မိုင်းဆတ် စစ်ဌာနချုပ် ပေါက်ကွဲမှုဖြစ်

Tuesday, 12 October 2010 16:17
Print
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၄ ၏ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လက်နက်ကြီး ကျည်များ သိုလှောင်ထားသည့် လက်နက်သိုလှောင်ရုံ ၂ရုံ မီးစွဲလောင်ခဲ့ပြီး ပျက်စီးသွား ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

“မီးလောင်တာ ၂ နာရီလောက်ကြာတယ်၊ ဒေသခံကတော့ ၀ါယာရှော့ကနေ လောင်တာလို့ ပြောနေကြတယ်”ဟု ၎င်းက ဆိုသည်။

လက်နက်ကြီး ပေါက်ကွဲသည့် အသံများကို မိုင်းဆတ်မြို့နယ် အရှေ့တောင်ဘက် ဒေသများကပင် ကြားရသည်ဟု ဒေသခံများက ပြောဆိုကြောင်းလည်း ၎င်းက ပြောသည်။

ထိုပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှု မည်မျှရှိသည်ကို မသိရသေးပေ။

ယခုအခါ မိုင်းဆတ်မြို့သို့ ၀င်ရောက်လာသည့် ကားများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေပြီး လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း၊ ဒေသခံ ပြည်သူ့စစ်များကိုလည်း တပ်လှန့်ထားကြောင်း ဦးစိန်ကြည်က ဆက်လက် ပြောဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာမှာ မိုင်းဆတ်-မိုင်းတုံ ကားလမ်း တောင်ဘက်ခြမ်း၊ ခမရ ၅၂၇ နှင့် အမြောက်တပ် အကြားတွင် ဖြစ်သည်။

ယခု ပေါက်ကွဲမှု ဖြစ်ပွားချိန်သည် တြိဂံ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး မိုင်းဆတ်မြို့မှ မိုင်းတုံမြို့သို့ ထွက်ခွာပြီး မကြာမီတွင် ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှလည်း ပြောသည်။

စကခ(၁၄) ကို ယခင်တပ်မမှူး ဗိုလ်မှူးချုပ် ကျော်စိုးဝင်းက တာဝန်ယူ အုပ်ချုပ်ခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းကမှ စကခ မှူး အသစ်ဖြင့် အစားထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ဖြစ်ပွားခဲ့သည့် စစ်တပ်အတွင်း ရာထူး အပြောင်းအရွှေ့များ အပြီးတွင် အဆိုပါ မိုင်းဆတ် အခြေ စိုက် စကခ (၁၄)ရှိ တပ်များကို အသင့်အနေထား ရှိစေရမည်ဟူသော တပ်လှန့်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း စစ်တပ်နှင့် နီးစပ် သည့် အသိုင်းအ၀န်းက ပြောဆိုကြသည်။

စကခ(၁၄) အခြေစိုက်သည့် နယ်မြေသည် စစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ဖိအားပေးထားသည့် လူမျိုးစု လက်နက်ကိုင် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) ၏ တပ်မဟာ ၁၇၁ နှင့် မျက်နှာခြင်းဆိုင် အနေအထားတွင် ရှိကြောင်း သိရသည်။