ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့ ငွေကြေးဆိုင်ရာ ပြဿနာပေါ်

E-mail Print
မကြာသေးခင်က ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပူးပေါင်းထားသည့် ဒီမိုကရေစီ မိတ်ဆွေပါတီများ ၆ ပါတီ မဟာမိတ် အဖွဲ့ အတွင်း ပြဿနာ ပေါ်နေပြီး ရေရှည်မဟာမိတ် ဖွဲ့စည်းရေး အနေအထား ထိခိုက်နေပြီ ဖြစ်ကြောင်း သိရသည်။

၆ ပါတီ မဟာမိတ်တွင် ပါဝင်သော အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီနှင့် တိုင်းရင်းသား ပါတီများအား စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေ၏ ငွေကြေးထောက်ပံ့မှုရှိနေခြင်းကြောင့် ၎င်းတို့မဟာမိတ်အဖွဲ့ ပါတီများ၏
ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးအောင် သန်း က ဧရာဝတီ ကို ပြောသည်။

“ဦးလှမောင်ရွှေဟာ အစိုးရက ထောက်ခံထားတဲ့ အဖွဲ့တွေမှာ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင် တာဝန်တွေကို ရယူထားသူပါ၊ ဒီအဖွဲ့ တွေဟာ အစိုးရနဲ့မကင်းဘူး၊ ဒါကြောင့် မပတ်သက်ချင်တာပါ”ဟု ဦးအောင်သန်းက ဆိုသည်။

ဦးလှမောင်ရွှေသည် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ တဦးဖြစ်သည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင်လည်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သည်။ မြန်မာ အီးဂရက်စ်(Myanmar Egress)အဖွဲ့အား တည်ထောင်သူ ၇ ဦး တွင်လည်း တဦး ဖြစ်သည်။

ဦးလှမောင်ရွှေက ၎င်းအနေဖြင့် NDFပါတီနှင့် တိုင်းရင်းသား ပါတီများအား ထောက်ပံ့ထားသည်ဟု ပြည်တွင်းထုတ် ဂျာနယ် တစောင်အား ပြောဆိုပြီးနောက် ဤကိစ္စ ဟုတ်မဟုတ် မေးမြန်းမှုများကို ခံနေရကြောင်း ဦးအောင်သန်းက ဆိုသည်။

“ဒီကိစ္စတွေကို ရှင်းလင်းပေးဖို့ NDF ပါတီကို အကြောင်းကြားထားပါတယ်၊ သူတို့ရဲ့တုံ့ပြန်ချက်ကို ကြည့်ပြီးမှ ကျနော်တို့ ရှေ့ဆက် ပူးပေါင်းမယ့် ကိစ္စကို စဉ်းစားမှာပါ”ဟုလည်း ဦးအောင်သန်းက ဆက်ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက မေးမြန်းရာ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက“ဦးလှမောင်ရွှေ ပြောတာက ကျနော် တို့ တပါတီတည်း မဟုတ်ဘူး၊ တခြားတိုင်းရင်းသား ပါတီတွေလည်း ပါတယ်၊ ကျနော်တို့ကလည်း ပါတီအနေနဲ့ ထောက်ပံ့မှု ယူထားတာ လုံးဝ မရှိပါဘူး၊ ကျနော်တို့ ပါတီထဲက ကိုယ်စားလှယ် တဦးစ၊ နှစ်ဦးစ ဖြစ်မှာပေါ့”ဟု ဆိုသည်။

အဆိုပါ အကြောင်း အရာနှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့ လုပ်ငန်းစဉ်များ ရပ်တန့်သွားမည် မဟုတ်ကြောင်းလည်း ဒေါက်တာ သန်းငြိမ်း က ဆက်ပြောသည်။

သို့ရာတွင် ယခင်တပတ်က NDF ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ ထောက်ပံ့မှု တချို့ရယူထား ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။ (မေးမြန်းချက် အပြည့်အစုံကို မကြာမီဖော်ပြပါမည်)

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၏ ( ၂. ၁၀. ၁၀ ) နေ့ ကြေညာချက်တွင် “၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ၂၉ ရက်နေ့ထုတ် မြန်မာပို့စ် ( Myanmar Post ) စာစောင်ပါ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေ ထုတ်ဖော်ပြောကြား ခေါင်းစဉ်အောက်တွင် ဖော်ပြထားသော ၎င်း၏ ပြောကြားချက်အရ ၎င်းက NDF အပြင် အခြားပါတီအချို့နှင့် ရှမ်း၊ ကရင်၊ချင်း၊ ရခိုင် စသည့် တိုင်းရင်းသား ပါတီအများစုကိုလည်း ဆက်သွယ်ကူညီ ငွေကြေး ထောက်ပံ့ထားကြောင်း တွေ့ရှိရပါ သည်”ဟု ရေးသား ပါရှိသည်။

