည် ၁၉၈၉ ခုနှစ် တီယန်နန်မင် ရင်ပြင်ဆန္ဒပြမှုတွင် ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး တခြားသော ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့်အတွက် မကြာခဏ ဖမ်းဆီး ထောင်ချ ခံရသူဖြစ်သည်။

လျိုရှောင်ပေါသည် ၂၀၀၈ ခုနှစ်က ဘေကျင်း အိုလံပစ်ပွဲတော်အချိန်၌ တရုတ်ကွန်မြူနစ်ပါတီ၏ တပါတီ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အပါအ၀င် အာဏာရှင်ဆန်သော အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရန်အတွက် တရုတ်ထိပ်တန်းပညာရှင် ၁၀၀၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ရာတွင် ခေါင်းဆောင်ခဲ့သောကြောင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသည်။

လျိုရှောင်ဘိုသည် ၂၀၀၄ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းမှုဆုရရှိခဲ့သည်။

၁၉၅၅ ခုနှစ်တွင် မွေးဖွားခဲ့သော လျိုရှောင်ပေါသည် ရသစာပေနှင့် ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့များရရှိခဲ့ပြီး ဧည့်ပါမောက္ခ အနေနှင့် တရုတ်နိုင်ငံ တက္ကသိုလ်များအပြင် ကိုလံဘီယာ တက္ကသိုလ်၊ အော်စလို တက္ကသိုလ်၊ ဟာဝိုင်ယီ တက္ကသိုလ်များသို့ သွားရောက်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်