အလုပ်သမားများ ရပိုင်ခွင့်တောင်းဆို

Friday, 10 April 2009 17:32
Print
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ (Hyatt knitwear) သိုးမွေး စက်ရုံတွင် အလုပ် လုပ်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ရှင်က ယခုလ ၃ ရက်နေ့တွင်  ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်သည့်အတွက် ရထိုက်သောအလုပ်သမား အခွင့်အရေးကို တောင်းဆိုသွားမည်ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။  

အဆိုပါ သိုးမွေးစက်ရုံမှ အလုပ်သမား ကိုသီဟ၀င်းက“ကျနော်တို့အနေနဲ့ ထိုင်းအလုပ်သမား ကာကွယ် ရေးရုံးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လေ၊ ကျနော်တို့အလုပ်သမား စည်းကမ်းစာအုပ်ထဲမှာ လဲရေးထားတယ်၊ အလုပ်သမားနစ်နာကြေး ရဖို့အတွက်တောင်းဆိုသွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။   

ယင်းသို့ အလုပ်ထုတ်ရခြင်းနှင့် ပတ်သက်ပြီး အလုပ်ရှင်က စီးပွားရေးကျဆင်းနေပြီး အထည်များ အမှာ မရရှိ တော့သဖြင့် ပိတ်လိုက်ကြောင်း စက်ရုံရှေ့တွင် စာကပ်ထားသည်ဟု ၄င်းက ဆိုသည်။  

အဆိုပါ အလုပ်ရုံ၏ အလုပ်သမားငှားရမ်းသည့် စာချုပ်မှ ဖော်ပြထားချက်အရ အလုပ်ရှင်သည် အပြစ်မရှိသော အလုပ်သမားများကို အလုပ်ထုတ်ပါက အလုပ်သမားထံ တလ ကြိုတင်အကြောင်းကြားရမှာ ဖြစ်ပြီး အနည်း ဆုံးလုပ်အားခ တလစာကိုလည်း ပေးရမည်ဖြစ်ကြောင်း ပါရှိသည်။  

မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုထွေးနိုင်က အလုပ်သမားများ လုပ်ခဲ့သည့် နောက်ဆုံး လုပ်အားခများနှင့် နစ်နာကြေးများရရန်အတွက် ကူညီပေးသွားမည်ဟု ဆိုသည်။

“အလုပ်သမားတွေက တောင်းဆိုမယ့်စာတွေကို ရေးနေကြတယ်၊ အခုလောလောဆယ်တော့ အလုပ်သမား အယောက် ၉၀ လောက်ပြီးသွားပြီး၊ ကျန်တဲ့လူတွေကတော့ ကျန်နေသေးတယ်၊ ဒီသင်္ကြန်ပြီးရင်တော့ ကျနော်တို့ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ထိုင်းတရားရုံးကို တင်မယ်”ဟု ကိုထွေးနိုင်က ပြောသည်။

တရားဝင် ဥပဒေ ပြဌာန်းချက်အရ တာ့ခ်ခရိုင် အတွင်းရှိ အလုပ်သမားနေ့စဉ် လုပ်အားခ ၁၅၁ ဘတ်၊ အချိန်ပို ကြေး ၁ နာရီလျှင် ၂၈ ဘတ်အထိ သတ်မှတ်ပြဌာန်းထားသည်။  

သို့သော်နေ့စဉ် လုပ်အားခ အဖြစ် ၆၀ မှ ၇၀ အထိ သာရရှိပြီး အလုပ်သမား တဦးတွင် နေ့စဉ်အလုပ်ချိန် နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိဖြစ်ပြီး အချိန်ပို ၆ နာရီမှ ၁၂ နာရီ အထိ ဆင်းရကြောင်း အလုပ်သမားများ အဆို အရ သိရှိရသည်။

မဲဆောက်မြို့ရှိ မြန်မာလုပ်သားများသည် အဓိကအားဖြင့် သိုးမွေး စက်ရုံ၊ အထည်ချူပ် စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ရာသီအလိုက် လုပ်ကိုင်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျပန်း စသည့် လုပ်ငန်းများတွင် လုပ်ကိုင်ကြရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားပေါင်း တရားဝင် မှတ်ပုံတင်ထားသူနှင့် တရားမဝင် နေထိုင်သူဦးရေ ခန့်မှန်းခြေ ၂ သန်း နီးပါးရှိသည်ဟု အလုပ်သမားရေးရာ ဆောင်ရွက်သူများက ဆို သည်။