အုန်းဖျန်တွင် ဒုက္ခသည်စာရင်း ကောက်ခိုင်း

Monday, 22 August 2011 18:19
Print
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ အုန်းဖျန် ဒုက္ခသည် စခန်းတွင် မြန်မာနိုင်ငံပြန်လိုသူ အပါအဝင် လူဦးရေစာရင်းများ ကောက်ခံပေးရန် ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ် အတွင်း ညွှန်ကြားထားကြောင်း သိရသည်။

Aum-Phan-Refugee-Camp-tgတတိယနိုင်ငံသို့ အခြေချနေထိုင်ရန် ရောက်ရှိသွားသူ၊ လတ်တလောတွင် တတိယနိုင်ငံသွားရန် စာရင်းတင်ထားသူ၊ စခန်းတွင် ဆက်လက်နေထိုင်လိုသူနှင့် မြန်မာနိုင်ငံ ပြန်လိုသူတို့၏ စာရင်းများကို ထိုင်းအာဏာပိုင်များက ကောက်ယူခိုင်းခြင်းဖြစ်ကြောင်း လူ ၂ သောင်းကျော်ရှိသည့် အုန်းဖျံ ဒုက္ခသည်စခန်းမှ ဥက္ကဋ္ဌ ဦးစောဝါးထီးက ဧရာဝတီသို့ ပြောသည်။

“တိုက်တိုက်ဆိုင်ဆိုင် လက်ရှိ မြန်မာပြည် အစိုးရက ဒီလိုမျိုး ဖိတ်ခေါ်တဲ့အပေါ်မှာ ထိုင်းအစိုးရက ပိုပြီးတော့ ဒီ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ အတွက်ကတော့ စိတ်ဝင်စားမှု ပိုများလာမယ်လို့ ထင်တယ်” ဟု ဦးစောဝါးထီးက ဆက်ပြောသည်။

ပြည်တွင်းပြန်ဝင်ရေးကို နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့များနှင့် တွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်းချိန်နှင့် တိုက်ဆိုင်နေသည်။

ထိုညွှန်ကြားချက်နှင့် ပတ်သက်၍ ယနေ့အထိ အကျိုးအကြောင်း တစုံတရာ တိတိကျကျ မသိရှိရသေးဘဲ စခန်းအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံမှသာလျှင် သိရမည်ဟု ဦးစောဝါးထီးက ဆိုသည်။ 

ဤသို့ ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းတာဝန်ရှိသူများ၏ ညွှန်ကြားချက် ရောက်ရှိနေသော်လည်း ထိုင်းအစိုးရအနေဖြင့် စခန်းများကို ပိတ်၍ ဒုက္ခသည်များကို နေရပ်ပြန်ပို့မည့် ဆုံးဖြတ်ချက် မရှိသေးကြောင်း သိရသည်။

အလားတူ စာရင်းကောက်ယူခိုင်းမှုမျိုးကို ပြီးခဲ့သည့် နှစ်ကလည်း မယ်လဒုက္ခသည် စခန်းတွင် ပြုလုပ်ခိုင်းခဲ့သေးကြောင်း ယင်းစခန်း ဥက္ကဋ္ဌ ဦးစောထွန်းထွန်းက ပြောသည်။

“ကျနော်တို့ကို မနှစ်က ခိုင်းခဲ့တယ်။ လုံးဝ ငြင်းဆန်ခဲ့တယ်။ လုပ်တယ်ဆိုရင် ကျနော်တို့အနေနဲ့ အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်သလို ဖြစ်သွားမှာစိုးလို့ အကြောင်းပြပြီးတော့ ကျနော်တို့ မလုပ်ခဲ့ဘူး” ဟု ဦးစောထွန်းထွန်းက ဆိုသည်။

ယခုတကြိမ်တွင်မူ မယ်လဒုက္ခသည်စခန်း၌ ယခုကဲ့သို့ စာရင်းကောက်ရန် ညွှန်ကြားချက် မရှိသေးကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်များသည် ၁၉၈၃ မှစတင်၍ မြန်မာအစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်၌ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည် စခန်း ၇ ခုနှင့် ကရင်နီစခန်း အမှတ် (၁)၊ ကရင်နီစခန်း အမှတ် (၂) အပါအ၀င် ဒုက္ခသည် စခန်းပေါင်း ၉ ခု ရှိပြီး ဒုက္ခသည် တသိန်း ခြောက်သောင်းခန့် ရှိကြောင်း သိရသည်။

ဦးစောဝါးထီးက “စခန်းသားတွေက ဒီသတင်းကြားလည်းပဲ စိတ်မချမ်းသာဘူး။ ဟိုသတင်းထွက်လာလည်းပဲ ယုံရမလိုလို၊ ဒီသတင်းထွက်လာလည်း ယုံရမလိုလိုနဲ့ စိတ်ချမ်းသာမှုဆိုတာ ကျနော်တို့ ဒုက္ခသည်ဘ၀မှာ မရှိဘူးထင်တယ်” ဟု ပြောသည်။