လောင်းလှေနှင့် ပျော်သည့် ရခိုင်သင်္ကြန်

ဒီနှစ် သင်္ကြန်ကိုလည်း စင်ကာပူမှာပဲ ကျရဖို့ ရှိနေသည်။ ခင်ခင်ဖြိုး၏ အတွေးများသည် စင်ကာပူမှ ရန်ကုန်၊ ရန်ကုန်မှ စစ်တွေသို့ ပြန်ရောက် သွားသည်။

ရခိုင်ပြည်နယ် စစ်တွေမှာ မွေးဖွားကြီးပြင်း၊ ရန်ကုန်သို့ လာ၍ ပညာသင်၊ အခုတော့ စင်္ကာပူတွင် အလုပ်လုပ်နေရသော ခင်ခင်ဖြိုးတယောက် ဘယ်ကိုပင်ရောက်ရောက် ရခိုင်သင်္ကြန်၊ စစ်တွေသင်္ကြန်ကိုတော့ မမေ့နိုင်ပြီ။

ရခိုင်သင်္ကြန်သည် မြန်မာသင်္ကြန်နှင့် ဓလေ့ထုံးစံ ကွဲပြားမှု ရှိသည်။ သင်္ကြန်ကျသည့် ပြက္ခဒိန်ရက်ကတော့ အတူတူပင်ဖြစ်သည်။

ရခိုင်ဓလေ့က သင်္ကြန် အကြိုနေ့ ညနေ ပိုင်းတွင် နံ့သာသွေးပြီး ဘုန်းကြီးကျောင်း၊ ဘုရားများသို့ သွားကာ ရေသပ္ပာယ်သည်။ နံ့သာဖြူ၊ နံ့သာနီကို သွေးပြီး ရေတွင်ထည့်ကာ ဘုရားကို ရေသပ္ပာယ်ခြင်း ဖြစ်သည်။ နံ့သာ သွေးရာတွင် အမျိုးသမီးများ မျက်နှာချင်းဆိုင် ထိုင်၍ အပြိုင် အဆိုင် သွေးကြသည် များလည်း ရှိသည်။ ရေသပ္ပာယ်ရန် ဘုရားသို့ အသွား ကလေးများကို  “ရေမလောင်းနဲ့ဦး” ဟု တားရတာ ခင်ခင်ဖြိုး မှတ်မိသေးသည်။  

စစ်တွေတွင် ထောက်-သာ-နာ ဟူသော လူငယ်တွေ ဖွဲ့ထားသည့် အဖွဲ့ရှိသည်။ ထောက်-သာ-နာ ဆိုသည်မှာ “တက္ကသိုလ် ပညာသင် ထောက်ပံ့ရေးနှင့် သာရေး၊ နာရေး အသင်း” ကို အတိုကောက် ခေါ်ခြင်းဖြစ်သည်။ အသင်းဝင်လူငယ်တွေက ရိုးရာ ဝတ်စုံဝတ်ကာ ဆံထုံးတွေနှင့် ဆင်ယင်ပြီး ဘုရားရေသပ္ပာယ်ဖို့ သွားကြသည်။

မြန်မာတို့ သင်္ကြန်တွင်း မုန့်လုပ်ကြသလို ရခိုင်မှာလည်း မုန့်လုပ်ကြသည်။ အများအားဖြင့် ဆတ်နှံလုပ်တတ်ကြသည်။ ဆတ်နှံဟု ခေါ်သော အစေ့တမျိုးကို ရေစိမ်ပြီး ကြိုရသည်။ အုန်းသီး၊ အုန်းနို့၊ စပျစ်သီးခြောက်၊ မြေပဲဆံလည်း ထည့်ရသည်။ တချို့က သာကူစေ့ပါ ရောထည့်သည်။ အတက်နေ့တွင် မွေးနေ့ကြုံသူရှိပါက အိမ်တွင် မုန့်လုပ်ရသည်။ မုန့်လုပ်ပြီး ရပ်ကွက်ထဲမှာ လိုက်ဝေသည်။

ဘာသာရေး အနေနှင့်က လူကြီးသူမတွေ ဘုန်းကြီးကျောင်းသို့ သွားပြီး သီတင်းသီလ ဆောက်တည်ကြသည်။ သင်္ကြန်တွင်းဆိုလျှင် ဘုန်းကြီးကျောင်းတွင် အလှူတွေလည်း ရှိသည်။

နှစ်ဆန်း ၁ ရက်နေ့မှာတော့ ရပ်ကွက်တိုင်းတွင် သက်ကြီးပူဇော်ပွဲ ရှိသည်။ စည်နှင့် သက်ကြီးပူဇော် အကကို ကကြသည်။ တီးဝိုင်းနောက်တွင် ကလေးတွေ တရုန်းရုန်းနှင့်။ စုရပ်တွင် သက်ကြီးပူဇော်ပွဲ လုပ်ကြမြဲ။

