အနုပညာရှင် ၁၀ ဦး အမေရိကန်ဗီဇာ ရုပ်သိမ်းခံရ

E-mail Print
မြန်မာစစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး ဇာတ်ကား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင်ပါဝင်သည့် ၀ိုင်းဆုခိုင်သိန်းနှင့် အနုပညာရှင် ၉ ဦးအား ပထမဆုံး အကြိမ် အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ဗီဇာပြန်ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

wskt-us-octဘုန်းကြီးကျောင်း ရန်ပုံငွေပွဲအတွက် အနုပညာရှင်များ ဖျော်ဖြေရန် ရောက်ရှိနေသော သြဂုတ်လမှ စတင်ကာ အမေရိကန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက စတင်ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါဖျော်ဖြေရေး ခရီးစဉ်တွင် မင်းမော်ကွန်း၊ ရဲလေး၊ စိုးစိုး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းဆုခိုင်သိန်း၊ L ဆိုင်းဇီ၊ ရေဘက္ကာဝင်း တို့ပါဝင်သည်။

အမေရိကန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် မြန်မာပြည်သူများ အကြား စိတ်ဝမ်းကွဲမှုများ ဖြစ်မလာစေရန်  အနုပညာရှင်များအား ဗီဇာအာမခံပေးမှု ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံ Bamar Nippon American Buddish အသင်း ဥက္ကဋ္ဌ ဆရာတော် ဦးဣဿရိယက ပြောသည်။

“ဘုန်းကြီးကျောင်းတကျောင်း ရန်ပုံငွေအတွက် အနုပညာရှင်တွေကို ခေါ်ချင်တယ်၊ ဘုန်းဘုန်း အသင်းကနေ စပွန်ဆာလုပ်ပြီး ခေါ်ပေးပါလို့ အကြိမ်ကြိမ် အကူအညီတောင်းတာကြောင့် အသင်းက လူတွေနဲ့ တိုင်ပင်ပြီး စပွန်ဆာအတွက် လက်မှတ် ထိုးပေးခဲ့တယ်။ ဘုန်းဘုန်းတို့ အသင်းကို အလှူငွေ ဒေါ်လာ ၄၆၀၀ ထည့်ပြီးနောက် ပွဲနဲ့ပတ်သက်ပြီး ဘယ်မှာလုပ်မယ်တို့၊ ဘယ်သူ တွေပါတယ်၊ ဘယ်လောက်ရတယ်ဆိုတာ ဘာမှ မပြောသလို၊ ဘာမှလည်းမသိရခဲ့ဘူး” ဟု ဆရာတော်က မိန့်သည်။

ဆက်လက်၍ ဆရာတော်က ရောက်ရှိလာသော အနုပညာရှင်များထဲတွင် ဝါဒဖြန့်ကားထဲ၌ ပါဝင်သရုပ်ဆောင်ထားသည့် ဝိုင်းဆုခိုင်သိန်းပါဝင်သည့်အတွက် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်လာကြောင်း၊ ပွဲစီစဉ်သူများကလည်း ဆန္ဒပြပွဲကို ဂရုမစိုက်ဘဲ ပွဲကိုသာဆက်လုပ်ရန် စီစဉ်ကြကြောင်း၊ ထို့ကြောင့် အခြေအနေမှာ တင်းမာသည်ထက် တင်းမာလာကြောင်း မိန့်ဆိုသည်။

“ဘုန်းဘုန်းက အာမခံပြီး ခေါ်ထားတော့ အနုပညာရှင်တွေ တခုခုဖြစ်သွားရင် မကောင်းဘူးဆိုပြီး ပွဲစီစဉ်တဲ့ သူတွေနဲ့ရော အနုပညာရှင်တွေနဲ့ပါ ညှိတာ မရဘူး။ အဲဒီတော့ ဘုန်းဘုန်းဘက်ကလည်း သူတို့ကို ပြောထားတဲ့အတိုင်း ဆက်လုပ်ရင် ဗီဇာအတွက် အာမခံပေးတာ မလုပ်နိုင်တော့ဘူး ဆိုပြီး ရုပ်သိမ်းလိုက်တာ” ဟု ဆရာတော်က ရှင်းပြသည်။

ဇူလိုင် ၁၂ ရက်နေ့မှ စတင်ခွင့်ပြုခဲ့သည့် ဗီဇာကို အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ရုပ်သိမ်းလိုက်သည်ဟု အမေရိကန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများထဲမှ တရားဥပဒေ လမ်းကြောင်းအရ အနုပညာရှင်များ၏ ဗီဇာရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သူ ကိုညီညီအောာင်ကလည်း “အမေရိကန်မှာလည်း လွှတ်တော်က အာဏာရှင်နဲ့ သူ့အသိုင်းအဝန်း၊ ပတ်ဝန်းကျင်၊ ဒေါက်တိုင်တွေကို ဗီဇာမပေးဘူးဆိုတဲ့ ဥပဒေရှိထားတော့ ဒီအချက်ကို ထောက်ပြပြီး မြန်မာပြည်မှာရှိတဲ့ အမေရိကန်သံရုံးကို လှမ်းပြီး ဗီဇာမပေးဖို့ စာပို့လိုက်တယ်။ ဒါပေမယ့် ဗီဇာက ထုတ်ပေးလိုက်ပြီ ဆိုတော့ တားမရတော့ဘူး။ အမေရိကား ရောက်လာတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ဒီမှာ ထပ်ပြောတယ်။ ဇာတ်ကားထဲမှာ ပါတဲ့ လူတွေထွက်ပေးပါ။ ကျန်တဲ့ လူတွေကတော့ သူတို့ အနုပညာ ဆက်လုပ်ပါလို့ ဆိုပြီး မေတ္တာရပ်ခံချက်တွေ၊ ဆွေးနွေးချက်တွေ လုပ်တယ်။ ဒါပေမယ့် မရဘူး။ ဒါနဲ့ ဥပဒေကြောင်းအရ ချဉ်းကပ်ပြီး တောင်းဆိုတော့ စပွန်ဆာပေးတဲ့ အဖွဲ့က ပြန်သိမ်းတာ” ဟု ဆိုသည်။