“ကျနော်တို့ ပါတီက ဦးလှမောင်ရွှေ နဲ့ လုံးဝ မပတ်သက်ပါဘူး၊ သိလည်း မသိပါဘူး၊ ဒီလိုအချိန်မှာ ဒီလိုမျိုး သတင်းတွေ ထွက် လာတာဟာ ထိုးနှက်တိုက်ခိုက်မှု တခုလို့ပဲ ယူဆပါတယ်၊ ဘယ်ကနေ ဒီသတင်းထွက်ပေါ်လာတာလည်း ဆိုတာကို ကျနော် တို့ စုံစမ်းနေပါတယ်၊ သိတာနဲ့ ချက်ချင်း ပြည်သူတွေကို ထုတ်ပြန်ချက် ထုတ်ပေးသွားမှာပါ”ဟု ရခိုင်တိုင်းရင်းသားများ တိုး တက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

၎င်းတို့ပါတီသည် ငွေကြေးအခက်အခဲရှိခြင်းကြောင့် ရခိုင်ပြည်နယ်၏ မဲဆန္ဒနယ် တချို့နှင့် ဧရာဝတီတိုင်းမှ မဲဆန္ဒနယ် တချို့ တွင် ၀င်မပြိုင်နိုင်ကြောင်း၊ ၆ ပါတီ မဟာမိတ် အဖွဲ့သည် အင်အားတရပ်အဖြစ် ရပ်တည်နိုင်ရန် အလားအလာကောင်းများ ရှိ
နေခြင်းကြောင့် ရှေ့ဆက်ပူးပေါင်းရန်သာ ရှိကြောင်းလည်း ဒေါက်တာ အေးမောင်က ဆိုသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP) ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက“ဒီကိစ္စဟာ ပါတီတခုနဲ့လူတဦးချင်းစီရဲ့ကိစ္စတွေပါ၊ မှားတယ်မှန်တယ် ပြောလို့မရပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့နိုင်ငံမှာ စစ်တပ်က အရာရာကို ဗိုလ်ကျ စိုးမိုး နေချိန်မှာ စီးပွားရေးလုပ်တဲ့လူ မှန်သမျှဟာလည်း အစိုးရနဲ့ မလွတ်ကင်းနိုင်ဘူးထင်တယ်၊ လူတဦးတယောက်ရဲ့ထောက်ပံ့မှုက ပြည်သူတွေအတွက် အထောက်အကူ ပြုမယ်ဆိုရင် အပြုသဘောနဲ့ လက်ခံ ရမှာပေါ့”ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP) ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောသည်။

“ဗိုလ်ကျ စိုးမိုးနေတာကို တိုက်ဖျက်ဖို့ အင်အားတရပ် လုပ်နေတဲ့ အချိန်မှာ ပြည်သူတွေ အထင်အမြင် မှားအောင် မလုပ်သင့် ပါဘူး၊ ပူးပေါင်းမှု ဆိုင်းငံ့မယ်ဆိုတဲ့ ကိစ္စဟာ မလုပ်သင့်တဲ့ ကိစ္စလို့ဘဲ ကျနော်ထင်တယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

ဦးလှမောင်ရွှေ အား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြောဆိုရန် ငြင်းပယ်ခဲ့သည်။

ဒီမိုကရေစီ မိတ်ဆွေပါတီများ(မဟာမိတ်) အဖွဲ့သည် အောက်တိုဘာလ ၂ ရက်နေ့တွင် အတူပူးပေါင်းသွားရေး အတွက် အချက် ၅ ချက် ချမှတ်၍ သဘောတူညီမှု ရယူခဲ့ကြပြီး ငွေကြေး ကိစ္စနှင့် မဲဆန္ဒနယ် ရှောင်လွှဲပေးရေး ကိစ္စကိုမူ ထည့် မဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒီမိုကရေစီ မိတ်ဆွေပါတီများက ထုတ်ပြန်သော ကြေညာချက်တွင် ဒီမိုကရေစီ မိတ်ဆွေပါတီများအနေဖြင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၈ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး၊ စုစုပေါင်း ၃၉၆ ဦး ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အကျိုးမရှိ၍ ဒီမိုကရေစီ မိတ်ဆွေ ပါတီများကို မဲပေးရန်လိုကြောင်း၊ တိုင်းရင်းသား များ တန်းတူညီမျှမှု ရစေရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် ရွေးကောက်ပွဲအောင်နိုင်ရေးကို ပူးတွဲ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလွန် ကာလတွင်လည်း ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို အတူပူးပေါင်း ဆောင်ရွက်သွားကြ မည် ဖြစ်ကြောင်းနှင့် ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် ပြည်သူများ မဲရုံသို့သွားကာ မဲပေးကြရန် လိုအပ်ကြောင်းတို့ကို လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

၆ ပါတီ မဟာမိတ်အဖွဲ့တွင် ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)၊ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ(SNDP)၊ ချင်းအမျိုးသား ပါတီ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ပါတီ တို့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်