ခင်ခင်ဖြိုး၏ အတွေးသည် ရန်ကုန်သင်္ကြန်သို့ ရောက်သွားသည်။ ရန်ကုန်သင်္ကြန်ကို ၁၉၉၇ ခုနှစ်တွင် စကြုံဖူးသည်။ ရေသဘင် မဏ္ဍပ်ရောက်ဖို့ ကားတွေ တန်းစီနေရတာကို ပျင်းစရာကြီးဟု ထင်မိသည်။ နောက်တနှစ် ၁၉၉၈ တွင် စစ်တွေ
သင်္ကြန် ပြန်ရောက်တော့ ကိုယ့်ဒေသမှ သင်္ကြန်က ပိုစည်တာကို သတိထားမိသည်။

ရန်ကုန် တွင်လည်း ရခိုင်သားတို့ စုဝေးသည့် ဆုံရပ်ရှိသည်။ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ရခိုင် ဓမ္မာရုံတွင် ဖြစ်သည်။ သင်္ကြန်ရေ မပက်ကြမီ နံ့သာသွေးပြီး ရေသပ္ပာယ် ကြသည်။ ဓမ္မာရုံတွင် အလှူ အတန်းလည်း ရှိတတ်သည်။

ရခိုင်ရိုးရာ အတိုင်း နံ့သာသွေးခြင်း၊ ရေသပ္ပာယ်ခြင်း၊ ရိုးရာ အကပဒေသာ တို့နှင့် သင်္ကြန်ရက် တလျှောက်လုံး ကန်တော်ကြီးနံဘေး သိမ်ဖြူ ကားမောင်းသင်ကွင်းတွင် ကျင်းပလေ့ရှိသည်။

ရခိုင်မှာ ရေပက်လျှင် လောင်းလှေကြီးထဲ ထည့်ပြီး ပက်ကြသည်။ မဏ္ဍပ်ရှေ့တွင် လောင်းလှေကြီးကို ချထားပြီး လှောင်းလှေထဲမှ ခပ်ကာ ပက်ကြသည်။ သင်္ကြန်မဏ္ဍပ်တွင်းမှ ရေပက်ခံ မိန်းကလေးများနှင့် ရေလာလောင်းသူ လူပျိုများသည် လှေထဲမှ ရေများကို ရေဖလားနှင့် အပြိုင်အဆိုင် မျက်နှာချင်းဆိုင် လောင်းရာတွင် တဖက်မှ ပက်သည့် ရေဒဏ်ကို မခံနိုင်၍  မျက်နှာကို လက်ဖြင့် သုတ်မိလျှင်၊ ပွတ်မိလျှင် အရှုံးပေးရသည်။ ရေပက်ခံ မိန်းကလေးများက မဏ္ဍပ်တွင် ဒိုင်ခံရှိနေပြီး ရေလာလောင်းသည့် ကာလသားလူပျိုများက မိမိအလှည့်ကို စောင့်ဆိုင်းကာ လောင်းကြရသည်။  

ရေဝယ်လောင်းရသည့် ဓလေ့လည်း ရှိသေးသည်။ စစ်တွေမှာ မဏ္ဍပ်ထိုးလျှင် မဏ္ဍပ်တိုင်း၌ မဏ္ဍပ်ရှင်၊ မဏ္ဍပ် အုပ်ထိန်းသူ  ရှိသည်။ အမျိုးသမီးကြီးတွေက တာဝန်ယူသည်။ မဏ္ဍပ်တခုမှ မိန်းကလေးတယောက်ကို မျက်စိကျသည်၊ ရေလောင်းချင်သည် ဆိုပါစို့၊ မဏ္ဍပ်ရှင် အမျိုးသမီးကြီးထံမှ ရေဝယ်ရသည်။

ခင်ခင်ဖြိုး မှတ်မိသလောက် ၂၀၀၈ လောက်က ရေတပုံးကို ၃၀၀ ကျပ်ပေးရသည်။ ဒါတောင် တခါတရံ မိန်းကလေးတွင် တခြား ဝယ်လောင်းသူများရှိ၍ မအားသေးပါက စောင့်ရသေးသည်။ ရေလောင်းရင်း စကားပြောခွင့်ရသည်။ မိန်းကလေး  ကလည်း ကိုယ့်ကို ရေပြန်ပက်သည်။ ဤသို့ ပက်ရင်းပင် နဖူးစာ ရွာလည်တတ်သေးသည်။

စစ်တွေ သင်္ကြန်မှာ ထူးတာ တခုရှိသေးသည်။ ကားပေါ်ကို ဆောင်းဘောက်စ်တွေတင်၊ သီချင်းတွေ မိုင်ကုန်ဖွင့်ကာ လှည့်ကြခြင်း ဖြစ်သည်။ ဆောင်းဘောက်စ်ကို ရေမဝင်အောင် ပလတ်စတစ်ဖြင့် သေချာပတ်ရသည်။