သွားရောက်ဖျော်ဖြေသည့် အနုပညာရှင်များသည် လေယာဉ်လက်မှတ် အစီအစဉ်အရ ၅ ယောက် တအုပ်စု ပြန်ရသောကြောင့် အဆိုတော် ရဲလေးမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

မင်းမော်ကွန်း၏ ဇနီး မသဉ္ဇာလှိုင်ကလည်း “အစ်မလည်း အင်တာနက်မှာ ဒီသတင်းတွေဖတ်ရတယ်။ အမျိုးသားနဲ့ ဖုန်းရတော့ မေးကြည့်တဲ့အခါ ဒီလို ဗီဇာတွေ ရုပ်သိမ်း ခံရတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောတယ်။ အမျိုးသားက နောက်တသုတ် ၁၂ ရက်နေ့မှ ပြန်ဖြစ်မယ် ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်းဂျာနယ် လောကတွင်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍  အနုပညာရှင်များအား ဆက်သွယ် မေးမြန်းကြကြောင်း  အနုပညာဂျာနယ် သတင်းထောက်တဦးက ဆိုသည်။

“နဂိုကတည်းက သူတို့ ရထားတဲ့ဗီဇာ အချိန်နဲ့ ပြန်ရမယ့်ရက်က သတ်မှတ်ပြီးသား။ ဗီဇာ ရုပ်သိမ်းလိုက်တာ အောက်တိုဘာ ၈ ရက်နေ့ဆို သူတို့က ပြန်ဖို့ ၁၁ ရက်နေ့ စီစဉ်ထားတာဆိုတော့ ဗီဇာ ရုပ်လည်းဘာမှ မဖြစ်ဘူးဆိုတဲ့ သဘောမျိုး ဖျော်ဖြေပွဲက ပြန်လာတဲ့ အဆိုတော် တယောက်က ပြောတယ်။ အမေရိကားမှာတော့ ၀ိုင်းဆုကြောင့် ပြဿနာတွေ တော်တော် ရှုပ်သွားတယ်လို့ ပြောတယ်” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဝါဒဖြန့်ဇာတ်ကားတွင် ဝိုင်းဆုခိုင်သိန်းအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီမောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားသည်။

အဆိုပါ ၀ါဒဖြန့်ချိရေး ဇာတ်ကား၌ ဦးသန့်အရေးခင်းကို ဆူပူချင်သူများက အကြောင်းပြကာ ဆူပူချင်း သက်သက် ဖြစ်သည် ဟူ၍လည်းကောင်း၊ ပြည်ပအခြေစိုက် မီဒီယာများမှ ထုတ်ဝေသော စာအုပ်၊ စာတမ်းများကို တရားမဝင် စာအုပ်များဟုဆိုပြီး မီးရှို့ရန်သာ ထိုက်တန်သည် ဟူ၍ပြောကာ မီးရှို့ပြခြင်းဖြင့် လည်းကောင်း၊ ခုံဖိနပ်စီး၍ ပင်နီအင်္ကျီ ဝတ်သူများကိုလည်း ပစ္စည်းမဲ့လူတန်းစား ဟူ၍လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံရေးသမားများသည် အာဏာရချင်လွန်းသဖြင့် မိမိတို့၏ နှမကိုပင် လာဘ်ထိုးသည်ဟူ၍ လည်းကောင်း ရိုက်ကူး ပြသထားသည်။

ဇာတ်ကား တရားဝင်ပြသသည့်အချိန် ကတည်းက မြန်မာပရိသတ်များထံမှ သမိုင်းကို ပြင်ဆင်၍ ရိုက်ကူးသည့်အတွက် ဝေဖန်မှုများ ရှိသည့်အပြင်၊ ပြည်ပရောက် မြန်မာများထံမှ မိမိနိုင်ငံ၏ သမိုင်းကြောင်းကို မသိနားမလည်ဘဲ ငွေကြေးကြောင့် ရိုက်ကူးသည် ဆိုကာ ဝေဖန်သံများ အနုပညာအသိုင်းအ၀န်းတွင် ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ စာရေးဆရာ တင်သန်းဦးက ရိုက်ကူးထားခြင်းဖြစ်၍ ၎င်းက သမိုင်းကို ပြောင်းပြန်လှန် ရိုက်ကူးခြင်း မဟုတ်ကြောင်း၊ တာဝန်ယူကြောင်း The Voice ဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်