အစိုးရရုံးများတွင်လည်း ကြံ့ဖွံ့မဲဆွယ်

Tuesday, 12 October 2010 13:17
Print

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ)သည် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အစိုးရရုံးများတွင် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်လျက် ရှိကြောင်း ရုံးဝန်ထမ်းများထံမှ သိရသည်။

usdpရန်ကုန်မြို့ရှိ အစိုးရရုံးများသို့ ၎င်းတို့ပါတီအား မဲပေးရန် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများက လာရောက်၍ မဲဆွယ် စည်းရုံးမှု များ ပြုလုပ်ခဲ့သည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

“ပထမ တရက်က အရာရှိတွေ၊ ဒီနေ့ ကျမတို့ ၀န်ထမ်းတွေ၊ တံခါးပိတ် အစည်းအဝေး ဆိုလို့ ဘာလဲလို့ စိုးရိမ်နေတာ၊ ကြံ့ခိုင်ရေးကို မဲထည့်ဖို့ပြောတာ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအနှံ့ ရှိ အစိုးရရုံးများမှ ၀န်ထမ်းများသည် ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန် ညွှန်ကြားခံထားရကြောင်း နေပြည်တော်ရှိ ကြံ့ဖွံ့ ပါတီ ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

“ကျမနဲ့ ကျမ မိသားစုဝင် အားလုံးက ပြည်ခိုင်ဖြိုးကို မဲ မဖြစ်မနေ ပေးရမှာ”ဟု မြန်မာ့ စီးပွားရေး ဘဏ် ၀န်ထမ်းတဦးက ဆိုသည်။

ယင်းသို့ နေပြည်တော်ရှိ အစိုးရရုံး ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် လိုက်လံစည်းရုံးခဲ့ပြီး ယခုလဆန်းပိုင်းမှ စတင်၍ ရန်ကုန် မြို့ရှိ မြန်မာ့စီးပွားရေး ဘဏ်များ၊ အခွန်ရုံးများ၊ စည်ပင်သာယာရေး ရုံးများ စသော အစိုးရရုံးများကို ကြံ့ဖွံ့ပါတီမှ မဲဆွယ် စည်းရုံးမှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီမှ သက်ဆိုင်ရာမြို့နယ် ကိုယ်စားလှယ်လောင်းများက ရပ်ကွက် အေးချမ်းသာယာရေး ကော်မတီမှ တဆင့် ရပ်ကွက် အတွင်း နေထိုင်သူများကို ခေါ်ယူစုဝေးခိုင်းပြီး မဲဆွယ်စည်းရုံးမှုပြုလုပ်နေကြောင်းလည်း ရန်ကုန်မြို့ လသာမြို့နယ် အတွင်း နေထိုင်သူများက ပြောဆိုကြသည်။

ရန်ကုန်မြို့ရှိ အချက်အချာကျသောမြို့တွင်း ၆ မြို့နယ်နှင့် ဆင်ခြေဖုန်းရပ်ကွက်များတွင် တအိမ်တယောက် ခေါ်ယူကာ သက်ဆိုင် ရာမြို့နယ်ရှိ အမတ်လောင်းများနှင့် မိတ်ဆက်၍ ကြံ့ဖွံ့ပါတီ၏ အမှတ်တံဆိပ် ခြင်္သေ့ဘေးတွင် အမှန်ခြစ်ပေးရန် ပြောဆိုကြောင်း လသာမြို့နယ်တွင် နေထိုင်သူ တဦးက ပြောသည်။

“ရပ်ကွက်ရုံးကနေ ခေါ်လို့သွားလိုက်တာ၊ ဟိုရောက်တော့ မဲဆွယ်တယ်၊ ပြီးတော့ အမတ်လောင်းတွေက ပြောတယ် ဒီကိုလာတဲ့ လူတွေက ပြည်ခိုင်ဖြိုးပါတီက ကျနော်တို့ကိုပဲ မဲပေးကြမှာမဟုတ်လားတဲ့၊ အပိုင်ကိုပြောနေတာ”ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၃၀ နီးပါးသာ လိုချိန်တွင် ကြံ့ဖွံ့ပါတီသည် မြို့နယ်တမြို့နယ်စီရှိ အမတ်လောင်းများ၏ ဓာတ်ပုံ နှင့် ကိုယ်ရေးအကျဉ်းများကို ရပ်ကွက်ထိပ်များတွင် ကပ်နှံလာခြင်း၊ လက်ကမ်းစာစောင်များ လိုက်လံ ဝေငှခြင်းများ ပြုလုပ် လာကြောင်းလည်း သိရသည်။