သင်္ကြန်သီချင်းတွေ မြန်မာလို ဖွဲ့ထားတာ ရှိသလို၊ ရခိုင် သင်္ကြန်သီချင်းတွေလည်း အများကြီးရှိသည်။

“သင်္ကြန်ခါ ရီလောင်းဖို့ အေမဏ္ဍပ်ကို ရွီးလို့ လာပါရေ … သြော် မရီးချေ … မရီးချေ … မောင်မောင်လူပျိုချေကို ရီတပုံးလောက် ပီးအုံးလတ်ပါလေ ...” ဆိုသည့် သင်္ကြန်သီချင်းကို ခင်ခင်ဖြိုး နားထဲ စွဲနေသေးသည်။ သင်္ကြန်ခါ ရေလောင်းဖို့ ဒီမဏ္ဍပ်ကို ရွေးလို့ လာပါတယ် ဟု ဆိုလိုသည်။ “မရီးချေ” ဆိုသည်မှာ မိန်းမပျိုလေး၊ “လူပျိုချေ” ဆိုသည်မှာ လူပျိုလေး ဖြစ်သည်။ “ရီတပုံး”ဆိုသည်ကတော့ ရေတပုံး ဖြစ်ပြီး “ပီးအုံးပါလတ်” ဆိုသည်က ပေးပါဦးလားဟု ဆိုလိုခြင်း ဖြစ်သည်။

ပျော်တတ်သူတချို့က ကိုယ့်မျက်နှာကိုယ် အိုးမည်းသုတ်ပြီး နွားလှည်းဖြင့် လှည့်သူလည်း ရှိသည်။ နွားလှည်းကိုလည်း အုန်းလက်များဖြင့် အလှဆင်သည်။ တချို့ ပြောင်ချော်ချော် လုပ်ချင်သူများက ကိုယ့်ဘာသာ အိုးမည်းသုတ်ပြီး နှဲကြီးမှုတ်ကာ အရပ်တကာ လည်သည်။

တချို့က ကိုယ့်အိမ်ရှေ့မှာတင် အုန်းလက်ဖြင့် မဏ္ဍပ်ထိုးသည်။ မိန်းကလေးတွေ အင်္ကျီဆင်တူ ဝတ်ပြီး လှည့်လာသည့် ကားများကို ရေပက်သည်။

မာန်အောင် ဘက်တွင်မူ ရေ စစ်ပွဲဟူ၍လည်း ရှိသေးသည်။ ရေနှင့် စစ်တိုက်ကြသည့်ပွဲ ဆိုပါစို့။ ထူးသည်က ဤပွဲကို သင်္ကြန်ရက်အတွင်း ကျင်းပသည်မဟုတ်၊ သင်္ကြန်အပြီး တပတ်ခန့် အကြာတွင်မှ ၃ ရက်ကြာမျှ ကျင်းပခြင်း ဖြစ်သည်။ ရပ်ကွက်များတွင် မဏ္ဍပ်တခုထိုးပြီး ရပ်ကွက် တခုနှင့် တခု မိန်းကလေး၊ ယောက်ျားလေး အပြန်အလှန်လည်၍ ပက်ကြခြင်း ဖြစ်သည်။ ရပ်ကွက်တခုမှ တခုသို့ လည်ရာတွင် အုပ်စုလိုက် ဗုံဝိုင်း၊ တီးဝိုင်းနှင့် သွားကြသည်။ ညှာညှာတာတာ ပက်သည်လည်း ရှိသည်။ ခပ်ကြမ်းကြမ်း ရေဖြင့် စစ်တိုက်သည်လည်း ရှိသည်။ ဒါက မာန်အောင်ဘက်က ဓလေ့ဖြစ်သည်။ 

စင်ကာပူရောက် ရခိုင်များ အဖို့တော့ ယခုနှစ်တွင်လည်း ထုံးစံအတိုင်း မဟာမုနိ ရခိုင်ဘုန်းကြီးကျောင်းသို့ သွားကာ နံ့သာဖြင့် ရေသပ္ပာယ်မည်။ ထို့နောက် မြန်မာပြည်သားများ ဆုံရပ် တိုးပါးရိုး ဘုန်းကြီးကျောင်းတွင် သင်္ကြန်ကျကြမည်။ ရခိုင်မုန့်တီ ကျွေးကြမည်။

ဤသည်ပင် ခင်ခင်ဖြိုး၏ စိတ်ထဲ တမျှင်တတန်း ပေါ်လာသော စစ်တွေ၊ ရန်ကုန်၊ စင်ကာပူ ရခိုင်သင်္ကြန် အတွေးမျှင်များပင် ဖြစ်သည်။

အမှတ်တရ အရှိဆုံး၊ အပျော်ဆုံး သင်္ကြန်ဟု ဆိုလျှင်တော့ ကိုယ့်ရပ်၊ ကိုယ့်မြေ စစ်တွေက ရခိုင်သင်္ကြန်ဟုပင် ပြောရ ပေလိမ့် မည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်